နာဂဒေသ ကျန်းမာရေးအတွက် ရွှေ့လျားဆေးခန်းများက ကူညီနေ

မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသတစ်ခုတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ ဖြည့်ဆည်းပေးနေကြသော်လည်း ယုံကြည်မှုတည်ဆောက်ခြင်းနှင့် သွားလာရန်ခက်ခဲသော လမ်းများက ကြီးမားသည့် စိန်ခေါ်မှုများဖြစ်နေသေးသည်။

ဗစ်တိုးရီးယားမီလ်ကို ရေးသားသည်။

မြင့်မားသည့် တောင်ကုန်းများအပေါ် အိန္ဒိယနယ်စပ်နှင့် ၂၅ ကီလိုမီတာခန့်အကွာရှိ ဟေးကျွမ်ရွာရှိ ကျောင်းဆောင်ငယ်လေးတစ်ခုတွင် ရိုးရာလက်လုပ်ခြုံစောင်များ ရစ်ပတ်ထားကြသည့် အမျိုးသမီးများနှင့် ကလေးများ စုဝေးနေကြသည်။ ထိုနေရာတွင် ရွေ့လျားဆေးခန်းတစ်ခုဖွင့်လှစ်ထားခြင်းဖြစ်သည်။

နံနက်ပိုင်းတွင် မျက်စိနာခြင်းမှ အသေးစားဒဏ်ရာများအပြင် ကိုယ်ဝန်စမ်းသပ်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အားလုံးအတွက် အခမဲ့ကုသပေးခြင်းဖြစ်သည်။ ထိုဆေးခန်းသည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနေရာများထဲမှ တစ်ခုဖြစ်သော နိုင်ငံ၏ အနောက်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ အစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လမ်းများနှင့် ဆက်သွယ်ရေးတာဝါတိုင်များကဲ့သို့ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုများ နှေးကွေးနေသေးသည်။

ဝေးလံခေါင်သီမှုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အဓိကကန့်သတ်ထားသည်။ ယင်းဒေသရှိ ကျေးရွာအများအပြားမှာ ခြေလျင်လမ်းကိုသာ အသုံးပြုနေရပြီး ကျန်းမာရေးဆရာဝန်၊ ဆရာမများနှင့် အဆက်အသွယ် ပြုလုပ်နိုင်ခြင်းက ရှားပါးလှသည်။ နာမကျန်းဖြစ်မှုကို ကုသရန် ကြိုးပမ်းသည့်အခါ အိမ်မွေးတိရစ္ဆာန်များကို ယစ်ပူဇော်ခြင်း၊ တိရစ္ဆာန်သွေးကို သောက်ခြင်းကဲ့သို့ အတိတ်ကာလက အလေ့အထများကို လိုက်နာကျင့်သုံးနေကြဆဲဖြစ်သည်။ ထိုအလေ့အထများသည် ၎င်းတို့ထံ ခရစ်ယာန်သာသနာပြုများ ရောက်ရှိလာကာ ၎င်းတို့အား ခရစ်ဘာသာဝင်များအဖြစ် မပြောင်းလဲမီက အလေ့အထများဖြစ်ကြသည်။

၂ဝ၁၆ ခုနှစ်က လူ ၄ဝ ကျော်သေဆုံးစေခဲ့သည့် ဝက်သက်ရောဂါဖြစ်ပွားမှုက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုများ၌ ကွာဟချက်ရှိနေကြောင်း ပြသခဲ့သည်။ ထိုရောဂါဖြစ်ပွားမှုက ဒေသခံ ၆၂,ဝဝဝ အပေါ် သက်ရောက်မှုရှိနေသည်ကို တစ်နိုင်ငံလုံးသိမြင်လာအောင် မီးမောင်းထိုးပြသလိုက်ခြင်းလည်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများကမူ ၎င်းတို့အနေဖြင့် အတတ်နိုင်ဆုံးလုပ်ဆောင်ပေးနေသည်ဟု ပြောကြာကြသည်။

“ဒီဒေသမှာ ကျွန်တော်တို့ ကျန်းမာရေးဌာန ၇ ခုရှိပြီး ကာကွယ်ဆေးထိုးပေးတာ၊ မိခင်နဲ့ကလေးကျန်းမာရေး စောင့်ရှောက်မှု သတင်းအချက်အလက်တွေ ပေးတာနဲ့ ရောဂါထိန်းချုပ်မှုတွေ ဆောင်ရွက်ပေးပါတယ်” ဟု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်လဟယ်မှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာထက်ဦးဝေက ပြောသည်။ “ဒါပေမဲ့ ဒီဟာတွေ လုပ်ဆောင်ရာမှာ ကျွန်တော်တို့ကို ကူညီဖို့ မိတ်ဖက်တွေ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

ကွာဟချက်များကို ဖြည့်ဆည်းပေးခြင်း

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) မှာ ကျန်းမာရေးဝန်ဆောင်မှုများအတွက် မိတ်ဖက်တစ်ဦးဖြစ်သည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၎င်းတို့ ဂျီနီဗာအခြေစိုက် လူသားချင်းစာနာမှုအဖွဲ့က လုပ်ငန်းများ လုပ်ဆောင်နေသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း နာဂဒေသအတွက် MSF ၏ စီမံကိန်းဒါရိုက်တာ မစ္စတာဂျော့ချစ်ဟန်တာက Frontier ကို ဖေဖော်ဝါရီလက ပြောကြားခဲ့သည်။

“ကားတွေ၊ ဆိုင်ကယ်တွေပေါ်က ရွေ့လျားဆေးခန်းတွေကစပြီး အဓိကကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအထိ လုပ်ဆောင်ပေးနေပါတယ်။ လဟယ်မြို့ဧရိယာမှာလည်း မိခင်နဲ့ကလေးကျန်းမာရေးအတွက် ဆေးရုံနဲ့ တီဘီဆေးခန်းတွေမှာ လုပ်ဆောင်ပေးပါတယ်။ တကယ်တော့ ကျွန်တော်တို့က ဒီဒေသမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေထဲက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာပါ” ဟု ၎င်းကပြောသည်။ 

လေဝင်လေထွက်နည်းသည့် အိမ်တွင်း၌သာ ချက်ပြုတ်ကြသည့် အစဉ်အလာကြောင့် မျက်စိနှင့် အဆုပ်ရောဂါမှုများ အဖြစ်များလေ့ရှိကြသည်။ ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

လေဝင်လေထွက်နည်းသည့် အိမ်တွင်း၌သာ ချက်ပြုတ်ကြသည့် အစဉ်အလာကြောင့် မျက်စိနှင့် အဆုပ်ရောဂါမှုများ အဖြစ်များလေ့ရှိကြသည်။ ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

နာဂဒေသတွင် MSF ၏ဆောင်ရွက်ချက်များတွင် ကာကွယ်ဆေးထိုးရေး လှုံ့ဆော်မှုများပြုလုပ်ခြင်း၊ ကျေးရွာများတွင် လက်ဆေးရန်နေရာများ တည်ဆောက်ခြင်းနှင့် လဟယ်ဆေးရုံတွင် ဆေးဝါးစွန့်ပစ်ပစ္စည်းများ ဖယ်ရှားရှင်းလင်းသည့် အဆောက်အအုံတစ်ခု ဆောက်လုပ်ခြင်းတို့ ပါဝင်သည်။

သန့်ရှင်းရေးနှင့် ကျန်းမာရေးပညာပေးမှုနှင့်အတူ ရေအရင်းမြစ်များ မသန့်မရှင်းဖြစ်စေမှုကို တားဆီးကာကွယ်ပေးရန်အတွက် ကျေးလက်ဒေသများမှ စွန့်ပစ်ပစ္စည်းများရှင်းလင်းရေးအတွက် အန္တရာယ်ကင်းရှင်းသည့်နေရာများကို ဖန်တီးပေးနေသည်။

“အန္တရယ်ကင်းရှင်းတဲ့ အမှိုက်ပစ်ဖို့နေရာတွေ ဖန်တီးခြင်းက သိပ်ကိုအရေးပါပါတယ်”  ဟု MSF ၏  လက်ထောက် ကွင်းဆင်းညိနှိုင်းရေးမှူးတစ်ဦးဖြစ်သည့် နာဂအသိုင်းအဝိုင်းမှ အီနိုဂျွန်စောလှိုင်က ပြောသည်။ “အရင်ကတော့ လူတွေက အမှိုက်တွေကို မြစ်ထဲပဲ စွန့်ပစ်ကြတယ်။ ပြီးတော့ လူတွေက ဒီရေကိုပဲ သောက်တယ်။ ဒါက လူတွေအတွက် ကျန်းမာရေးနဲ့ အတော့်ကို မညီပါဘူး” ဟု ၎င်းကဆိုသည်။

ဒေသခံများမှာ MSF ၏ရွေ့လျားဆေးခန်းများ၏ အကျိုးကျေးဇူးများခံစားနေရပြီဖြစ်သည်။ လဟယ်မြို့နယ်မှ ကွာဝေးသည့် နေရာများသို့ ရောက်ရှိရန် မော်တော်ဆိုင်ကယ်များနှင့် လေးဘီးယက်ကားများကို MSF ကအသုံးပြုနေသည်။

အဆိုပါရွေ့လျားဆေးခန်းများက အခမဲ့ကျန်းမာရေးစစ်ဆေးမှုများ၊ ဆေးဝါးများပေးခြင်း၊ ကိုယ်ဝန်ဆောင်များကို စမ်းသပ်စစ်ဆေးမှုများနှင့် အခြားဝန်ဆောင်ပေးမှုများ ဆောင်ရွက်ပေးနေသည်။ လိုအပ်ပါက ရွေ့လျားဆေးခန်းမှ ဆရာဝန်နှင့် သူနာပြုများက လဟယ်ရှိဆေးရုံသို့လည်းကောင်း၊ နာဂဒေသ၏ပြင်ပရှိ ခန္တီးဆေးရုံသို့လည်းကောင်း လွဲပြောင်းပေးသည်။

“ချက်ခြင်းကုသ စောင့်ရှောက်ဖို့လိုအပ်တဲ့ ရွာသူ၊ ရွာသားတွေကို ကျွန်တော် တို့ဝန်ထမ်းတွေက အရေးပေါ် သယ်ယူပို့ဆောင်ပေးရတာတွေလည်း ရှိပါတယ်” ဟု ဟန်တာကပြောသည်။ “တခြားရွေးချယ်စရာကတော့ ဆေးရုံတစ်ခုကိုရောက်ဖို့ ရက်အတော်ကြာ သူတို့လမ်းလျှောက်သွားမှ ရမယ်။ ဒါမှမဟုတ် သူတို့ကို သယ်ပို့ပေးရမယ်”  ဟု ၎င်းက ဆိုသည်။

သို့သော် ဒေသရှိ လူအများအပြားမှာ အဆီဓာတ်နည်းသည့်အစားအစာနှင့် ခွန်အားစိုက်ရသည့် စိုက်ပျိုးရေးလုပ်ငန်းကြောင့် ကျန်းမာရေးကောင်းကြသည်ဟု ဟန်တာကပြောသည်။ သို့သော်လည်း ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးတွင် စိုက်ခင်းသစ်အတွက် မီးရှို့ခြင်းနှင့် လေဝင်လေထွက်နည်းသည့် အိမ်တွင်း၌သာ ချက်ပြုတ်ကြသည့် အစဉ်အလာကြောင့် မျက်စိနှင့် အဆုပ်ရောဂါမှုများ အဖြစ်များလေ့ရှိကြသည်။

ဒေါက်နာဖရန့်စမစ်သူးဝစ်နှင့် ဒေါက်တာနီနီထွန်းတို့ စတင်ထူထောင်ခဲ့သည့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Medical Action Myanmar သည် ၂ဝ၁၇ ခုနှစ်ကတည်းက အဆိုပါဒေသတွင် ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်ပေးသည့် ရွေ့လျားဆေးခန်းများဖြင့် ကူညီပေးနေသည်။

“ဒီဒေသက လူအများစုက ဆရာဝန်တစ်ယောက်ဆီကို သွားဖို့ သူတို့မှာ ငွေကြေးမရှိကြပါဘူး။ ဒါကြောင့် ရွာမှာ ကျွန်တော်တို့ ယာယီဆေးခန်းတစ်ခု ဖွင့်လိုက်တဲ့အခါ တစ်ခါတစ်လေ ဆရာဝန်အိပ်နေရင်တောင် သူတို့က အပြင်မှာ စောင့်နေကြလေ့ရှိတယ်။ ဒါမှသာသူတို့ ဆရာဝန်နဲ့ ချိန်းဆို ကုသနိုင်မှာပါ။ ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ အဲဒီမှာ ရှိနေတာ သူတို့ တကယ့်ကို ကျေနပ်ဟန်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

နာဂမိသားစုတစ်စုနှင့် MSG က ဆောင်ရွက်နေသည့် ရွှေ့လျားဆေးခန်း ။ ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

နာဂမိသားစုတစ်စုနှင့် MSG က ဆောင်ရွက်နေသည့် ရွှေ့လျားဆေးခန်း ။ ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

အတားအဆီးများနှင့် တံတားများ

နာဂတွင် လုပ်ကိုင်နေသည့် အဖွဲ့များအတွက် အချိန်ယူကျော်လွှားရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိသည်။ သာဓကအားဖြင့် လမ်းပန်းဆက်သွယ်ရေး မလုံလောက်ခြင်းကြောင့် အချို့ရွာများသို့ ရောက်ရှိရန် ခက်ခဲနေသည်။

“တော်တော်များများမှာ လမ်းဆိုပေမယ့် လမ်းလို့တောင် ခေါ်လို့မရတဲ့ လမ်းတွေဖြစ်နေတာပါ” ဟု ဟန်တာကဆိုသည်။ “သာဓကအနေနဲ့ပြောရရင် ကျွန်တော်တို့ အလုပ်တွေအများကြီးလုပ်ချင်တဲ့ ရွာတစ်ရွာရှိတယ်။ ဒါပေမယ့် လမ်းက ပျက်စီးနေတယ်။ ကား၊ ဆိုင်ကယ်နဲ့ မြို့ကို သွားလို့ရနိုင်ဖို့အတွက် နောက်ထပ် တစ်နှစ်လောက်ကြာလိမ့်ဦးမယ်” ဟု ၎င်းကဆိုသည်။

အခြားသောအတားအဆီးများမှာမူ ဆက်သွယ်ရေး၊ ယုံကြည်မှုတို့နှင့် သက်ဆိုင်နေသည်။ 

“ဒီကလူတွေက ကျန်းမာရေးဗဟုသုတမရှိသလောက် အတော့်ကိုနည်းပါတယ်။ ဒါပေမယ့် အပြင်ကလူတွေ၊ ဒါမှမဟုတ် သူတို့ မသိတဲ့သူတွေနဲ့ ဆက်ဆံရင် သတိထားတယ်” ဟု MSF နှင့် အလုပ်လုပ်နေသည့် သူနာပြုတစ်ဦးဖြစ်သူ ဒေါ်မေစန္ဒီအောင်က ပြောသည်။ “လူတွေကို ယုံကြည်လာဖို့ သူတို့အတွက် အချိန်တစ်ခုတော့လိုတယ်။ ဒါက ဒီမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီဆောင်ရွက်ပေးချင်တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုပါ” ဟု ၎င်းက ပြောသည်။

ဘာသာစကားအတားအဆီးကလည်း နက်ရှိုင်းလှသည်။ အဘယ့်ကြောင့်ဆိုသော် နာဂလူမျိုးအများအပြားမှာ ဗမာစကားမပြောတတ်ကြပေ။ ထို့အပြင် မတူညီသည့် နာဂဒေသိယစကားများမှာလည်း အပြန်အလှန် နားမလည်ကြပေ။ သက်ဆိုင်ရာဒေသသုံးစကားကျွမ်းကျင်သည့် ဝန်ထမ်းမပါသော အဖွဲ့အစည်းများမှာ ၎င်းတို့အတွက် ဘာသာပြန်ပေးရန် ကျေးရွာအဆင့် အစိုးရအုပ်ချုပ်ရေးမှူးများကို အားကိုးကြရသည်။

ချင်တွင်းမြစ်ကို ဖြတ်ကူးထားသည့် တံတားသစ်တစ်စင်းက ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးခဲ့ပြီး ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိလာကြသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းတံတားက လဟယ်နှင့် ခန္တီးကို ချိတ်ဆက်ပေးထားခြင်းကြောင့်ဖြစ်သည်။ ခန္တီးသည် ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ချိတ်ဆက်ထားသည့်အပြင် မြန်မာနိုင်ငံ၏ ကျန်ဒေသများကိုလည်း အဝေးပြေးလမ်းမှ သွားရောက်နိုင်သောကြောင့်ဖြစ်သည်။

သို့သော်လည်း လောလောဆယ်တွင် နာဂဒေသရှိ ဒေသခံအများစုမှာမူ ဟောင်းနွမ်းနေသည့် အစိုးရဆေးခန်းများ၊ သို့မဟုတ် စာသင်ကျောင်းဆောင်များနှင့် ကျေးရွာအသင်းတိုက်များတွင် အခြေချသည့် ရွေ့လျားဆေးခန်းများတွင်သာ ဆက်လက် ဆေးကုနေရဦးမည်ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ- MSF က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ဓာတ်ပုံ- Scott Hamilton | MSF

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar