ပျောက်ဆုံးတပ်မတော်လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ

UPDATED on 4:04 PM

ရန်ကုန်၊ ဇွန် ၈

ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၁၀၀ ကျော်နှင့်အတူ ယမန်နေ့ကတည်းက ပျောက်ဆုံးခဲ့သည့် တပ်မတော်လေယာဉ်အား ဆက်လက်ရှာဖွေလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ အပျက်အစီးအချို့နှင့် သေဆုံးသူအချို့ကို ဆယ်ယူရရှိခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၈ နာရီ ၁၈ မိနစ်တွင် Y8 လေယာဉ်၏ အစိတ်အပိုင်းအချို့နှင့် ရုပ်အလောင်းအချို့အား ကျော်နီမော်ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့ အနောက်တောင်ဘက် ၂၂ မိုင်အကွာ ပင်လယ်ပြင်အတွင်း စတင်တွေ့ရှိခဲ့သည်ဟု တပ်မတော်က ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီးက အပျက်အစီးအချို့နှင့်အတူ အမျိုးသားရုပ်အလောင်းတစ်လောင်း၊ အမျိုးသမီးရုပ်အလောင်းတစ်လောင်းနှင့် ကလေးရုပ်အလောင်းတစ်လောင်းကို နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်နေသည့် ဒေသခံငါးဖမ်းစက်လှေများကလည်း ရုပ်အလောင်းခုနစ်လောင်းကို နံနက်ပိုင်းက ဆယ်ယူရရှိခဲ့သည်။

ထို့နောက် အဆိုပါလေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူပေါင်းအဖွဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့် အထိ အမျိုးသားရုပ်အလောင်း တစ်လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀ လောင်း၊ ကလေးရုပ်အလောင်း ရှစ်လောင်း၊ စုစုပေါင်း ရုပ်အလောင်း ၂၉ လောင်းအား ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါလေယာဉ်ပေါ်တွင် စစ်သည်နှင့် မိသားစု စုစုပေါင်း ၁၀၈ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၄ ဦးလိုက်ပါလာပြီး ကုန်တန်ချိန် ၂ ဒသမ ၄ တန် တင်ဆောင်လာသည်ဟု သိရသည်။ ထိုအထဲတွင် ကလေးငယ် ၁၅ ဦးလည်း ပါဝင်သည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာလာသည့် အဆိုပါလေယာဉ်သည် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက် ဆက်သွယ်မှုပြတ်တောက်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အဆက်အသွယ်ပြတ်တောက်ပြီးနောက် မွန်းလွဲ ၂ နာရီမှ စတင်ကာ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ တပ်မတော်(လေ)မှ လေယာဉ်နှင့် ရဟတ်ယာဉ်များအသုံးပြုကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သော်လည်း အပျက်အစီးများနှင့် သေဆုံးသူများကို ယနေ့နံနက်ပိုင်းမှ စတင်တွေ့ရှိခြင်းလည်း ဖြစ်သည်။

ယခုအခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ငါးဖမ်းစက်လှေများကပါ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်နေကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ပြောကြားသည်။

တွေ့ရှိထားသည့် ရုပ်အလောင်းများအား ဆိပ်ကပ်သို့ သယ်ဆောင်လာမည်ဖြစ်သည်ဟု ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

လေယာဉ်ပေါ်ပါသွားကြသူများ၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေများ၊ ကယ်ဆယ်ရေးလုပ်သားများနှင့် စစ်သားများအပါအဝင် လူရာပေါင်းများစွာက စမ်းလှမ်းကမ်းခြေတွင် စောင့်ဆိုင်းနေကြသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ကိုဝေလင်းအောင်က ၎င်း၏ အသက် ၅၀ နှစ်အရွယ် အမေဖြစ်သူမှာ မြိတ်မြို့အခြေစိုက် တပ်မတော်စခန်းမှ စစ်သည်တစ်ဦးနှင့် လက်ထပ်ထားသော သမီးဖြစ်သူထံမှ ပြန်လာခြင်းဖြစ်သည်ဟု ပြောကြားသည်။

“မိသားတစ်စုလုံး ဝမ်းနည်းနေကြတယ်။ အခုတော့ သတင်းကို စောင့်နေတယ်” ဟု စိုးရိမ်ပူပန်နေသည့် ၎င်းက တစ်ညလုံး အိပ်ရေးပျက်ထားသည့် အသံဖြင့် အေအက်ဖ်ပီထံ ပြောကြားသည်။

ထားဝယ်မြို့မှ အသက် ၄၄ နှစ်အရွယ် ကိုကျော်စွာမြင့်က “ကျွန်တော်ရဲ့ ညီမဝမ်းကွဲမိသားစု လေယာဉ်ပေါ်ပါသွားတယ်။ သူမရယ်၊ သူမအမျိုးသားရယ်၊ ကလေးရယ် ပါသွားတယ်” ဟု အေအက်ဖ်ပီကို ပြောကြားသည်။

“ရုပ်အလောင်း ၂၀ လောက်ကို ရဟတ်ယာဉ်နဲ့ ကမ်းပေါ်ကို သယ်လာနေပြီလို့ ကျွန်တော်တို့ ကြားလို့ စောင့်နေကြတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပင်လယ်ပြင်တွင်လှိုင်းထန်နေသောကြောင့် ရေယာဉ်များ ကမ်းမကပ်နိုင်သဖြင့် ရုပ်အလောင်းများကို လေကြောင်းမှသာ သယ်ယူရမည်ဟု တပ်မတော်အရာရှိတစ်ဦးက ပြောကြားသည်။

ယခုအချိန်မှာ မိုးဥတုဖြစ်သော်လည်း လေယာဉ်ပျောက်ဆုံးချိန်က လေယာဉ်လမ်းကြောင်းတစ်လျောက်တွင် ရာသီဥတုဆိုးရွားခြင်းမရှိဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက အေအက်ဖ်ပီကို ပြောကြားသည်။

ပျောက်ဆုံးသွားသည့် Y8 200 F အမျိုးအစား တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်၊ လေယာဉ်အမှတ် ၅၈၂၀ မှာ မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်း အသုံးပြုခဲ့ပြီးဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံထုတ် အဆိုပါလေယာဉ်များသည် စစ်ဘက်နှင့် အရပ်ဘက်သုံး ကုန်တင်လေယာဉ်အမျိုးအစားဖြစ်ကာ တာဘိုအင်ဂျင်လေးလုံး တပ်ဆင်ထားသည်။ လေယာဉ်ပေါ်တွင် စစ်သည် ၉၆ ဦး၊ သို့မဟုတ် လေထီးတပ်သား ၈၂ ဦးတင်ဆောင်နိုင်သလို ဒဏ်ရာရစစ်သည် ၆၀ ဦးအား ထမ်းစင်များဖြင့် တင်ဆောင်နိုင်သည်ဟု သိရသည်။

အဆိုပါလေယာဉ်အား မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် တရုတ်နိုင်ငံပိုင် China National Aero-Technology Import and Export က လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်ပြီး အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလေယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ထပ်တူထပ်မျှ ပူပန်ဝမ်းနည်းကြေကွဲရသည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

မတော်တဆမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စစ်ရေးချုပ်ရုံးမှ ထောက်ပံ့ငွေ ကျပ်ငါးသိန်း၊ တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ငွေ ကျပ်နှစ်သိန်း၊ စုစုပေါင်း တစ်ဦးလျှင် ကျပ် ခုနစ်သိန်းစီအား ကနဦးအနေဖြင့် ထောက်ပံ့ပေးအပ်ထားကာ ဆက်လက်ပြီး တပ်မတော်သား မိသားစုဝင်များအား ထောက်ပံ့ပေးအပ်သွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ထောက်ပံ့ငွေ ကျပ် ၃၆၆ သိန်းအား ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း- Frontier နှင့် အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar