“ပေါက်ကွဲသံကြားလို့ ငုံ့ကြည့်လိုက်တော့ ညာ ခြေမျက်စိနားက ပြတ်ပြီး မရှိတော့ဘူး”

မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းမှာ အသင်းဝင်အင်အား တစ်သောင်းကျော် ရှိတဲ့အနက် သုံးပုံတစ်ပုံလောက်ကတော့ မိုင်းထိထားသူတွေပဲ ဖြစ်ကြပါတယ်။

သီရိဟန် ရေးသားသည်။

တောင်ယာကအပြန် လမ်းတစ်နေရာမှာ သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့မယ်လို့ ကိုအောင်တစ်ယောက် ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာမှာနေတဲ့ ကိုအောင်ဟာ ၂၀၀၁ ခုနှစ်က နေ့တစ်နေ့မှာ ပုံမှန်အတိုင်း တောင်ယာမှာ အလုပ်လုပ်ပြီး ညနေခင်း ပြန်လာခဲ့တာပါ။ ဒါပေမဲ့ လမ်းမှာ မြေမြုပ်မိုင်းထိပြီး ညာဘက်ခြေထောက်ကို ဒူူးအောက်ကနေ ဖြတ်ခဲ့ရပါတယ်။

“အဲဒီနေ့က သူငယ်ချင်းသုံးယောက် တောင်ယာခုတ်ပြီး ပြန်လာကြတာ။ ပြန်လာရင်း မတ်တပ်နဲ့ အသံတော့ ကြားလိုက်တယ်။ ကျွန်တော့်ဘေးက သူငယ်ချင်းက မင်းအောက်ကို ငုံ့မကြည့်နဲ့လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော် ငုံ့ကြည့်လိုက်တယ်။ ညာ ခြေမျက်စိနားက ပြတ်ပြီး မရှိတော့ဘူး” လို့ သူက ပြန်ပြောင်း ပြောပြပါတယ်။ အခုတော့ သူဟာ ရန်ကုန်ဘူတာကြီးအနီး ပန်းဆိုးတန်းတံတားပေါ်က လူသွားလမ်းပေါ်မှာ တောင်းရမ်းပြီး အသက်မွေးနေရပါတယ်။ တောင်းရမ်းနေတဲ့အချိန်မှာတော့ သူဟာ ခြေတုကို တပ်ဆင်ထားခြင်းမရှိပဲ ဖြုတ်ပြီး ဘေးမှာ ချထားပါတယ်။ သူ့ရဲ့ ညာဘက်ခြေထောက်ဟာ ဒူးအောက်ကစပြီး မရှိတော့ပါဘူး။ ခြေမျက်စိက ပြတ်တယ်ဆိုပေမဲ့ အရိုးတွေ ကြေကုန်တာလို့ ဆိုပါတယ်။ သူ့အတွက် ခြေတုကိုတော့ အဖွဲ့အစည်းတစ်ခုက ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းလဲလို့ မေးတဲ့အခါ “မသိဘူး။ သေချာတော့ မပြောပြတတ်ဘူး။ ကျွန်တော့်ကို ခြေတု တပ်ပေးတယ်။ ခရီးစရိတ် တစ်ရက်ကို ကျပ် ၂,၀၀၀ ပြန်ပေးတယ်” လို့ ကိုအောင်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ အာဖကန် နစ္စတန်နဲ့ ကိုလံဘီယာနိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယမြောက် မြေမြှုပ်မိုင်း အများဆုံးရှိတဲ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

“နယ်စပ်တွေမှာ မြေမြုပ်မိုင်းတွေ အများဆုံး ရှိနေတယ်။ မွန်၊ ကရင်၊ ကချင်၊ ရှမ်း၊ တနင်္သာရီတိုင်းတွေမှာ မြေမြုပ်မိုင်း အများဆုံး ဖြစ်တယ်”  လို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးကိုကိုက ပြောပါတယ်။

“စစ်ပွဲတွေဖြစ်တဲ့အခါ တပ်မတော်ဘက်ကလည်း သူ့ဘက်မလာအောင် မြုပ်သလို တိုင်းရင်းသားလက်နက်ကိုင် ဘက်ကလည်း သူ့ဘက်မလာအောင် မြုပ်ကြတဲ့ အတိုင်းအတာမှာ ပြည်သူလူထု ထိတာများတယ်။ ရွာသားတွေ ထိတာ များတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ အလုပ်ရုံတွင် ခြေတုများ ထုတ်လုပ်နေစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ အလုပ်ရုံတွင် ခြေတုများ ထုတ်လုပ်နေစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ သန်းကျော်မှာ မသန်စွမ်းဦးရေ ၂,၃၀၀,၀၀၀ ကျော် ရှိနေပါတယ်။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (Myanmar Physically Handicapped Association)မှာတော့ အသင်းဝင်အင်အား တစ်သောင်းကျော် ရှိပါတယ်။ အသင်းဝင်တွေရဲ့သုံးပုံတစ်ပုံလောက်ကတော့ မိုင်းထိထားသူတွေပဲ ဖြစ်ကြပါတယ်။ တပ်မတော်ဘက်က မိုင်းထိသူတွေပါသလို တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း  ပါဝင်ကာ ရွာတွေက အရပ်သားတွေလည်း ပါဝင်ပါတယ်။

အသင်းအနေနဲ့ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေအတွက် အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ ခြေဖဝါး၊ ချိုင်းထောက်၊ ဘီးတပ်ကုလားထိုင်နဲ့ ခြေတုစတဲ့ ပစ္စည်းများကို ပြည်တွင်းဖြစ် ပစ္စည်းတွေ အသုံးပြုပြီး ထုတ်လုပ်ပေးနေပါတယ်။

အသင်းရဲ့ အလုပ်ရုံမှာ လုပ်ကိုင်နေတဲ့ အသက်၃၇ နှစ်အရွယ် ကိုကျော်မြင့်ဦးဟာလည်း မြေမြှုပ်မိုင်းထိပြီး ဘယ်ဘက်ခြေထောက် ဖြတ်ထားရတဲ့ တပ်မတော် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က ထိုင်း မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ ရှမ်းရွာသစ် ကမ်းခြေစခန်းသိမ်းတိုက်ပွဲမှာ ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။ မိုင်းထိထားတဲ့ အရာရှိကို သွားခေါ်ပြီး အပြန်မှာ သူကိုယ်တိုင် မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

“အဲဒီနေ့က တိုက်ပွဲပြီးလို့ မိုင်းတွေ ဆက်ဖော်တော့ ပဒေသာမိုင်း ဖြစ်နေတယ်။ ပဒေသာမိုင်းဆိုရင် တပ်ခွဲတစ်ခွဲလုံး သေမှာ” လို့ သူက ဆိုပါတယ်။

“တိုက်ပွဲပြီးလို့ ၁၀ မိနစ်လောက်ကြာတော့ ကျွန်တော့် ခြေထောက်ကို ကျွန်တော်ကြည့်တယ်။ ခြေထောက်ပြတ်သွားပြီ။ ခြေထောက်က အသားမရှိတော့ဘူး။ တဆတ်ဆတ် တုန်နေတယ်။ ဆေးတပ်သား ခေါ်တယ်။ ဆေးတပ်သား လာတယ်။ ကိုယ့်ဘာသာကိုယ်ပဲ အကြောပြန်ဖမ်းပေးရတယ်။ ကျွန်တော်တို့မှာ ပင်မသွေးကြောကြီး တစ်ကြောပဲ ရှိတာလေ။ အဲဒီသွေးကြောကြီးကို မမိရင် ကျွန်တော်သေမှာ။ ပြီးတော့ ခြေထောက်ကို တစ်ခါတည်း ခုတ်တယ်။ ရှေ့တန်းမှာပဲ ပြတ်သွားတဲ့ ခြေထောက်ကို ခုတ်တာ။ နာတယ်။ ထုံပြီး ကျင်ပြီး နာတယ်။ အဲဒီလို တော်တော်ခံစားရတယ်” လို့ သူက ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

တိုက်ပွဲကနေ နောက်တန်း ပြန်ရောက်တဲ့အချိန်မှာ ကြက်ဥကို မကျက်တကျက် ကြော်စားလိုက်တဲ့အတွက် ရိုးတွင်းခြင်ဆီ လိုက်သွားပြန်ပါတယ်။

“စဖြစ်တုန်းက ဒူးအောက်က ဖြစ်တာ။ ဒူးနားကပဲ ဖြတ်ရမှာ။ ဖြစ်ဖြစ်ချင်းကို ကြက်ဥကြော် သွားစားလိုက်တာ ရိုးတွင်းခြင်ဆီလိုက်ပြီး ပေါင်ရောက်သွားတယ်”  လို့ သူက ဆိုပါတယ်။

တပ်ထဲက ထွက်ပြီးနောက်မှာတော့ အသက်မွေးဝမ်းကြောင်းအနေနဲ့ “ဈေးရောင်းစားတယ်။ ကိုယ်နိုင်တာလေးတွေ စာအုပ်တွေ ရောင်းတယ်။ ရထားအချိန်ဇယားတို့၊ ပညာပေးစာအုပ်တို့။ ရာသီပေါ် ဆိုရင် အသီးတွေ ရောင်းတယ်။ ဒီလို ရာသီဆိုရင် သံပုရာသီးရောင်းတယ်။ အဲလို ရုန်းကန်တယ်” လို့ ကိုကျော်မြင့်ဦးက ပြောပါတယ်။

ခြေထောက်ပြတ်သွားတဲ့အတွက် သူ့ရဲ့ စိတ်ခံစားချက်က “တပ်ထဲမှာတုန်းက ခံစားချက် သိပ်မရှိဘူး။ သူလို ကိုယ်လို ပြတ်တာတွေက များနေတော့ ခံစားမှုမရှိဘူးလို့ ဆိုပါတယ်” လို့ ဆိုပါတယ်။

စစ်ထဲက ထွက်တဲ့အခါမှာတော့ အနည်းငယ် စိုးရိမ်စိတ် ရှိလာတယ်လို့ ဆိုပါတယ်။

“အပြင်ရောက်တော့ တစ်ခါရှိန်တယ်။ အလုပ်လုပ်တဲ့အခါကျတော့ ဈေးရောင်းလို့ရှိရင် ကိုယ့်ဆီက ဝယ်ပါ့မလားပေါ့။ ကိုယ်ရောင်းလို့ မဝယ်ဘူးဆိုရင်လည်း စိတ်ကမကောင်းဘူး။ နောက်ပိုင်းကျတော့ ကိုယ့်ဆီက ဝယ်တာများတော့ ခံစားမှု သိပ်မရှိတော့ဘူး။ မေ့သွားရော” လို့ သူက ဆိုပါတယ်။

သူဟာ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းရဲ့ အသင်းဝင်တစ်ယောက်ဖြစ်လာပြီး အသင်းရဲ့ အလုပ်ရုံမှာပဲ အလုပ်လုပ်နေရင်းနဲ့ အလုပ်အသွားအပြန်မှာ ထီလက်မှတ်ရောင်းတယ်လို့ ဆိုပါတယ်။

သူရဲ့ ခြေတုလေးကို ငုံ့ကြည့်ကာ ပြုံးပြီး ပြောလိုက်တဲ့ စကားကတော့ “သူက ကိုယ့်အတွက် ရည်းစားဆိုလည်း ဟုတ်တယ်။ ချစ်သူဆိုရင်လည်း မမှားဘူး” ဆိုတာပါပဲ

“သမိုင်းမှာနေတော့ မနက်ကို အိမ်က ၆ နာရီထွက်တယ်။ ၈ နာရီအထိကို လှည်းတန်းမှာ ရောင်းတယ်။ ၈ နာရီခွဲလောက်ဆို ရုံးကို လာတယ်။ ၉  နာရီကနေ ညနေ ၅ နာရီအထိ ရုံးမှာပဲ။ ညနေ ၅ နာရီကနေ ကိုယ်အိမ်ပြန်တဲ့ အချိန်အထိပေါ့။ နှစ်ချိန်ရောင်းတာပေါ့” လို့ ကိုကျော်မြင့်ဦးက ဆိုပါတယ်။

လက်ရှိ သူတပ်ဆင်ထားတဲ့ ခြေတုဟာ သုံးကြိမ်မြောက် လဲလှယ်ထားတဲ့ ခြေတုလည်း ဖြစ်ပါတယ်။

ခြေတုတစ်ချောင်းဟာ အနည်းဆုံး သုံးနှစ်လောက် သုံးရပါတယ်။ အဓိက အသုံးများတာက လမ်းလျှောက်တာ ဖြစ်တဲ့အတွက်  အများဆုံး ပျက်စီးလေ့ရှိတဲ့ အပိုင်းဟာလည်း ခြေဖဝါးပဲ ဖြစ်ပါတယ်။

“ခြေဖဝါးကိုတော့ အများဆုံး လဲပေးရတယ်။ ခြေတုမှာ delt ဆိုတဲ့ သိုင်းကြိုးလေးတွေ လဲပေးရတယ်။ ပြုပြင်ပေးရတယ်။ အကြမ်းဖျင်းပြောရရင် ခြေတုတစ်ချောင်းဟာ ကောင်းကောင်းသုံးလို့ ရပါတယ်” လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ International Committee of the Red Cross (ICRC)က အကြီးတန်း သတင်းပြန်ကြားရေးအရာရှိဖြစ်သူ ဦးမိုးမြင့်အောင်က ပြောပါတယ်။

ကလေးတွေအတွက်ကတော့ အထူး ထုတ်လုပ်ထားတဲ့ ခြေတုကို လဲလှယ်ပေးရပါတယ်။ ကလေးတွေဟာ အရပ်ရှည် ထွက်လာတဲ့အတွက် နဂိုခြေတုနဲ့ဆို ခြေထောက်က တစ်ဖက်တို တစ်ဖက်ရှည် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ကြီးထွားနှုန်းအရ ခြောက်လ တစ်ကြိမ် လဲလှယ်ပေးဖို့ လိုအပ်တာဖြစ်ပါတယ်။

ကိုယ်အင်္ဂါ မသန်စွမ်းသူတွေအတွက်  အထောက်အကူပြုပစ္စည်းတွေကို ထောက်ပံ့ကူညီတဲ့ စီမံချက်ကို ICRC ကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ကျိုက်ဝိုင်းဘုရားလမ်းတွင်ရှိသည့် အမျိုးသား ပြန်လည်သန်စွမ်းရေး ဆေးရုံကို အများဆုံး ကူညီပေးနေပြီး ခြေတု တပ်ဆင်ရမည့်သူများအတွက် ကျန်းမာရေးစင်တာများလည်း ရှိပါတယ်။ အဆိုပါ စင်တာတွေမှာ ငွေကြေးတစ်စုံတစ်ရာ ကုန်ကျတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“လုံးဝ အစအဆုံး အကုန်အခမဲ့ တပ်ပေးတယ်။ စင်တာကို လာရတဲ့စရိတ်၊ ပြန်ရတဲ့စရိတ် အကုန်ပြန်ပေးတယ်။ ခြေတု တပ်တယ်ဆိုတာလည်း ငါနဲ့ တော်တယ်ဆိုပြီး စွတ်ပြီး ပြန်သွားလို့မရဘူး။ အနည်းဆုံး နှစ်ပတ်၊ တချို့လည်း သုံးပတ် ကြာတယ်။ ခြေတုမတပ်ခင် လိုအပ်တာတွေ လုပ်ရတယ်။ လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ တစ်ဦးချင်း လိုအပ်ချက်အရ တိုင်းထွာပြီး လေ့ကျင့်ခန်းတွေလည်း လုပ်ပေးရတယ်။ လမ်းလျှောက် လေ့ကျင့်ခန်း၊ အမြင့်တက်တာတို့ ဘာတို့။ လူကောင်းပကတိလို သွားနိုင်အောင် လေ့ကျင့်ပေးရတယ်။ စင်တာမှာ လေ့ကျင့်နေချိန် အစအဆုံး နေဖို့ စားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ပါ အကုန်လုံး ထောက်ပံ့ပေးပါတယ်။ သူတို့အနေနဲ့ တစ်ပြားတစ်ချပ်မှ ကုန်စရာ မလိုပါဘူး။ ကလေးတွေအတွက်ဆိုလည်း အုပ်ထိန်းသူ လိုက်ပါခွင့်ရှိတယ်။ အုပ်ထိန်းသူအတွက်ပါ တစ်ခါတည်း ကုန်ကျစရိတ် ပြန်ပေးပါတယ်” လို့ ဦးမိုးမြင့်အောင်က ရှင်းပြပါတယ်။

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးအေးကိုကို။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးအေးကိုကို။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ICRC အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ စင်တာသုံးခု၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က စင်တာသုံးခု၊  စုစုပေါင်း စင်တာခြောက်ခုအထိ ဖွင့်လှစ်ပေးခဲ့ပါတယ်။ မင်္ဂလာဒုံ၊ ပြင်ဦးလွင်စတဲ့ စစ်ဆေးရုံသုံးခုမှာ ခြေပြတ်သွားတဲ့ လူနာတွေအတွက် အထောက်အကူပြုပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဦးမိုးမြင့်အောင်က ဆိုပါတယ်။ “အကြမ်းဖျင်းပြောမယ်ဆိုရင် ကျွန်တော်တို့ ခြေတု တပ်ပေးလိုက်တဲ့ ၄၀ ရာခိုင်နှုန်းဟာ စစ်ပွဲကြောင့် ဖြစ်သွားတဲ့သူတွေ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

ICRC ရဲ့ အဓိကရည်ရွယ်ချက်က စစ်ကိုအကြောင်းပြုပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေကို အကြောင်းပြုပြီး ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့သူတွေအတွက် အဓိကထားလို့ ဆိုပါတယ်။

“ဘယ်သူဘယ်ဝါရယ်လို့ အဆင့်အတန်း ခွဲခြားတာမရှိဘူး။ ခြေပြတ်တဲ့သူ ဘယ်သူမဆိုပဲ။ မြေမြုပ်မိုင်းနင်းမိလို့၊ သေနတ်မှန်လို့၊ ဗုံးမှန်လို့ဆိုတဲ့သူတွေကို ဦးစားပေးလေ့ ရှိတယ်။ ဒါ့အပြင် တခြားမတော်တဆမှုတွေကြောင့်ဖြစ်တဲ့ သူတွေလည်း ရှိတယ်။ ဥပမာ ရထားကြိတ်တာပဲ ဖြစ်ဖြစ်။ ဆိုင်ကယ်နဲ့ ကားတိုက်လို့ပဲ ဖြစ်ဖြစ်၊ ရောဂါကြောင့် ခြေထောက် ဖြတ်လိုက်ရတဲ့သူတွေလည်း ဖြစ်ဖြစ် တပ်ပေးပါတယ်” လို့ဦးမိုးမြင့်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမှာ အလုပ်ဝင်ဖြစ်တဲ့ ရည်ရွယ်ချက်ဟာ ခြေထောက်ပြတ်တဲ့သူ အချင်းချင်း စာနာထောက်ထားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောတဲ့ ကိုကျော်မြင့်ဦးကတော့ အခုအချိန်မှာ ဘဝကို နေသားတကျဖြစ်နေတဲ့ ပုံစံ ပေါ်လွင်နေပါတယ်။

သူရဲ့ ခြေတုလေးကို ငုံ့ကြည့်ကာ ပြုံးပြီး ပြောလိုက်တဲ့ စကားကတော့ “သူက ကိုယ့်အတွက် ရည်းစားဆိုလည်း ဟုတ်တယ်။ ချစ်သူဆိုရင်လည်း မမှားဘူး” ဆိုတာပါပဲ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar