ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ၌ ဆုံးဖြတ်ချက် ချမှတ်မည် မဟုတ်

သြဂုတ် ၃၁ရက်နေ့မှ စတင်၍ ငါးရက်ကြာကျင်းပမည့် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် အဖွဲ့အစည်းအားလုံး ပါဝင်ပြီး သဘောထားများကို တန်းတူ ထုတ်ဖော်ခွင့်ရမည်ဖြစ်သော်လည်း ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်မည်မဟုတ်ဟု အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တာဝန်ရှိသူအချို့က ပြောသည်။

“အကုန်လုံးပါဝင်ရေးမူကို အခြေခံပြီးတော့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ ဖြစ်တယ်။ လာမယ့် ဆွေးနွေးပွဲမှာ ကိုယ့်သဘောထား၊ ကိုယ့်အဖွဲ့အစည်းရဲ့ သဘောထားကို တစ်ဖွဲ့ချင်း တင်ပြခွင့်ရှိတယ်။ သို့သော်လည်း ဆွေးနွေးအတည်ပြုချက် မရှိဘူး” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၊ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထိုအချက်ကို ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီ၏ အစိုးရအဖွဲ့ ကိုယ်စားလှယ်လည်းဖြစ်၊ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သည့် ဦးဇော်ဌေးကလည်း အတည်ပြုခဲ့သည်။

“ဒီညီလာခံမှာတော့ လောလောဆယ် ညှိနှိုင်းထားချက်အရ ဆွေးနွေးမှု ဆုံးဖြတ်ချက်ချမှု မရှိပါဘူး” ဟု ၎င်းပြောသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် သြဂုတ် ၁၅ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးအပြီးတွင် ၎င်းတို့က ပြောကြားခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ညှိနှိုင်းမှု အပြီးမသတ်နိုင်သေးသဖြင့် မကြာမီကျင်းပမည့် ညီလာခံတွင် ဆုံးဖြတ်ချက် ချမှတ်ရမည့် နိုင်ငံရေး ဆွေးနွေးမှုများ မပြုလုပ်သေးခြင်း ဖြစ်သည်။

ထိုသို့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မပြီးပြတ်သေး၍ ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ခွင့်ရှိမည့် အစုအဖွဲ့ ကိုယ်စားလှယ်ဦးရေကိုပင် ယနေ့တိုင် မသတ်မှတ်နိုင်သေးပေ။ ထို့ကြောင့် မကြာမီကျင်းပမည့် ပထမအကြိမ်ညီလာခံတွင် ကိုယ်စားလှယ်ဟူသော စကားရပ်အစား တက်ရောက်သူများဟုသာ သုံးစွဲကာ အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားသွားရန် သဘောတူလိုက်ကြသည်။

“နိုင်ငံရေးဆွေးနွေးပွဲမူဘောင် အတည်မပြုသေးတာက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါနိုင်အောင်ဖြစ်ပါတယ်။ သူတို့ကို စောင့်ပြီး လုပ်နေတာပါ” ဟု ဦးဇော်ဌေးက ပြောသည်။

“ပင်လုံညီလာခံကနေပြီးတော့ နိုင်ငံရေးဆွေးနွေးမှုကို စတင်လိုက်တဲ့အဆင့်၊ ဒါပထမဆုံး ခြေလှမ်းပေ့ါ။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်မယ့် အစုအဖွဲ့ အချိုးအစားတွေကတော့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲတာ မပြီးပြတ်သေးဘူး။ အဲဒါပြီးရင်တော့ ညီလာခံကိုယ်စားလှယ်အဖြစ် သတ်မှတ်နိုင်မှာပေ့ါ” ဟု ၎င်းက ပြောသည်။

မကြာမီကျင်းပမည့် ညီလာခံတွင် မည်သူ့ကိုမျှ ချန်လှပ်မည် မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အားလုံးကို ဖိတ်ကြားရန် အစိုးရဖက်က စီစဉ်ထားပြီး တိုင်းရင်းသားတို့ဖက်ကလည်း အငြင်းပွားမှုအချို့ရှိနေသည့် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှအပ ကျန်အဖွဲ့အားလုံး တက်ရောက်ရန် သဘောတူထားပြီးဖြစ်သည်ဟု ဦးဇော်ဌေးက ဆိုသည်။

“ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)တစ်ဖွဲ့ပဲ လက်နက်ကိုင်နည်းလမ်းဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ သဘောထား ကွဲနေသေးတယ်” ဟု ၎င်းက ပြောသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

၂၁ရာစုပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အနိမ့်ဆုံးအားဖြင့် ခြောက်လ တစ်ကြိမ် ကျင်းပရန် ယခုအစည်းအဝေး၌ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီခဲ့ကြသည်။

ထို့ပြင် ဆက်လက်ကျင်းပမည့် ညီလာခံများ၌ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတစသော ခေါင်းစဉ်ငါးရပ်ဖြင့် ဆွေးနွေးကြရန်လည်း သတ်မှတ်ထားသည်။

ထို့အတူ ညီလာခံကျင်းပရေး ပူးတွဲကော်မတီဖွဲ့စည်းခြင်းနှင့် ကျင်းပမည့်ညီလာခံတို့တွင် အပစ်ရပ် လက်မှတ်မထိုးရသေးသောအဖွဲ့များ ပါဝင်ခွင့်ရရေးကိုလည်း သဘောတူညီနိုင်ခဲ့ကြသည်။

ပထမအကြိမ်ညီလာခံပြီးသည်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပရန်ရှိသည့် ဒေသကို အခြေခံသော၊ လူမျိုးစုကို အခြေခံသော၊ အကြောင်းအရာကို အခြေခံသော ဆွေးနွေးပွဲများ ကျင်းပရန် လျာထားပြီး အသေးစိတ်ကို သြဂုတ် ၁၆ ရက်နေ့တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ “အစကတည်းက အောင်မြင်နိုင်မယ်ဆိုတဲ့ စိတ်နဲ့ ဒီပြဿနာကို ချဉ်းကပ်ပေးပါ။ ငါတို့တွေအားလုံး ဒီပြဿနာကို ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဝိုင်းဝန်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု အစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar