ပိတ်ဆို့အရေးယူမှုများ လျှော့ပေါ့ဖွယ်ရှိဟု အမေရိကန် သံအမတ်ကြီး ပြောကြား၊ ရခိုင်ကိစ္စ မူလအတိုင်း ဆက်လက် ရပ်တည်

ရန်ကုန်၊ မေ ၁၀

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုများ ဖြစ်ထွန်းလာစေရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန် ချထားဆဲဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်သူ စကော့မာစီယယ်က ပြောကြားသည်။

သို့သော် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အမေရိကန်သံရုံး၏ မကြာမီက ထုတ်ပြန်ချက်နှင့် ပတ်သက်ကာ အငြင်းပွားဖွယ်များ ပေါ်ပေါက်ခဲ့မှုနှင့် ပတ်သက်ပြီးမူ ၎င်းက ရှောင်ကွင်းပြောကြားသွားခဲ့သည်။

ရန်ကုန်မြို့လယ်ရှိ အမေရိကန်စင်တာတွင် ပညာရှင်များ၊ လူမှုအသင်းအဖွဲ့ ခေါင်းဆောင်များနှင့် သတင်းထောက်အချို့အား တွေ့ဆုံ မိန့်ခွန်းပြာကြားစဉ် ၎င်းကပြောကြားခြင်း ဖြစ်သည်။ သမ္မတအိုဘားမားအစိုးရအဖွဲ့၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အဓိကဗိသုကာတစ်ဦး ဖြစ်သည်ဟု မှတ်ယူထားကြသည့် ယခင်သံအမတ်ကြီး ဒဲရစ်မစ်ချယ် ပြောကြားသွားသည့် ကတိကဝတ်များကိုလည်း စကော့မာစီယယ်က ထပ်ခါတလဲလဲ ထပ်မံပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ စီးပွားရေးအရေးယူ ပိတ်ဆို့ထားမှုများ ယခုလနှောင်းပိုင်းတွင် ပြန်လည်သုံးသပ်တော့မည့် အချိန်တွင် ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် အမေရိကန် တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများ တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံမှ လုပ်ဖော်ကိုင်ဖက် တာဝန်ရှိသူများထံ လူသိရှင်ကြား ထုတ်ပြန်ပြောကြားမှုများနှင့် သီးသန့် တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဟု အမေရိကန် သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ကျွန်တော်တို့ မြင်တွေ့လိုပါတယ်” ဟု သံအမတ်ကြီးက တက်ရောက်လာသူများကို ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ပြည်သူတွေဘက်က ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက မပြီးမြောက်သေးဘူးဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ အစိုးရသစ်က အရှေ့ကို တိုးသွားတဲ့ အဓိက ခြေလှမ်းကြီးတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်မှုများ မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုများ ရရှိစေရေးအတွက် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးသဘောတူညီချက် လိုအပ်သည်ကိုလည်း အသိအမှတ်ပြုပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်က အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် သီးသန့် ခွဲခြားထားသည့် စခန်းများတွင် ဒုက္ခသည် ၁၄၀,၀၀၀ ခန့် ဆက်လက် နေထိုင်နေကြရဆဲဖြစ်သည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီးလည်း သံအမတ်ကြီး၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရသစ်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သကဲ့သို့ လူအဖွဲ့အစည်း နှစ်ခုအတွင်း ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်ရန်လည်း အရေးကြီးသည်ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ယခင်လက လှေမှောက်မှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး သံရုံး၏ ကြေညာချက်တွင် ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သဖြင့် အမျိုးသားရေး လှုပ်ရှားသူအချို့က အမေရိကန်သံရုံးရှေ့တွင် ဧပြီလ နောက်ဆုံးပတ်က ဆန္ဒပြခဲ့ကြသည်။ ထို့ကြောင့် သံရုံးအား နေ့တစ်ဝက် ပိတ်ထားခဲ့ရသည်။ ဆန္ဒပြပွဲ၏ ခေါင်းဆောင်များက ရခိုင်ပြည်နယ်ရှိ အဆိုပါ လူ ၁ ဒသမ ၁ သန်းခန့်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံမှ တရားမဝင် ခိုးဝင်လာကြသူများသာ ဖြစ်ကြကာ မြန်မာတိုင်းရင်းသားအဖြစ် သမိုင်းအား လိမ်လည်ဟန်ဆောင်နေကြခြင်းဖြစ်သည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့ကြသည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းကို သုံးစွဲခြင်းမှ ရှောင်ကျဉ်ရန် အမေရိကန်သံရုံးအား ပြီးခဲ့သည့် ရက်သတ္တပတ်က တောင်းဆိုခဲ့သည်ဟူသည့် သတင်းများနှင့် ပတ်သက်ပြီး သံအမတ်ကြီးက ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း လူ့အသိုင်းအဝန်းများအနေဖြင့် မိမိစိတ်ကြိုက်အမည် မှည့်ခေါ်ခွင့်ကို အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုထားသည်ဟု ပြောကြားခဲ့သည်။

“ဘယ်လူ့အသိုက်အဝန်းအဆို သူတို့ကို ဘယ်လို ခေါ်ဝေါ်စေချင်သလဲဆိုတာကို သူတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိပါတယ်” ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။ သို့သော် သံအမတ်ကြီးက ၎င်း၏ မိန့်ခွန်းတွင် ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းအား ထည့်သွင်း သုံးစွဲသွားခြင်း မရှိပေ။

အရေးယူ ပိတ်ဆို့မှုများ ပြန်လည် သုံးသပ်ခြင်း

မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးအရ အရေးယူပိတ်ဆို့ထားမှုကို ပြန်လည်သုံးသပ်နေမှုနှင့် ပတ်သက်ပြီး ထွက်ပေါ်လာဖွယ်ရှိသည့် ရလဒ်နှင့် စပ်လျဉ်း၍ ၎င်းအနေဖြင့် ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း ပိတ်ဆို့အရေးယူမှုများက တစ်ခါတစ်ရံတွင် စီးပွားရေး ကဏ္ဍတစ်ခုလုံးအပေါ် မထင်မှတ်ထားသည့် သက်ရောက်မှုများ ရှိလာတတ်သည်ဟု သံအမတ်ကြီးက ဝန်ခံပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရတက်လာချိန်တွင် အမေရိကန်က ပိတ်ဆို့အရေးယူမှုအချို့ကို ဖယ်ရှားပေးခဲ့သည်။ သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၊ တပ်မတော်ခေါင်းဆောင်ဟောင်းများနှင့် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ အပေါ်တွင် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအချို့  ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

အမေရိကန်အစိုးရက ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် အမေရိကန် လုပ်ငန်းများက မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေရန် ရှောင်ကျဉ်သွားကြသော်လည်း အမေရိကန်အစိုးရသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ ဆက်လက်တိုးတက်လာအောင် ပိတ်ဆို့အရေးယူမှုများကို ဆက်လက်အသုံးပြုသွားမည်ဟု သံအမတ်ကြီးက ပြောကြားသည်။

“ပြန်လည်သုံးသပ်မှုကနေ ဘာရလဒ်ထွက်လာမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ မပြောနိုင်သေးပေမယ့် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲမယ့်၊ အားလုံး တန်းတူညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာဖို့နဲ့ အသွင်ကူးပြောင်းမှုတွေ ထပ်မံ ဖြစ်ထွန်းလာစေဖို့ ဖြစ်တယ်ဆိုတာ ကျွန်တော် ထပ်မံပြောကြားလိုပါတယ်” ဟု သံအမတ်ကြီးက ပြောကြားသည်။

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့်  Fortify Right  အဖွဲ့ကမူ အရေးယူပိတ်ဆို့မှုကို နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုးရန် အမေရိကန်အစိုးရအား ယခုရက်သတ္တအတွင်း တိုက်တွန်းထားသည်။

သတင်း- ရှောင် ဂလေစင်

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.