နေပြည်တော်၌ ဖမ်းဆီးခံထားရသည့် သတင်းထောက်များအပေါ် စွဲချက်များကို ရဲနှင့် လဝက ပြန်ရုပ်သိမ်း

နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းလွှတ်တင်မှုဖြင့် အောက်တိုဘာလက ဖမ်းဆီးခံထားရသည့် သတင်းထောက်သုံးဦးနှင့် ယာဉ်မောင်းတို့အပေါ် စွဲဆိုထားသည့် ပုဒ်မများအား ပြန်ရုပ်သိမ်းရန် ရဲတပ်ဖွဲ့နှင့် လဝကတို့က တရားရုံးတွင် ယနေ့ လျှောက်ထားလိုက်သည်။

တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန၊ စင်ကာပူရုံးခွဲမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူ နိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် မောင်အောင်နိုင်စိုးအပြင် ၎င်းတို့၏ ယာဉ်မောင်းဖြစ်သူ ဦးလှတင်တို့သည့် ၁၉၃၄ ခုနှစ်၊ လေကြောင်းပျံသန်းမှု အက်ဥပဒေဖြင့် ထောင်ဒဏ်နှစ်လ ကျခံနေရပြီး အခြားသောအမှုများကိုလည်း ဆက်လက် ရင်ဆိုင်နေရသည်။

၎င်းတို့လေးဦးအား အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက လွှတ်တော်အနီးတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နိုဝင်ဘာ ၁၀ ရက်နေ့၌ ပထမအကြိမ် ရုံးထုတ်ရာ လွှတ်တော်အနီး ဒရုန်းပျံသန်းသည်ဟုဆိုပြီး လေကြောင်းပျံသန်းမှု အက်ဥပဒေဖြင့် ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့သည်။

သို့သော် ၎င်းတို့လေးဦး ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည့် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ(၈) ဖြင့် စွဲဆိုထားမှုကို ပြန်လည်ရုပ်သိမ်းရန် တရားလိုဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက တရားရုံးတွင် ယနေ့ လျှောက်ထားခဲ့သည်။

ထို့ပြင် နိုင်ငံခြားသား ၂ ဦးအပေါ် စွဲဆိုထားသည့် လဝကဥပဒေ ပုဒ်မ ၁၃(၁) ကိုလည်း ပြန်ရုပ်သိမ်းရန် ဒက္ခိဏမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုဦးစီးမှူးက တရားရုံးတွင် လျှောက်ထားခဲ့သည်။

အမှုအား ဆက်လက်စစ်ဆေးရန် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးဇော်ဝင်းထူးက ဒီဇင်ဘာ ၂၉ ရက်နေ့သို့ ချိန်းဆိုထားသည်။

ရမည်းသင်းထောင်တွင် ကျခံနေရသည့် ထောင်ဒဏ် ၂ လမှာ ဇန်နဝါရီ ၉ ရက်နေ့တွင် ပြည့်မည်ဖြစ်သော်လည်း ထိုရက်ထက်စောကာ လွတ်ရန် မျှော်မှန်းထားသည်ဟု ၎င်းတို့၏ ရှေ့နေဖြစ်သူက ပြောသည်။

“ထောင်ပိုင် လျှော့ရက်ပေးရင်တော့ လွတ်လပ်ရေးနေ့ (ဇန်နဝါရီ ၄ ရက်)လောက် လွတ်မယ်မှန်းတယ်။ အစိုးရက လျှော့ပေါ့ပေးတာတို့ ဘာတို့ လုပ်ပေးမယ်ဆိုရင်တော့ နောက်ရုံးချိန်းကျရင် လွတ်ချင် လွတ်နိုင်ပါတယ်” ဟု ကိုအောင်နိုင်စိုး၏ ရှေ့နေ ဦးခင်မောင်ဇော်က Frontier ကို ပြောသည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar