နေပြည်တော်စည်ပင်၏မြေကွက်ဖော်ဆောင်မှုကြားတွင် စိတ်ဝင်စားဖွယ်ဇာတ်လမ်းတစ်ပုဒ်ပေါ်ထွက်လာခဲ့သည်။ မြေကွက်ဖော်မှုတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအတွက် လည်းပါသည်ဟူသည့် ဇာတ်လမ်းဖြစ်သည်။
ခြောက်ကပ်နေသည့် မြို့တော်ကြီး စည်ကားလာစေရန် နေပြည်တော်စည်ပင်က အလိုရှိနေသည်။
တစ္ဆေမြို့တော်ဟုခပ်ထေ့ထေ့အမည်ပြောင်အတပ်ခံရသောမြို့တွင် အဆောက်အအုံ ၆၀၀၀ ကျော်ရှိပြီး ၅၀၀၀ နီးပါးကလူမနေကြောင်း နေပြည်တော်စည်ပင်ကတွေ့ရှိထားသည်။သို့ဖြစ်ရာ မြို့တော်ထဲကို လူတွေသွင်းဖို့ အာဏာပိုင်များကကြံတော့သည်။
နေပြည်တော်စည်ပင်သည် လူတန်းစားအလွှာအသီးသီးအတွက် မြေကွက်များဖော်ပြီး ရောင်းချပေးရန်စီစဉ်သည်။နေပြည်တော်၏အရှေ့အနောက်တောင်မြောက်တစ်ခွင်တွင်စက်ယန္တ ရားကြီးများဖြင့်မြေကွက်များဖော်နေသည်ကိုတွေ့ရှိနိုင်သည်။
ဝင်ငွေပုံမှန်ရှိပြည်သူများ၊အစိုးရဝန်ထမ်းများနှင့်ငွေကြေးတတ်နိုင်သူအလိုက် နေရာနှင့်အကျယ်အဝန်းပေါ်မူတည်ကာမြေကွက်အမျိုးအစားများခွဲခြားထားသည်။
သို့သော် နေပြည်တော်စည်ပင်၏မြေကွက်ဖော်ဆောင်မှုကြားတွင် စိတ်ဝင်စားဖွယ်ဇာတ်လမ်းတစ်ပုဒ်ပေါ်ထွက်လာခဲ့သည်။ မြေကွက်ဖော်မှုတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအတွက် လည်းပါသည်ဟူသည့် ဇာတ်လမ်းဖြစ်သည်။
Heavy machinery clears land at a site in Nay Pyi Taw’s Ottarathiri Township that will be sold to government officials. (Hkun Lat | Frontier)
NLD အစိုးရအဖွဲ့ရပ်ကွက်ပေါ်ပေါက်လာမလား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေဧက ၉၀ ကျော်ကို သူ၏ကိုယ်ပိုင်ငွေကျပ်သိန်း ၆၅၀၀ကျော်အကုန်အကျခံကာ ဝယ်ယူခဲ့သည်။
မြေနေရာမှာ ဥတ္တရသီရိမြို့နယ် အိုးရှင်းစူပါစင်တာအနီးတွင်ဖြစ်ပြီး ဖောင်ဒေးရှင်းက ဒေသခံလူငယ်များကို မြေယာရှုခင်းအလှဆင် သင်တန်းပေးရန်ရည်ရွယ်သည်။ အောက်တိုဘာ လအတွင်းက Frontier က ကွင်းဆင်းလေ့လာခဲ့ရာတောရိုင်းထနေသောမြေနေရာကိုမြေညှိခြင်း၊လမ်းဖောက်ခြင်းနှင့်မြောင်းသွယ်ခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။အလုပ်သမားအချို့နှင့် ပတ်ဝန်းကျင်အားမေးမြန်းကြည့်ရာ ဖောင်ဒေးရှင်းမြေနေရာကို ဒေါ်အောင်ဆန်းစုကြည် တစ်ခါတစ်ရံလာကြည့်တတ်ကြောင်းပြောသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာတွင်တောင်ကုန်းတစ်ခုပါဝင်ပြီး တောင်ကုန်း၏ တစ်ဘက်ခြမ်းတွင်လည်း နေပြည်တော်စည်ပင်က စက်ယန္တရားကြီးများနှင့်မြေကွက်များဖော်နေကြသည်။ တပ်မတော်အစိုးရလက်ထက်နှင့်ဦးသိန်းစိန်အစိုးရလက်ထက်ကညွှန်ကြားရေးမှုးချုပ်များအတွက်နေရာချပေး ထားသော ရပ်ကွက်တွင်ဖြစ်သည်။(ညွှန်ကြားရေးမှုးချုပ်များသည် ပေတစ်ရာပတ်လည်အတွက် ကျပ် ၁၀ သိန်းပေးသွင်းပြီး အမည်ပေါက်ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။)
လေးထောင့်ကွက်ကျကျမြေပေါ်တွင် တန်းစီဆောက်ထားသော အိမ်လှလှလေးများဆီမှ ကြည့်လျှင် စက်ယန္တားကြီးများနှင့်မြေညှိခြင်း၊နေ့စားအလုပ်သမားများ၏အလုပ်လုပ်ကိုင်ပုံများကိုမြင်ရနိုင်သည်။
“ဒါကလက်ရှိအစိုးရအဖွဲ့ကဝန်ကြီးတွေအနားယူရင်နေဖို့မြေကွက်တွေဖော်နေတာလို့ကြားတယ်”ဟု မြေကွက်ဖော်နေသည်ကိုရပ်ကြည့်နေသူတစ်ဦးက Frontier ၏ မေးမြန်းမှုကို ဖြေကြားသည်။
ထို့နောက် မြေကွက်ဖော်ဆောင်နေသည့်လမ်းတလျှောက်တွင် တွေ့သည့်သူဆယ်ဦးခန့်ကို Frontier ကမေးမြန်းရာအစိုးရအဖွဲ့ဝင်ဝန်ကြီးများအတွက်ဖော်ဆောင်နေသည်ဟုကြားကြောင်းတညီတညွတ်ထဲဖြေသည်။
Frontierကမေးမြန်းခွင့်ရခဲ့သူများမှာလည်း အဆိုပါရပ်ကွက်မှ ခြံစောင့်များ၊အလုပ်သမားများသာဖြစ်သည်။
ရုံးပိတ်ရက်ဖြစ်သဖြင့် အရပ်ဝတ်ထားသောစည်ပင်အရာရှိတစ်ဦးက မြေကွက်ဖော်ဆောင်နေမှုကိုဓာတ်ပုံရိုက်နေသော Frontier သတင်းထောက်များကိုမည်သည့်အဖွဲ့အစည်းကလဲဟုမေးမြန်းခဲ့သည်။ မည်သူများအတွက်မြေကွက်ဖော်နေသနည်းဟု Frontier ကပြန်မေးမြန်းရာ”အထက်လူကြီးများကိုသာမေးရန်”အရာရှိကပြန်ပြောသည်။
Hkun Lat | Frontier
အထက်လူကြီးများအသံ
ထို့နောက် စည်ပင်လူကြီးများကို Frontier က လိုက်လံမေးမြန်းရာ “ဝန်ကြီးများအတွက်မြေကွက်လား”ဟူသောမေးခွန်းကို ယတိပြတ်မငြင်းသလိုအဖြေလည်းမပေးပေ။
သမ္မတရုံးကိုတင်ပြထားပြီး ခွင့်ပြုချက်မရသေးသည့်စီမံကိန်းတချို့ကို ထုတ်ဖော်မပြောလိုကြောင်းငြင်းသူကငြင်းပြီး အဆိုပါစီမံကိန်းများသည် ၎င်းတို့နှင့်မဆိုင်ကြောင်း ဆိုသူကဆိုသည်။
(နေပြည်တော်စည်ပင်သည် ဥပဒေအရမြေကိုစီမံခန့်ခွဲခွင့်ရှိသော်လည်း ပြည်ထောင်စုနယ်မြေဖြစ်ရာ သမ္မတရုံး၏ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ရသည့်ကိစ္စများလည်းရှိသည်။)
ဥတ္တရသီရိပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်ကမူ ၎င်း၏မဲဆန္ဒနယ်အတွင်း ဝန်ကြီးများအတွက်မြေကွက်များဖော်ဆောင်နေသည်ဟူသည့် သတင်းကိုကြားနေရသော်လည်း တရားဝင်ထုတ်ပြောမှုမရှိသေးဟုဆိုသည်။
ဒုဝန်ကြီးတစ်ဦးကလည်း ဝန်ကြီး၊ဒုဝန်ကြီးများအတွက် မြေကွက်များပေးမည်ဆိုသည့်ကိစ္စကိုမသိရှိကြောင်း ပြောသည်။
နေပြည်တော် ဒုမြို့တော်ဝန်ဦးရဲမင်းဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ မြေကွက်ဖော်ဆောင်မှုများကို အောက်ပါအတိုင်းရေးသည်။
နေပြည်တော်ကိုလူစည်ကားသည့် မြို့ကြီးတစ်မြို့ ဖြစ်စေလိုပြီး လူအများလာရောက်နေထိုင်စေရန်အတွက်စီစဉ်ပေးချင်နေသည်။ သို့သော် ငွေကြေးပေါများသူ၊ အလယ်အလတ်ရှိသူ၊ မရှိဆင်းရဲသား၊ဝန်ထမ်းနဲ့ ဝန်ထမ်းမဟုတ်သူဟူ၍ ကွဲပြားရာ အားလုံးအတွက် တစ်မျိုးတစ်စားတည်း စီစဉ်ပေး၍မရကြောင်း ၎င်းကရေးသားထားသည်။
ဝန်ထမ်းများအတွက် ဦးစွာစဉ်းစားထားပြီး တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေနှင့်အငြိမ်းစားဝန်ထမ်းများအတွက်ပါ နေပြည်တော်စည်ပင်ကစဉ်းစားထားသည်။
မြေကွက်လိုချင်သူနှင့် မြေကွက်ရရင်တောင် အိမ်မဆောက်နိုင်၍ တိုက်ခန်းပဲ လိုချင်သူဆိုပြီးရှိနေသည်။
“ရာထူးအလိုက် ကြေညာပြီး တစ်ဆင့်ချင်း သွားနိုင်ဖို့ ပြင်ဆင်ရပါတယ်။”ဟု ၎င်းကရေးသားထားသည်။
မကြာမီ ဝန်ထမ်းများအတွက် အကျယ်အဝန်း အမျိုးမျိုးနှင့်တိုက်ခန်းများ စတင်တည်ဆောက်တော့မည်ဖြစ်ပြီး အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအထဲက တိုက်ခန်းနှင့် နေထိုင်လိုသူများအတွက် အနည်းဆုံး အခန်း ၃၀၀၀ ရရှိမည်ဖြစ်သည်။
ဝန်ထမ်းမဟုတ်သည့် အရပ်သားများအတွက်လည်း အသင့်ဖော်ထုတ်ပြီးသား မြေကွက်များ ရောင်းချပေးရန် စဉ်းစားထားသော်လည်း လက်ရှိမြေအများစုမှာ ပေ ၁၅၀ ပတ်လည်၊ ပေ ၁၀၀ ပတ်လည်နှင့် ပေ ၈၀ ပတ်လည်များသာဖြစ်သည်။
နေပြည်တော်စည်ပင်သည် ဒက္ခိဏသီရိမြို့နယ်မှ ပေ ၈၀ ပတ်လည်အကွက်များကို တစ်ကွက်လျှင် သိန်း ၂၅၀ ဖြင့် ရောင်းမည်ဟု ယခုလ ၁၈ ရက်ကစတင်ကြေညာသည်။
သို့ဖြစ်ရာ နေပြည်တော်စည်ပင်က ထပ်မံရောင်းချမည့်မြေကွက်များတွင် ဝန်ကြီးများအတွက်ပါ ပါဝင်လာမလားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
A cleared section of the 90 acres that State Counsellor Daw Aung San Suu Kyi purchased to build a Daw Khin Kyi Foundation training school. (Hkun Lat | Frontier)
အသစ်မဟုတ်သောအဟောင်း
ဝန်ကြီးများမြေကွက်ဇာတ်လမ်းမှာ အသစ်တော့မဟုတ် အဟောင်းသာဖြစ်သည်။ အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေက နေပြည်တော် ကိုတည်ဆောက်စဉ်ကထဲက တပည့်များနောင်ရေး စိတ်အေးသည်ထက်အေးရအောင် ဆောင်ရွက်ပေးခဲ့သည်။
သမ္မတလယ်တောအနီးတွင် ခြောက်လုံးတန်းဟု နာမည်ကြီးသော အိမ်တော်ခြောက်လုံးရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီထိပ်တန်းခေါင်းဆောင်များဖြစ်သော ဦးသန်းရွှေ၊ဦးမောင်အေး၊ဦးသိန်းစိန်၊သူရဦးရွှေမန်း၊သီဟသူရဦးတင်အောင်မြင့်ဦးနှင့်ဦးတင်အေးတို့အတွက်ဖြစ်သည်။
ထို့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေကွက်နေရာမှ ငါးမိနစ်ခန့်ကားမောင်းရုံဖြင့်ရောက်သော “ရာဇသင်္ဂဟအိမ်ရာ”မှာ တပ်မတော်အစိုးရနှင့်ဦးသိန်းစိန်အစိုးရအဖွဲ့၏ရပ်ကွက်ဖြစ်သည်။အစိုးရတာဝန်ထမ်းဆောင်နေချိန်တွင်နိုင်ငံ တော်ပိုင်အိမ်ဖြင့်နေထိုင်ရသော်လည်းရာထူးမှအနားယူလျှင်ကိုယ်ပိုင်အိမ်ကျန်ရစ်အောင်စီစဉ်ပေးထားခြင်းဖြစ်သည်။
ရာဇသင်္ဂဟအိမ်ရာအမှတ်(၁)မှာပြည်ထောင်စုဝန်ကြီးများအတွက်ဖြစ်ပြီး အမှတ်(၂)မှာ ဒုဝန်ကြီးများအတွက်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးတစ်ဦးအား ပေ ၂၀၀ ပတ်လည်မြေတစ်ကွက်ကို ကျပ်သိန်း ၃ဝ ဖြင့်လျှောက်ထားခွင့်ပြုခဲ့သည်။ဒုဝန်ကြီးက ပေ ၁၅၀ ပတ်လည်ကို ကျပ်သိန်း ၂၀ ဖြင့်လျှောက်ထားနိုင်သည်။ ညွှန်ကြားရေးမှုးချုပ်ရာထူးက ပေတစ်ရာပတ်လည်အတွက် ကျပ် ၁၀ သိန်းဖြစ်သည်။
လက်ရှိတွင် ရာဇသင်္ဂဟအိမ်ရာထဲမှ လုံးချင်းအိမ်တစ်ချို့ရောင်းရန်ရှိနေပြီး အိမ်တစ်ဆောင်ပါသော ၁၀၀ ပတ်လည်တစ်ကွက်ကို သိန်း၂၅၀၀ ဖြင့်ဈေးဖွင့်ထားသည်။
အဆိုပါမြေကွက်များကို VIP အကွက်များဟု နေပြည်တော်ရှိအိမ်ခြံမြေအကျိုးဆောင်များကခေါ်ပြီး အိမ်အပေါ်တွင်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိတတ်သည်။ ပုံမှန်အားဖြင့် VIPမြေကွက်များမှာ ၁၀၀ ပတ်လည် တစ်ကွက်ကို သိန်း၁၂၀၀မှ၁၅၀၀ကြားပေါက်ဈေးရှိကြောင်း အကျိုးဆောင်များကပြောသည်။
ရာဇသင်္ဂဟအိမ်ရာနှင့်မလှမ်းမကမ်းတွင်ညွှန်ချုပ်များအိမ်ရာရှိပြီး ညွှန်ချုပ်အိမ်ရာနှင့်မျက်နှာချင်းဆိုင်တွင်ဖော်နေသောမြေကွက်များမှာ NLDအစိုးရအဖွဲ့အတွက်ဟုသတင်းထွက်နေခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးတစ်ဦးအား ပေ ၂၀၀ ပတ်လည်မြေတစ်ကွက်ကို ကျပ်သိန်း ၅ဝ ဖြင့်လျှောက်ထားခွင့်ပြုမည်ဖြစ်ပြီး သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်၏မြေကွက်မှာပေ ၂၀၀ ထက်ပိုကျယ်မည်ဟု အစိုးရနှင့်နီးစပ်သောသတင်းအရင်းအမြစ်တစ်ဦးက Frontier သို့ပြောသည်။
သို့သော် ဒက္ခိဏသီရိရှိ ပေ ၈၀ ပတ်လည် မြေကွက်များကို ကျပ်သိန်း ၂၅၀ သတ်မှတ်ထားရာ ပြည်ထောင်စုဝန်ကြီးတစ်ဦးအား ပေ ၂၀၀ ပတ်လည်မြေတစ်ကွက်ကို ကျပ်သိန်း ၅ဝ ဖြင့်လျှောက်ထားခွင့်ပြုမည်ဆိုခြင်းမှာ ဖြစ်နိုင်ချေနည်းသော်လည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဟောင်းဦးရဲထွဋ်ကမူပြည်သူ့ဘဏ္ဍာငွေအသုံးပြုသည့်စီမံကိန်းများနှင့်ပတ်သက်လျှင် ဘတ်ဂျက်တွင်ထည့်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ကအတည်ပြုမှသာသုံးစွဲခွင့်ရှိကြောင်းပြောသည်။
“နေပြည်တော်စီမံကိန်းနဲ့ပတ်သက်ရင်အဲ့ဒီလိုလုပ်ထုံးလုပ်နည်းနဲ့ညီမညီလွှတ်တော်ကစိစစ်ဖို့လိုပါတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်နှင့်ပတ်သက်သည့်ဘတ်ဂျတ်များကို စိစစ်ရသည့် ဒီချုပ်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်မင်းအားမေးမြန်းရာ လက်ရှိမြေကွက်ဖော်ဆောင်မှုများမှာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့်ဘတ်ဂျတ်တွင် မပါကြောင်းပြောသည်။
ဒက္ခိဏရှိ ကျပ် သိန်း ၂၅၀တန် မြေကွက်များမှာ ယခင်ကထဲဖော်ဆောင်ထားသည့်မြေကွက်များဟု ၎င်းကပြောသည်။
သို့သော် နေပြည်တော်စည်ပင်သာယာရေးဥပဒေအရ ကော်မတီသည် မိမိရန်ပုံငွေဖြင့် ရပ်တည်ရမည်ဖြစ်ပြီး လိုအပ်ပါက ဖြည့်ဆည်းလိုသည့်ရံပုံငွေအတွက် အစိုးရထံမှအထောက်အပံ့ရယူနိုင်သည်။
၂၀၁၈ – ၁၉ ဘတ်ဂျက် ဥပဒေ ပုဒ်မ ၃၅ တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီသည် မိမိဘဏ္ဍာငွေအပေါ် ရပ်တည်၍ လုပ်ငန်းများ ကို မိမိဘဏ္ဍာငွေ အစီအစဉ်ဖြင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော် ၂၀၁၉-၂၀၂၀ ဘတ်ဂျတ်ဥပဒေတွင်မူ ပုဒ်မ ၃၄ တွင်မူ နေပြည်တော် စည်ပင်သာယာရေးကော်မတီသည် မိမိဘဏ္ဍာငွေအပေါ် ရပ်တည်၍ လုပ်ငန်းများ ကို မိမိဘဏ္ဍာငွေ အစီအစဉ်ဖြင့်ဆောင်ရွက်ရမည်ဟုသာပါရှိတော့ပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရမည်ဟူသည့်စာသားမပါဝင်တော့ပေ။
ပြည်ထောင်စုအဆင့် အဆောင်အယောင်
တပ်မတော်အစိုးရသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသွင်ကူးပြောင်းပြီးနောက် အစိုးရအသစ်အတွက်အဆောင်အယောင်များစွာကို ဥပဒေပြဌာန်းပေးခဲ့သည်။
နိုင်ငံတော်သမ္မတ၏ အဆောင်အယောင်မှာ မနည်းလှပေ။ ကြီးကျယ်ခန်းနားလှသောအိမ်တော်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်အတွက် အိမ်တော်ဝန်နှင့် အိမ်တော်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (ကြီးကြပ်သူတာဝန်ခံ၊ ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခဝါ၊ အိမ်အကူနှင့် သန့်ရှင်းရေးစသည်များ)တို့ကိုအဆောင်အယောင်အဖြစ်ရရှိသည်။
အိမ်တော်နှင့် ယင်းအိမ်တော်ဝင်းကို ထိန်းသိမ်းစောင့်ရှောက်မှု အခမဲ့ခံစားခွင့်ရှိပြီးအိမ်တော်ဆိုင်ရာ လိုအပ်သည့်ပရိဘောဂနှင့် ထိန်းသိမ်းစောင့်ရှောက်မှုစရိတ်များခံစားခွင့်ရှိသည်။
လုံခြုံရေးအစောင့်အရှောက်၊ကိုယ်ရံတော်အရာရှိနှစ်ဦးနှင့် ကိုယ်ရေးအရာရှိနှစ်ဦးလည်းရရှိသည်။ ရေ၊လျှပ်စစ်နှင့်ဖုန်း အခမဲ့သုံးစွဲခွင့်လည်းရရှိသည်။ မော်တော်ယာဉ်ခြောက်စီး၊ ယာဉ်မောင်းခြောက်ဦးနှင့်စက်သုံးဆီအခမဲ့သုံးခွင့်လည်းပါသည်။
ဒုတိယသမ္မတ၏ အဆောင်အယောင်မှာ သမ္မတနီးတူဖြစ်ပြီး ကားနှင့်ဝန်ထမ်းအနည်းငယ်သာကွာသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တို့သည်လည်း ဒုတိယသမ္မတအဆောင်အယောင်နှင့်မတိမ်းမယိမ်းသာဖြစ်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌတို့သည် အဆောင်အယောင်တို့သည် အနည်းငယ်စီသာ လျှော့နည်းသွားကြသည်။
ထို့အပြင် ၎င်းတို့အတွက်ပင်စင်ခံစားခွင့်လည်းရှိကြသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအတွက် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အစိုးရနေအိမ်တွင်အခမဲ့နေထိုင်ခွင့်ကိုဥပဒေအရပေးထားသော်လည်း အနားယူလျှင်နေထိုင်ရန်အတွက် အဆောင်အယောင်ဥပဒေကပေးမထားပေ။
အခွန်ထမ်းပြည်သူတစ်ဦးဖြစ်သူ မဇာနည်ကမူ အဂတိမလိုက်စားဘဲတိုင်းပြည်အတွက်တာဝန်ကျေသည့် အစိုးရအဖွဲ့ဝင်များအတွက်ဆိုလျှင် ၎င်းတို့အနားယူမည့်အချိန်အတွက် မြေကွက်ကိစ္စစီစဉ်ပေးခြင်းမှာ သင့်တော်သည့်ကိစ္စဟု မှတ်ချက်ပြုသည်။