ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လာရောက်ခြင်းကို နှစ်များစွာကြာ ပိတ်ပင်ထားသည့် မိုးကုတ်မြို့မှာ ယင်း၏ တန်ဖိုးကြီး ကျောက်မျက်ရတနာများကြောင့် လူသိများထင်ရှားပြီး မြန်မာ့ ခရီးသွားလုပ်ငန်းကဏ္ဍ အလျင်အမြန် တိုးတက်လာခြင်းမှနေ၍ အကျိုးကျေးဇူးများ ခံစားရရှိရန် အဆင်သင့် ဖြစ်နေပေပြီ။
သောမတ်စ် ကင်း(န်) ရေးသားသည်။
“နိုင်ငံခြားသားများအား မိုးကုတ်ဒေသအတွင်း ဝင်ရောက်ခွင့်မပြုပါ”
အပြာရောင်ဖျော့ဖျော့ ဆိုင်းဘုတ်ပေါ်မှ အဖြူရောင်စာသားများမှာ စစ်ဆေးရေးဂိတ်ကို ကျွန်တော်တို့ကားဆရာ အလျင်အမြန် ဖြတ်ကျော်သွားသည်နှင့်တပြိုင်နက် ဝိုးတဝါးမျှသာ ကျန်ခဲ့သည်။ တကယ်တမ်းဆို သူ ယခုလို ရေးကြီးသုတ်ပြာ ဖြစ်ဖို့မလို၊ ဂိတ်မှာ အစောင့်တစ်ယောက်မှ မရှိချေ။
နှစ်လမ်းသွား အဝေးပြေး လမ်းမတစ်လျှောက် ကီလိုမီတာ ၂၀၀ မျှ အကွာအဝေးကို ငါးနာရီကြာ မောင်းနှင်ပြီးနောက်တွင် ကျွန်တော်တို့မှာ “ကိုးသုံးလုံးကွေ့လမ်း” ဟု ဒေသခံများက လိုက်ဖက်သင့်လျော်စွာ အမည်ပေးထားသည့် မန္တလေးနှင့် မိုးကုတ်မြို့အကြား ခရီးတဝက်၌ ရောက်ရှိနေပေပြီ။ ပြင်ဦးလွင်နှင့် မိုးကုတ်အကြားတွင် လမ်းသစ်တစ်လမ်းကို လွန်ခဲ့သော ငါးနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီဖြစ်သောကြောင့် ဤလမ်းကို လမ်းဟောင်းဟုလည်း လူသိများသည်။
မည်သည့်လမ်းက သွားသည်ဖြစ်စေ ကျယ်ပြောလှသော ကောက်နှံပင်ကွင်းများ၊ လူသူပြတ်လတ်သော ကျေးရွာများနှင့် ရေစီးသန်သည့် တောင်ကျချောင်းများကို လှမ်းမြင်နေရသော တောအုပ်ထူထူများကို ဖြတ်သန်းသွားရသည့် သဘာဝရှုခင်းကောင်းသော မန္တလေး မြေပြန့်ဒေသမှ ရှမ်းကုန်းပြင်မြင့်သို့သွားရာ အတက်လမ်းသာ ဖြစ်တော့သည်။
ရုပ်ရှင်ရုံထာပွဲ၌ ရောင်းချနေသော ကျောက်မျက်တချို့ကို အမျိုးသမီးငယ် တစ်ဦး ကြည့်ရှုနေစဉ်။ ဓာတ်ပုံ – သောမတ်စ် ကင်း(န်)
မိုးကုတ်မြို့သို့ ကမ္ဘာလှည့်ခရီးသွားများအား လွန်ခဲ့သော ဆယ်စုနှစ် ငါးစုနီးပါး ပိတ်ပင်ခဲ့သောကြောင့် ဤလမ်းမှာလည်း ကမ္ဘာလှည့်ခရီးသွား အနည်းငယ်သာ သွားခဲ့ဖူးသော လမ်းဖြစ်နေသည်။ မြန်မာစစ်ဗိုလ်ချုပ်များ၏ အောင်မြင်မှု မရခဲ့သော “မြန်မာ့ခရီးသွားနှစ်” အတွက် ၁၉၉၆ ခုနှစ်တွင် ခေတ္တဖွင့်ပေးခဲ့သေးသည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ထပ်မံဖွင့်ပေးခဲ့ပြန်သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင်မူ ပြည်ထဲရေး ဝန်ကြီးဌာနက သွားခွင့်ပိတ်ထားသော နေရာအများစုကို ပြန်ဖွင့်ပေးခဲ့သော်လည်း မိုးကုတ်သွားမည့် ကမ္ဘာလှည့်ခရီးသွားများမှာမူ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဟု ညွှန်ကြားထားသည်။
ပိတ်ပင်တားမြစ်ထားသည့် အခြားနေရာအများစုမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသများနှင့် နီးကပ်နေသော၊ သို့မဟုတ် အလွန်တရာ ဝေးလံခေါင်းဖျားသော နေရာများ ဖြစ်ကြသည်။ မိုးကုတ်မြို့မှာမူ တမူကွဲပြားသည်။ ကမ္ဘာလှည့် ခရီးသွားများအား ရက်အနည်းငယ်သာ နေထိုင်စေလိုသည်မှာ ပတ္တမြားတူးဖော်မှုလုပ်ငန်းများ ရှိနေခြင်းကြောင့်သာ ဖြစ်သည်။
***
မိုးကုတ်မြို့မှာ အနည်းဆုံး ၁၃ ရာစုနှစ်ကတည်းက ယင်း၏ အဖိုးတန် ကျောက်မျက်ရတနာများကြောင့် လူသိများခဲ့ရာ မိုးကုတ်ထွက် သဘာဝ ခိုသွေးရောင် ပတ္တမြားမှာ ကမ္ဘာတစ်လွှား တန်ဖိုးမြင့်မားဆဲ ဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်များအတွင်း အရည်အသွေးမြင့် ပတ္တမြား အထွက်နည်းလာခဲ့သည်။
မိုးကုတ်မြို့မှာ မြန်မာနိုင်ငံရှိ ချမ်းသာသော မြို့တစ်မြို့အနေအထားမှ သိသိသာသာ ကျဆင်းလာပြီး ယင်းနေရာကို ကချင်ပြည်နယ်ရှိ ဖားကန့်မြို့က ယင်း၏ ကျောက်စိမ်းတွင်းများဖြင့် အစားထိုး နေရာယူလာခဲ့သည်။ ပယင်းကျောက် အကြီးအကျယ်ထွက်သည့် တနိုင်းဒေသကလည်း အတိုင်းအတာ တစ်ရပ်အထိ နေရာယူလာခဲ့သည်။
ပတ္တမြားမြေဟု လူသိများသော မိုးကုတ်မှာ ချမ်းသာကြွယ်ဝသော မြို့တစ်မြို့အဖြစ် ရှိနေသေးသည်။ သို့သော် အတိတ်က ရှိဖူးသော မြို့၏ ထင်ပေါ်မှုမှာမူ ဖြည်းဖြည်းချင်း ပျက်ပြားစပြုလာပြီဟူသော ခံစားမှုတစ်ရပ် ရှိလာနေသည်။
ကျောက်တူးဖော်မှု အများစုမှာ ယခုအခါ မြေအောက်တွင်းများ မဟုတ်တော့ဘဲ အမိုးဖွင့် တူးဖော်ခြင်းများသာ ဖြစ်နေပြီး လမ်းပေါ်မှပင် လှမ်းမြင်နိုင်ပေသည်။ ကျောက်တူးနည်းမှာ အတော်ပင် ရိုးရှင်းကာ ဓာတုပစ္စည်း အသုံးပြုမှုများလည်း ကံကောင်းထောက်မစွာ ကင်းမဲ့နေသည်။ တူးထားသည့်မြေကို ဂေါ်ခွက်တစ်ခုပါသော ခုံစောင်းပေါ်တင်ကာ မြေကို ရေဖြင့်ဆေးကြော၍ ကျောက်ကိုရယူကြသည်။ ထို့နောက် ကျောက်များကို အမျိုးအစားခွဲကာ တန်ဖိုးကြီးကျောက် အရည်အသွေးလက္ခဏာများ ပါ မပါ သေချာစွာ စစ်ဆေးကြသည်။
ယင်းနည်းမှာ ထိရောက်သော်လည်း စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ရာ မရှိ၊ မြေအောက်ကျောက်တွင်းကဲ့သို့ အန္တရာယ်လည်း မများလှပေ။
မြေအောက်လိုဏ်ဖောက်ကာ ကျောက်တူးလုပ်ငန်းများကို ဆက်လုပ်နေကြသေးသော်လည်း ထိုနေရာ အများစုကို လာရောက်လည်ပတ်သူများအား ပိတ်ပင်ထားဆဲဖြစ်သည်။ သို့ရာတွင် နိုင်ငံခြားသားများကို လက်ခံသည့် လက်တစ်ဆုပ်စာမျှသော ဟိုတယ်များအနက်မှ တစ်ခုဖြစ်သည့် ရွှေလိပ်ပြာဟိုတယ်တွင်မူ မြေအောက်ကျောက်တူးလုပ်ငန်း၏ အရသာကို ခံစားနိုင်ပေသည်။
ယင်းဟိုတယ်မှာ ဥယျာဉ်နှင့် သစ်တောများ ပါဝင်သည့် ဧက ၁၅၀ ကျော်မြေပေါ်တွင်ရှိကာ မြို့လယ်ကောင်မှ ကားဖြင့် ၁၅ မိနစ်ခန့် မောင်းသွားရသော အကွာအဝေးတွင်ရှိသည်။ ယင်းခြံဝင်းအတွင်း၌ ၁၉၈၀ ပြည့်နှစ်များက ဟိုတယ်ပိုင်ရှင်ကို ချမ်းသာကြွယ်ဝစေခဲ့သည့် ကြီးမားသော သဘာဝ လိုဏ်ဂူတစ်ခု ရှိသည်။ ယင်းလိုဏ်ဂူကို ဧည့်သည်များအတွက် ဖွင့်လှစ်ပေးထားပြီး မီးချောင်းများ တပ်ဆင်၍ လျှောက်လမ်းများ ထပ်မံချဲ့ထွင်ထားသောကြောင့် ပို၍လေ့လာကြည့်ရှုရ လွယ်ကူလာခဲ့ပြီဖြစ်သည်။
အဓိက ကျောက်မျက်ဈေးနှစ်ခုတွင် ရပ်ကြည့်ရန် အခွင့်အလမ်းလည်း ရှိသေးသည်။ ကုန်သည်များသည် ရွှေ့ရလွယ်သော စားပွဲတစ်လုံးထက် နည်းနည်းလေး ပိုကျယ်သော ဆိုင်ငယ်များကို ရုပ်ရှင်ရုံတာပွဲဈေး၌ နံနက်တိုင်း ဖွင့်လေ့ရှိသည်။
အချို့မှာမူ အရပ်လေးမျက်နှာ လှည့်လည်သွားလာပြီး ဝယ်နိုင်ခြေရှိသူများကို တွေ့လျှင် ၎င်းတို့အိတ်ကပ်ထဲမှ ကျောက်များကို ထုတ်လိုက်ကြသည်။ ကျွန်တော် သွားလည်သည့်အခါ ဈေးဝယ်သူ လေး ငါးယောက်သာ ရှိနေပြီး တစ်ပတ်အတွင်း တစ်ပွင့်တလေ ရောင်းရပါက မိမိတို့ကံကောင်းသည်ဟုလည်း အလွတ်တမ်းကုန်သည်များက ဆိုကြသည်။ ပန်းခြံထာပွဲဟု လူသိများသော မွန်းလွဲပိုင်းဈေးမှာမူ ဘောလုံးတစ်ကွင်းစာမျှရှိသော ကွင်းထဲတွင် အစီအရီ ခင်းကျင်းထားသော စားပွဲများ၊ ကုလားထိုင်များဖြင့် ပိုမိုစနစ်ကျလှပေသည်။ သို့သော်ငြားလည်း အရောင်းအဝယ်များမူ အေးနေဆဲပင်ဖြစ်သည်။
လာရောက်လည်ပတ်မှု ကန့်သတ်ထားသည်များကို ထပ်မံလျှော့ချခြင်းက အရောင်းအဝယ်များ ပြန်လည်တိုးမြင့်လာစေရန် အထောက်အကူ ဖြစ်ပေလိမ့်မည်။ အနီးအနားရှိ မန္တလေးမြို့သို့ ထောင်၊ သောင်းချီ၍ ကမ္ဘာလှည့်ခရီးသွားများ နှစ်စဉ်လာရောက်နေသည့်တိုင် ပါမစ်စနစ်နှင့် ခရီးသွားကဏ္ဍ သတင်းအချက်အလက်များ ရှင်းရှင်းလင်းလင်း မရှိသလောက် ဖြစ်နေခြင်းကြောင့် မိုးကုတ်မြို့သို့ ခရီးသွားအနည်းငယ်ကသာ ဒုက္ခခံသွားရောက်ကြလေ့ရှိသည်။
ရွှေလိပ်ပြာ ဟိုတယ်ပိုင်ရှင်ကို ကြွယ်ဝချမ်းသာသွားစေသည့် ဟိုတယ်အနီးမှ ကျောက်မျက်တွင်းကို တွေ့ရစဉ်။ ဓာတ်ပုံ – သောမတ်စ် ကင်း(န်)
အစိုးရက မိုးကုတ်မြို့ကို ဆက်လက်ကန့်သတ်ထားလိုသော အကြောင်းရင်းအချို့ကို ဒေသခံများက ဖွင့်ဟကြသည်။ နိုင်ငံခြားသားများက ကျောက်မျက်များကို ပေးဆောင်ရမည့် အခွန်အခများ မပေးဘဲ ကျောက်တွင်းများမှ တိုက်ရိုက်ဝယ်ယူသွားမည်ကို စိုးရိမ်သောကြောင့်ဟု အချို့က သုံးသပ်သည်။
အချို့ကမူ နိုင်ငံခြားသား ခရီးသွားများနှင့် ကျောက်ကုန်သည်များ အငြင်းပွားမှုများ ရှိလာမည်ကို အစိုးရက ပူပန်လျက်ရှိသည်ဟု သုံးသပ်ပြောဆိုကြသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်လည်း ယင်းဒေသအတွင်း၌ မသိမသာ လှုပ်ရှားနေသေးသည်။ ကန့်သတ်ချက်များ ပယ်ဖျက်ရန်မှာ သေချာသော်လည်း မည်သည့်အချိန်တွင် ဖြစ်မည်ဟု တိတိကျကျ မသိနိုင်သော်လည်း လမ်းဘေးကျောက်ကုန်သည်များကမူ အချိန်တိုအတွင်း ဖြစ်လာရန်မရှိဟု ထင်ထားကြသည်။
မိုးကုတ်မြို့မှာ ပတ္တမြားအဓိကနှင့် နီလာကျောက် အနည်းအကျဉ်းကြောင့် ကျော်ကြားနေစဉ် ယင်းဒေသရှိ ကျောက်တွင်းများမှ အဖိုးတန်နှင့် တန်ဖိုးအသင့်အတင့်ရှိ ကျောက်ရိုင်းတုံး အမျိုးမျိုး ထွက်ရှိလျက်ရှိသည်။ အများစုမှာ တန်ဖိုးမရှိသလောက်ပင် ဖြစ်သည်။ ကျွန်တော် ဖြတ်လျှောက်ချိန်က အမေရိကန်ဒေါ်လာ ၅၀ အောက်သာ တန်ကြေးရှိသည့် သွေးထားသည့်ကျောက်များနှင့် အရောင်တင်ထားသည့်ကျောက်အချို့ကို တွေ့ခဲ့ရသောကြောင့် ထိုသို့သိခဲ့ရခြင်းဖြစ်သည်။
ကျွန်တော့်ကို ကျောက်များရောင်းလိုက်သော ကုန်သည်များ၏ မျက်နှာပြင်ပေါ်မှ အပြုံးများ၊ ကျွန်တော်တို့ အရောင်းအဝယ်ဖြစ်ပြီးနောက် သူတို့ပေးလိုက်သော လက်ဆောင်များကို ချိန်ဆတွက်ချက်ကြည့်ပါက ယခုထက် ဈေးလျှော့၍ ဝယ်ခဲ့သင့်ပေသည်။
သင်သည် ကျွမ်းကျင်သူတစ်ဦး၊ သို့မဟုတ် အနိမ့်ဆုံး သင်တန်းတက်ထားသူ တစ်ဦးမဟုတ်ပါက သင်လည်း မသိနိုင်ဟု ထင်မိသည်။ ယင်းအခြေအနေကို ပိုမိုရှုပ်ထွေးစေသည့် အချက်မှာ ကျောက်မျက်ရတနာဟူသည် ယင်းကို ဝယ်ယူလိုသောသူက ပေးချေသည့် ပမာဏမျှသာ တန်ကြေးရှိသည်ဟု ကျောက်မျက်ရောင်းဝယ်မှုလုပ်ငန်း၌ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူအချို့အပါအဝင် မိုးကုတ်ဒေသခံများက ကျွန်တော့်ကို ပြောဆိုခဲ့ကြခြင်းပင် ဖြစ်သည်။
***
မိုးကုတ်မြို့အကြောင်း ပြောပါက ကျောက်မျက်တွင်းနှင့် ကျောက်မျက်ဈေးတို့ထက်ပင် ပိုသေးသည်။ ယင်းမြို့မှာ ဘယ်ညာနှစ်ဘက်စလုံးတွင် တောင်ပူဆာများဖြင့် ဝန်းရံထားသည့် ချိုင့်ဝှမ်းလွင်ပြင်မှ သေသပ်လှပသော မြို့တစ်မြို့ဖြစ်သည်။ အလယ်ကောင်တွင် တစ်ချိန်က ဗြိတိသျှတို့ ဦးစီးဆောင်ရွက်သော ကျောက်တွင်း တစ်တွင်း ရှိခဲ့ဖူးပြီး ၁၉၂၅ ခုနှစ်၌ ရေလွှမ်းသွားခဲ့ဖူးသည့် ရေကန်တစ်ကန် ရှိသကဲ့သို့ အိမ်ခေါင်မိုးများ၏ ရှုခင်းကို စီးမြင်နိုင်သည့် တောင်ကုန်းများထက်မှ စေတီပုထိုးများလည်း ရှိနေသေးသည်။
အိမ်အများစုမှာ ရိုးရာပုံစံ အဖြူရောင်တိုက်ခံ သစ်သားအိမ်များအဖြစ်သာ ရှိနေသေးပြီး ပုံမှန်အားဖြင့် အနီရောင် သို့မဟုတ် အညိုရောင်ဆေးများ သုတ်ထားသည်။ သံချေးတက်နေသည့် သွပ်မိုးများကို မဖြစ်မနေ မိုးထားရဟန် တူပေသည်။
မိုးကုတ်မြို့တွင် အကောင်းဆုံး ဆယ်ဖီ(ကိုယ်တိုင်ရိုက် ဓာတ်ပုံ) ရိုက်ချင်သူများအဖို့ ရွာသာယာကျေးရွာသို့ သွားရာလမ်းပေါ်မှ လေပေါက်ဟု လူသိများသည့် နေရာတစ်ခုရှိသော တောင်ပေါ်သို့ တက်သွားသင့်သည်။ ယင်းအပေါ်စီးမြင်ကွင်းမှနေ၍ မိုးကုတ်သို့ ပြန်ဆင်းရာ တောင်စောင်းမှ မြွေလိမ်မြွေကောက်လမ်းနှင့် အောက်ဘက်ရှိ ချိုင့်ဝှမ်းလွင်ပြင်ကို တွေ့နိုင်ပေသည်။
ရွာသာယာမှာ သာမန်ထက်ထူးခြားသော သမိုင်းဝင်နေရာလည်း ဖြစ်ချေသည်။ သီပေါဘုရင်ထံမှ မိုးကုတ်မြို့အပါအဝင် အထက်မြန်မာပြည်တစ်ဝှမ်းကို ကိုလိုနီတပ်ဖွဲ့များက သိမ်းပိုက်ပြီးမကြာမီ ပေါ်ပေါက်လာသည့် ၁၉ ရာစုနှောင်းပိုင်းမှ ဗြိတိသျှ စစ်သင်္ချိုင်းနေရာပင်ဖြစ်တော့သည်။
ယင်းစစ်သင်္ချိုင်းမှာ လူသူကင်းမဲ့ကာ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေပြီး အက်ကွဲညစ်ထေးနေသော သင်္ချိုင်းမြေပုံမှတ်တိုင် တစ်ဒါဇင်မျှ ရှိနေသည်။ အနီးအနားရှိ ပုဂ္ဂလိကပိုင် မြေကွက်တွင် လက်နက်သိုလှောင်ရုံဟောင်း တစ်ခုရှိကာ ဘားနတ်မြို့ဟု ခေါ်ခဲ့ဖူးသည့် ကျေးရွာ၌ ဗြိတိသျှတို့ နေထိုင်ခဲ့ဖူးကြောင်း ညွှန်းဆိုနေသည့် အခြားအမှတ်အသား တစ်ခုမျှသာ ဖြစ်ဟန်ရှိသည်။
အိမ်ပြန်နိုင်ခဲ့ကြသူများနှင့် ယင်းနေရာ၌ မြေမြုပ်ခံခဲ့ကြရသူ ဗြိတိသျှစစ်သားများအဖို့ အထီးကျန်ဆန်လှသည့် ယင်းရှေ့တန်းနေရာမှာ ဤကမ္ဘာမြေ၏နိဂုံးဟုပင် ခံစားရဖွယ် ရှိသည်။ သို့သော် အထက်မြန်မာနိုင်ငံတော်ကို ၁၈၈၅ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် ကမ္ဘာတလွှားသို့ ဤမြို့ထွက် ကျောက်မျက်ရတနာများ တင်ပို့ရန် အဆောတလျင် ကုမ္ပဏီထောင်ခဲ့သည့် ဗြိတိသျှများအဖို့ စီးပွားရေးအရ အရေးပါသောမြို့တစ်မြို့ဖြစ်ခဲ့ပြီး အကျိုးဆက်အားဖြင့် မိုးကုတ်သည်လည်း ကမ္ဘာကျော်သွားတော့သည်။
ယနေ့မိုးကုတ်မှာ ဆန်းပြားကြည်နူးဖွယ်ရာများကို အတိုင်းအတာတစ်ရပ်အထိ ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ယင်း၏ လျှို့ဝှက်ချက်ကို ကမ္ဘာ့လှည့်ခရီးသွားများအား ဖြည်းဖြည်းချင်း စတင်ဖွင့်လှစ်ပြသရုံမျှသာ ရှိသေးသည်။
အောင်မင်း ဘာသာပြန်သည်။
ဤဆောင်းပါးကို Frontier ၏ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအကြောင်း ဖော်ပြသော Discover Myanmar အထူးကဏ္ဍ အချပ်ပို၌ ကနဦးဖော်ပြခဲ့သည်။
ခေါင်းစီးဓာတ်ပုံ – ချမ်းသာကြီးဘုရားမှ မြို့ရေကန်ဆီသို့ အပေါ်စီးမှ တွေ့ရသည့် မိုးကုတ်မြို့မြင်ကွင်း။ ဓာတ်ပုံ – သောမတ်စ် ကင်း(န်)