Residents of Aung Chan Thar ward in Monywa gather for an evening protest against the military regime in early May. (Frontier)
မုံရွာမြို့၊ ရပ်ကွက်တစ်ခုတွင် မေလ အစောပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ဆင်နွှဲနေကြစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

“သောက်ကြောတင်း မုံရွာ”ဂုဏ်ပုဒ် နောက်ကွယ်က အဖြူအစိမ်းဝတ်များ

စစ်ကိုင်းတိုင်း၊ မုံရွာတွင် ဆန္ဒပြပြည်သူများသည် အန္တရာယ်ကြားကပင် သပိတ်တိုက်ပွဲများကို ဆက်လက်ဆင်နွှဲလျက်ရှိကြသည်။ အာဏာရှင်စနစ်ကို လုံးဝလက်မခံကြောင်း အာဏာသိမ်းစစ်အုပ်စုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ပါ ဆက်လက်အသိပေးလိုခြင်းနှင့် ကျဆုံးသွားသည့် သူရဲကောင်းများကိုလည်း ဂုဏ်ပြုလို၍ဖြစ်သည်။

ဖရွန်းတီးယားမြန်မာ

အသက် ၃၆ နှစ် အရွယ် ပုဂ္ဂလိကကျောင်းဆရာမတစ်ဦးသည် သူခေတ္တခိုလှုံလျက်ရှိသည့် နေရာတစ်ခုတွင် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်စဉ် မျက်နှာက နာကျင်မှုဒဏ်ကြောင့် ရှုံ့မဲ့သွားသည်။ ၎င်းသည် စစ်ကောင်စီက အလိုရှိနေသည့် မုံရွာနယ်ခံ လှုပ်ရှားတက်ကြွသူ တစ်ဦးဖြစ်သည်။

ဧပြီလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတစ်ခုအား အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နံပါတ်တုတ်ဖြင့်ရိုက်နှက်ခဲ့ရာ ခါးတွင်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာကို သက်သေလာစေရန် ဆေးလိမ်းကာ ခါးစည်း စည်းထားရသည်။ ထိုနေ့ကအကြမ်းဖက်ဖြိုခွင်းမှုတွင် သူ လွတ်မြောက်ခဲ့သော်လည်း အခြားဆန္ဒပြဖော် အချို့ကတော့ ဖမ်းဆီးခံခဲ့ရသည်။

ဦးခေါင်းနှင့် ခါးတို့တွင် ထိခိုက်ဒဏ်ရာ ရရှိထားသော်လည်း ဆေးရုံသို့သွားလျှင် ဖမ်းဆီးခံရနိုင်၍ ဆရာမက ၎င်း၏ မိသားစုဆရာဝန်နှင့်သာ လျှို့ဝှက်တွေ့ဆုံလျက် ဆေးကုသမှု ခံယူခဲ့ရသည်။ ထိုနေ့က ကံကောင်း၍သာ သီသီလေးလွတ်သွားသည်ဟု သူတွေးသည်။

“အဲဒီနေ့က တချို့တွေ လွတ်အောင်မပြေးနိုင်ခဲ့ကြဘူး”ဟု လုံခြုံရေးအရ အမည်ထုတ်ဖော်ရေးသားခြင်းမပြုရန် မေတ္တာရပ်ခံထားသည့် ဆရာမက ပြောသည်။

ခါးက အတောမသတ်နာကျင်နေသော်လည်း မုံရွာြမို့က သပိတ်လှုပ်ရှားမှုများအကြောင်းနှင့် ယင်းသပိတ်တိုက်ပွဲများ အပေါ် ခိုင်မာသည့် သန္နိဋ္ဌာန်ချမှတ်ထားပုံကို သူက ပြောပြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် မုံရွာမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်တိုက်ပွဲများကို ဦးဆောင်လှုပ်ရှားနေသူများတွင် ကျောင်းသားလူငယ်များနှင့် ဆရာ၊ ဆရာမများလည်း တက်ကြွစွာ ပါဝင်လျက်ရှိကြသည်။

လက်နက်မဲ့အရပ်သားပြည်သူများအား ပစ်ခတ်မှု အပါအဝင် အကြမ်းဖက်ဖြိုခွင်းမှုများသည် ဖေဖော်ဝါရီလ နှောင်းပိုင်းကတည်းက မုံရွာ၌ စတင်ခဲ့သော်လည်း ဆန္ဒပြပွဲများအပါအဝင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်လှုပ်ရှားမှုများအား စစ်ကောင်စီက ငြိမ်ဝပ်ပိပြားအောင် ထိန်းချုပ်၊ နှိပ်ကွပ်နိုင်ခြင်း မရှိသေးဟု ဆရာမက အခိုင်အမာဆိုသည်။

“မုံရွာကို ငြိမ်သွားပြီလားလို့ တချို့က မြင်ကြတယ်။ ငြိမ်သွားပြီလားလို့ ပြောပြီဆိုကတည်းက ကျမတို့ သိလိုက်တယ်။ ဒီလူတွေက ဘာမှလုပ်ရှားမှုမရှိတဲ့သူ၊ ဘာမှမလှုပ်ရှားဘဲ အိမ်မှာပဲနေပြီး ဖုန်းတစ်လုံးနဲ့ သတင်းလေးတွေပဲ ထိုင်ဖတ်နေလို့” ဟု ကလေးနှစ်ယောက် မိခင်လည်း ဖြစ်သည့် ဆရာမက ပြောသည်။

“ဒီအချိန်မှာ ကျမတို့အားလုံးက ကိုယ်နိုင်သလောက်အတိုင်းအတာနဲ့ လှုပ်ရှားနေကြတယ်။ အခုဆိုရင် မုံရွာမှာ လှုပ်ရှားရတာ တော်တော်လည်း ကျပ်တယ်၊ ဒါပေမဲ့လည်း တော်လှန်ရေးရဲ့ ဒေါက်တိုင်တွေ အားလုံးဟာ အားကောင်းနေရမယ်လို့ ကျမတို့ နားလည်ထားတယ်”

စစ်အာဏာရှင်ဆန့်ကျင်ရေးသည် လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ ရောက်ရှိလာသည့်တိုင် မုံရွာမြို့ဝန်းကျင် အပူပိုင်းဒေသတစ်ကြောက မြို့ရွာများရှိ ဒေသခံများသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားမှုများအား နေ့စဉ်ရက်ဆက်ဆိုသလိုပင် ဆက်လက်ဆင်နွှဲနေကြဆဲဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း၌ အန္တရာယ်များအကြားက သပိတ်တိုက်ပွဲများကို နေ့စဉ်ပုံမှန်ဆက်လက် လှုပ်ရှားဆင်နွှဲနေသည့် မြို့အနည်းငယ်တွင် မုံရွာလည်း အဓိကပါဝင်လျက်ရှိသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဦးဆောင်ကြိုးပမ်းချက်များနည်းတူ အစိုးရဝန်ထမ်းများ၏ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုနှင့် ပြည်သူများ၏ လမ်းမများပေါ်ရှိ သပိတ်တိုက်ပွဲများကလည်း အရေးကြီးသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားနေသူများက ဖရွန်းတီးယားမြန်မာ မေလအတွင်း မုံရွာသို့သွားရောက်စဉ်တွင် ပြောဆိုကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားနေသည့် ဒေသခံလူငယ်များသည် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ ရှိနေသည့်ကြားက နေ့စဉ်နီးပါး ဆန္ဒပြပွဲများဆက်ရှိနေသေးသည့် ၎င်းတို့၏မြို့ကို “စောက်ကြောတင်း မုံရွာ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ဝိသေသပြုကြသည်။

မေ ၄ ရက်က ပြည်သူ ၁၀၀ ကျော် ပါဝင်သည့် လျှပ်တစ်ပြက်ဆန္ဒပြပွဲတစ်ခုကို ဖရွန်တီးယားမြန်မာက အနီးကပ် လိုက်ပါလေ့လာခွင့်ရခဲ့သည်။ ဆန္ဒပြပွဲပြုလုပ်မည့် ရပ်ကွက်အတွင်းသို့ မြို့နေရာအနှံ့မှ ပြည်သူများ အစုလိုက်၊ အဖွဲ့လိုက် ရုတ်တရက်စုဝေးရောက် ရှိလာကြသည်။ ရပ်ကွက်တွင်းသို့ လှည့်လည်၍ သပိတ်စစ်ကြောင်း မလျှောက်ခင် ကင်းထောက်များက ရပ်ကွက်တစ်ခုလုံးနှင့် ပင်မလမ်းမကြီးများအား ဦးစွာလှည့်လည်၍ စစ်သားနှင့် ရဲများ ရှိ၊ မရှိအကဲခတ်သည်။ အားလုံးရှင်းကြောင်း အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် သပိတ်စစ်ကြောင်းကို စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် စတင်လိုက်ကြသည်။

ရပ်ကွက်နေပြည်သူများအနက် အချို့ကလည်း စစ်ကြောင်းနောက် လိုက်လာကြသလို အချို့ကလည်း နေအိမ်ရှေ့ထွက်ကာ လက်ခုပ်တီး၍ အားပေးခြင်း၊ သပိတ်စစ်ကြောင်းတွင် လိုက်ပါလာသူများအား ရေသန့်ဘူး၊ အချိုရည်ဘူးများ ဝေပေးခြင်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်မှုကို ထုတ်ဖော်ပြသခဲ့ကြသည်။ သို့ရာတွင် ဆန္ဒပြပွဲသည် မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကြောင်းသည် လမ်းမကြီးများနှင့် အလှမ်းဝေးရာ၊ ရပ်ကွက်တွင်းက လမ်းကျဉ်းတစ်နေရာအရောက်တွင် ရပ်တန့်လိုက်သည်။ ထို့နောက် သပိတ်ခေါင်းဆောင် တစ်ဦးက ခေတ္တမျှ မိန်းခွန်းပြောကြားသည်။

“နွေဦးတော်လှန်ရေးကို အစပျိုးခဲ့တဲ့ လမ်းပေါ်သပိတ်တွေဟာဆိုရင် အခုချိန်ထိ မပျောက်သွားသေးဘူး” ဟု မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုသန်းကျော်ဦးက ဆန္ဒပြပြည်သူများကို ပြောသည်။

“ဒီလို လမ်းပေါ်သပိတ်တိုက်ပွဲ မပျောက်သေးတာဟာ စစ်ကောင်စီရဲ့ အရှိုက်ကို အရမ်းထိတယ်။ စစ်ကောင်စီကို များစွာ အခက်တွေ့စေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လိုချင်နေတဲ့ ဒေသန္တရအုပ်ချုပ်ရေးလို့ခေါ်တဲ့ အုပ်ချုပ်ရေးစနစ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း အခုချိန်ထိ လုံးလုံးမရှိသေးဘူး”ဟု ၎င်းက ပြောသည်။

“ကျနော်တို့တွေက ဆက်ပြီး ဆန့်ကျင်ဆန္ဒပြသွားမယ်။ အဲဒီတော့ ကျနော်တို့ မုံရွာဟာလည်း စောက်ကြောတင်း မုံရွာဆိုတဲ့ ကျနော်တို့ရဲ့ ဂုဏ်ပုဒ်ကို လက်ရှိအချိန်ထိ ဖော်ပြနိုင်သေးတယ်”

Participants in a flash protest in Monywa on May 4 hold a banner that reads, "No one can govern Monywa at all!" Monywa is one of the few towns that still has near-daily protests against the military regime. (Frontier)
မေ ၄ ရက်က မုံရွာမြို့တွင် လျှပ်တစ်ပြက် ဆန္ဒပြပွဲအပြီး ပြည်သူအချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ခဲလေသမျှ သဲရေကျခဲ့သည်

အာဏာသိမ်းသည့်နေ့က အထက်တန်းပြဆရာမ ဒေါ်ကြွယ်ကြွယ်သည် အမှတ်စာရင်းများ စစ်ဆေးရန် မုံရွာမြို့သို့ ရောက်ရှိနေသည်။

“အဲဒီနေ့က ကျမ ငိုခဲ့ရတယ်”ဟု အာဏာသိမ်းသည့်ဖြစ်စဉ်ကို သိရှိပြီးနောက် ဝမ်းနည်းခဲ့ရသည့် သူ့အဖြစ်ကို ၎င်းက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။ “မုံရွာမှာ လူတိုင်းက ဝမ်းနည်းနေကြသလို ခံပြင်နေကြတယ်၊ ကျမလည်း ဒေါသ ထွက်တယ်”ဟု အသက် ၄၂ နှစ်အရွယ်၊ ကလေးသုံးယောက်မိခင်လည်းဖြစ်သူ ၎င်းကပြောသည်။

သို့နှင့် ဆရာမဒေါ်ကြွယ်ကြွယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တတ်နိုင်သမျှ ပါဝင်သွားရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ဖေဖော်ဝါရီ ၆ ရက်တွင် တာဝန်ကျရာ အထက်တန်းကျောင်းရှိ အခြားဆရာ၊ ဆရာမများနှင့်အတူ အဖြူ၊ အစိမ်း ကျောင်းစိမ်းဝတ်စုံများ ဝတ်ဆင်လျက် ရင်ဘတ်တွင် ဖဲကြိုးနီတပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ထို့ပြင် အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်၍ ဓာတ်ပုံများရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် အသိပေးဖြန့်ဝေသော လှုပ်ရှားမှုကို စတင်ခဲ့သည်။ နောက်နှစ်ရက်အကြာတွင် ၎င်းတို့ကျောင်းရှိ ဆရာ၊ ဆရာမ ၄၅ ဦးအနက် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၃၁ ဦးတို့သည် လမ်းပေါ်ထွက်၍ ဆန္ဒပြမှုတွင် စတင်ပါဝင်ခဲ့ကြသည်။

မုံရွာမြို့ခံ သတင်းရင်းမြစ်များ၏ လေ့လာခန့်မှန်းချက်အရ မုံရွာခရိုင်တစ်ခုလုံးရှိ ကျောင်းဆရာ၊ ဆရာမ သုံးပုံနှစ်ပုံခန့်သည် သပိတ်တိုက်ပွဲများနှင့် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ကိုယ်စားပြုပြီး  စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ရေဦးမဲဆန္ဒနယ် အမှတ်(၂)တွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက စစ်အာဏာရှင်စနစ်ကို ခုခံဆန့်ကျင်မှုတွင် ဒေသခံ ဆရာ၊ ဆရာမများ၏ ပါဝင်မှုက အဖိုးမဖြတ်နိုင်ကြောင်း ပြောကြားသည်။

“အင်မတန်မှ ကျေးဇူးကြီးတယ်၊ ကျေးဇူးလည်း အထူးတင်စရာကောင်းတယ်” ဟု ၎င်းက ဆိုသည်။

ဆရာမကြွယ်ကြွယ်သည် လက်ရှိအခြေအနေတွင် လမ်းပေါ်သပိတ်၊ လျှပ်တစ်ပြက်ဆန္ဒပြပွဲများတွင် မပါဝင်နိုင်တော့ပေ။ သို့ရာတွင် ၎င်းသည် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် တက်ကြွစွာ ဆက်လက်ပါဝင်နေပြီး ဘဝတူ CDM ဝန်ထမ်းများကိုလည်း ကူညီထောက်ပံ့သည့် လုပ်ငန်းစဉ်များတွင် ပါဝင်လျက်ရှိသည်။

၎င်း၏ ညီမဖြစ်သူ မလင်းလင်းမှာလည်း မုံရွာမြို့ပေါ်ရှိ အစိုးရကျောင်းတစ်ကျောင်းက ကျောင်းဆရာမတစ်ဦး ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် အင်န်အယ်လ်ဒီအစိုးရ ဒုတိယသက်တမ်းဖြစ်သော ယခုနှစ်တွင် စတင်မည့် ပညာရေးစနစ်သစ်အပေါ်များစွာ မျှော်လင့်ချက်ထားရှိခဲ့ကြပြီး မြန်မာပြည်ပညာရေး၏ အနာဂတ်အတွက် ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲမှု ဖြစ်လာမည်ဟု ရှုမြင်ထားခဲ့ကြသည်။ သို့သော် စစ်တပ်က အာဏာသိမ်း လိုက်ချိန်တွင် ၎င်းတို့မျှော်လင့်ခဲ့သမျှ အိပ်မက်များ လွင့်ပြယ်သွားသည်။

“ကျမတို့ ကြိုးပမ်းထားခဲ့သမျှဟာ အကုန်သဲထဲရေသွန်ဖြစ်သွားသလို ခံစားရတာ” ဟု ဆရာမကြွယ်ကြွယ်က ဆိုသည်။

အာဏာသိမ်းလိုက်သည့်နေ့က ဆရာမလင်းလင်းသည် ၎င်း၏ခင်ပွန်းလောင်းဖြစ်သူ မန္တလေးမှ မုံရွာသို့ လာရောက်သည်ကို စောင့်ဆိုင်းနေချိန်လည်း ဖြစ်သည်။ ၎င်းတို့သည် ဖေဖော်ဝါရီ ၃ ရက်တွင် မုံရွာမြို့၌ မင်္ဂလာပွဲ ကျင်းပရန် စီစဉ်ထားသည်။ သို့ရာတွင် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်တွင် စစ်တပ်က အင်တာနက်လိုင်းများကို ဖြတ်တောက်ထားရာ ဆရာမလင်းလင်းသည် ခင်ပွန်းလောင်းနှင့် တစ်နေကုန်နီးပါး အဆက်အသွယ် ပြတ်တောက်ခဲ့ရပြီး မင်္ဂလာပွဲပင် ကျင်းပနိုင်ပါမည်လားဟု စိုးရိမ်စိတ် များခဲ့ရသည်။

မင်္ဂလာပွဲသည် စီစဉ်ထားသည့်အတိုင်း ချောမွေ့စွာပြီးစီးခဲ့သော်လည်း သတို့သားနှင့် သတို့သမီး၏ စိတ်ထဲတွင်တော့ မင်္ဂလာအောင်ပွဲခံဖို့ထက် တိုင်းပြည်အခြေအနေအပေါ် စိတ်မောနေခဲ့ကြရသည်။ 

မင်္ဂလာပွဲကျင်းပပြီး နောက်တစ်နေ့တွင်တော့ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် ကြင်စဦး အိမ်ထောင်သည်ဘဝကို ခံစားမည့်အစား နွေဦးတော်လှန်ရေးအတွင်းသို့ သက်ဆင်းခဲ့ကြသည်။ လမ်းပေါ်သပိတ်တိုက်ပွဲများနှင့် CDM လှုပ်ရှားမှုတွင် ဆရာမလင်းလင်း ပါဝင်လာရာ ၎င်း၏ ခင်ပွန်းကလည်း ဇနီးအား ပါရမီဖြည့်၍ ကူညီခဲ့သလို ၎င်းကိုယ်တိုင်လည်း ပြည်သူတစ်ဦးအနေဖြင့် ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

ကျောင်းဆရာ၊ ဆရာမများ၏ သပိတ်များသည် အာဏာသိမ်းမှုဆန့်ကျင်ရေးအပေါ် နည်းလမ်းများစွာဖြင့် အကျိုးပြုသည်ဟု မလင်းလင်းက ဆိုသည်။

“မြန်မာနိုင်ငံမှာ စစ်မှုထမ်းအင်အားထက် ဆရာ၊ ဆရာမက အရေအတွက် ပိုများတယ်။ ဒါကြောင့်မို့လို CDM လှုပ်ရှားမှုမှာ အခြားအစိုးရဝန်ထမ်းတွေ နည်းတူ ကျမတို့ရဲ့ ပါဝင်မှုဟာလည်း အရေးကြီးပါတယ်” ဟု ဆရာမ လင်းလင်းက ဆိုသည်။

“အစိုးရဝန်ထမ်းတွေကို ကြည့်မယ်ဆိုရင် ကျောင်းသားတွေနဲ့ ထိတွေ့မှုရှိတာက ကျမတို့ ဆရာ၊ ဆရာမတွေပဲ ရှိပါတယ်။ ကျမတို့တွေ တော်လှန်ရေးမှာ ပါဝင်လိုက်ခြင်းအားဖြင့် လူငယ်တွေပါ ပိုပြီး ပါဝင်လာစေပါတယ်။ တကယ်လို့ ဆရာ၊ ဆရာမတစ်ယောက်ကို သူတို့က ဖမ်းဖို့ခြိမ်းခြောက်တာမျိုး ဆိုရင်လည်း ကျောင်းသားတွေက ကျမတို့ဘက်က ရပ်တည်ပေးပါတယ်” ဟု ၎င်းက ဆိုသည်။

ခိုင်မာသည့် သန္နိဋ္ဌာန် ကိုယ်စီရင်ဝယ်ပိုက်သည့်တိုင် ဆန္ဒပြလူငယ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းလာချိန်တွင်မူ ဆရာမလင်းလင်းနှင့် ဆရာမကြွယ်ကြွယ်တို့ ညီအစ်မနှစ်ဦးစလုံး ထိတ်လန့်သွေးပျက်လာသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းဇယားများအရ ဧပြီ ၃ ရက်မှ ဇွန် ၇ ရက်အထိ မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် အရပ်သားပြည်သူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ရကာ လူ၈၀ဦးဝန်းကျင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ပြည်သူများ အသက်သွေးချွေးများစွာ မြေခလိုက်ရသည့်အပေါ် ဝမ်းနည်းကြေကွဲရသလို နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန်လည်း အခါအားလျော်စွာ ဆန္ဒပြုမိသည်ဟု ဆရာမကြွယ်ကြွယ်က ဆိုသည်။

“ကလေးလေးတွေ သေတိုင်း ကိုယ့်ဆွေမျိုးသားချင်းမဟုတ်ပေမဲ့ တကယ့်ကို ရင်နာတာ။ တကယ့်ကို ခံစားရတာ” ဟု သူက ပြောသည်။

စိုထိုင်းလာသည့် မျက်ဝန်းအိမ်တွင် လေးလံဝေ့တက်လာသော မျက်ရည်စများကို အံကြိတ်၊ ချုပ်တည်းသည့်အနေဖြင့် ဆရာမကြွယ်ကြွယ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထာဝရဝမ်းနည်းမှုကို တဒင်္ဂပျော်ရွှင်မှုဖြင့် မျှောချလိုက်ရန် သူကြိုးပမ်းနေသည်မှန်း သိသာလှသည်။ “ယောကျ်ားက တခြားမိန်းမတစ်ယောက်ကို ယူသွားတုန်းက၊ ယောက်ျားနဲ့ ကွဲတုန်းကတောင် အဲဒီလောက် ဝမ်းမနည်းဘူး” ဟု သူက ပြုံးရယ်ရင်း ပြောလိုက်သည်။

ခင်ပွန်းဖြစ်သူနှင့်အတူ ဆရာမလင်းလင်းက မေလ အစောပိုင်းတွင် သက်ကြီးရွယ်အို တစ်ဦးအား အလှူငွေပေးအပ်နေစဉ်။ ထိုအဖွားအိုသည် မုံရွာမြို့ မြောက်ဘက် မိုင် ၆၀ ဝန်းကျင်ရှိ ဆယ်ရွာချောင်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တောတွင်းတစ်နေရာသို့ အခြားကျေးရွာသူ၊ ကျေးရွာသားများနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကျဆုံးလေပြီးသော သူရဲကောင်းများ

တစ်လနီးပါး ကြာမြင့်သည်အထိ သိန်းနှင့်ချီသော ပြည်သူများက လမ်းများပေါ်တွင် နေ့စဉ် ချီတက်ဆန္ဒပြ ခဲ့ကြပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာ၌ ပထမဆုံးအကြိမ် အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ ထိုနေ့က မြို့လယ်ရှိ ဇောင်ကြမ်းပင် ဘုန်းကြီးကျောင်းအနီးတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားလူငယ် အများစုပါဝင်သော ဆန္ဒပြပြည်သူ ၂၀၀ ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းထားခဲ့သည်။

အစပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မျက်ရည်ယိုဗုံးနှင့် အသံဗုံများဖြင့် ပစ်ခတ်ခဲ့ကြပြီး နံနက် ၁၁ နာရီဝန်းကျင်ကစ၍ ကျည်အစစ်များဖြင့် စတင်ပစ်ခတ်ရာ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ပေါင်သို့ ကျည်ထိမှန်၊ ဒဏ်ရာရခဲ့သလို ကျောင်းဆရာမ တစ်ဦးမှာလည်း ဆီးခုံသို့ ကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု မုံရွာမြို့ခံ ဦးမျိုးမင်းဦးက ပြောသည်။ ၎င်းသည် အကြမ်းဖက်ဖြိုခွင်းမှုများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့သည့် သုမေဓာပရဟိတအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ထိုနေ့က ဇောင်ကြမ်းပင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုအား ကိုယ်တိုင်မြင်တွေ့ခဲ့ရ ပြီးနောက် များစွာထိတ်လန့်ခဲ့ရသည်ဟု ၎င်းကဆိုသည်။ သို့ရာတွင် များမကြာမီမှာပင် သပိတ်ဖြိုခွင်းမှုများက ပိုမိုဆိုးရွားလာသည်။ ဇောင်ကြမ်းပင်ဖြိုခွင်းခံရပြီး တစ်ပတ်အကြာတွင် စစ်သားနှင့် ရဲများသည် မုံရွာလူထုတိုက်ပွဲ အထွေထွေသပိတ်ကော်မတီက ဦးဆောင်သည့် သပိတ်စစ်ကြောင်းတစ်ခုကို ပစ်ခတ်ဖြိုခွင်းခဲ့ပြန်သည်။

“မွန်းလွဲ၁နာရီလောက်ကျတော့ ပင်မသပိတ်စစ်ကြောင်းက အောင်မဟာလမ်းနဲ့ ပြည်ထောင်စုလမ်းထောင့် ဘုရားနီနားမှာ ခဏနားပြီး အစာဗိုက်ဖြည့်တယ်။ အစာဖြည့်ပြီး စစ်ကြောင်းကို ပြန်စပြီးချီတက်ဖို့ ပြင်တဲ့အခါမှာပဲ စစ်ယာဉ်တန်းတွေက ရောက်လာပြီး ကျည်အစစ်တွေနဲ့ စပစ်တော့တာပဲ” ဟု ဦးမျိုးမင်းဦးက ပြန်ပြောပြသည်။

ထိုနေ့က ပစ်ခတ်ခံရ၍ ကျဆုံးသွားသည့် သူရဲကောင်းကိုးဦးရှိပြီး ၎င်းတို့အနက် တစ်ဦးမှာ ပညာဒါန သင်တန်းတစ်ခုတွင် ပါဝင်သင်ကြားပေးနေသူ အသက် ၃၄နှစ်အရွယ် ဆရာမမြင့်မြင့်ဇင် ဖြစ်သည်။

ကဗျာဆရာမ တစ်ဦးလည်း ဖြစ်သည့် ဆရာမမြင့်မြင့်ဇင်ကို ၎င်း၏ ကလောင်နာမည် ကြည်လင်အေးဖြင့် ပို၍ လူသိများကြသည်။ သူသည် အထက်တန်းကျောင်းသူဘဝကတည်းက ကဗျာနှင့် ဝတ္ထုတိုများကို စတင်ရေးသားခဲ့သည်။ သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရပြီးနောက်တွင် ၎င်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာဒါနကျောင်းများ၌ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအဖြစ် ၎င်း၏ ဘဝကို မြှုပ်နှံထားခဲ့သည်။

မမြင့်မြင့်ဇင်သည် ၎င်း၏ မောင်ဖြစ်သူ ကိုဝင်းမင်းလတ်နှင့်အတူ “မေတ္တာဓိက”ဟူသည့် ပရဟိတအဖွဲ့တစ်ခုကိုလည်း ထူထောင်ခဲ့ပြီး ပညာသင်ကြားရန် အခက်အခဲရှိသော ကလေးသူငယ်များနှင့် မိဘမဲ့ကလေးများကို အခမဲ့ ပညာသင်ကြားပေးနေသည်။

အာဏာစသိမ်းသည့်နေ့ကစ၍ နေ့စဉ်ရက်ဆက်ပင် အစ်မဖြစ်သူသည် ရပ်ကွက်အတွင်း သံပုံးတီးခြင်း၊ တော်လှန်ရေးသီချင်းများ သီဆိုပြီး အာဏာသိမ်းမှုကို ရှုတ်ချသည့်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်ဟု မမြင့်မြင့်ဇင်၏ မောင်ဖြစ်သူ ကိုဝင်းမင်းလတ်က ဆိုသည်။

“သူက အရင်က ဘယ်နိုင်ငံရေးပါတီ၊ ဘယ်နိုင်ငံရေးလှုပ်ရှားမှုမှာမှ ပါဝင်ခဲ့ဖူးခြင်းမရှိပါဘူး။ ဒါပေမဲ့ ဒီအာဏာသိမ်းမှုဟာ တိုင်းပြည်အတွက် မကောင်းဘူးဆိုတာကို သူသိတယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်ကစ၍ မမြင့်မြင့်ဇင်သည် ပိုမို၍ ကြီးမားသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာစေရန် ဦးဆောင်လှုပ်ရှားသူများတွင် တစ်ဦးအဖြစ်ပါဝင်လာခဲ့သည်။ ၎င်းသည် မိတ်ဆွေသူငယ်ချင်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို လမ်းပေါ်သပိတ်တိုက်ပွဲများတွင် ပါဝင်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်။

“အဲဒီနေ့ကနေ စပြီးတော့ နောက်ဆုံးသူကျတဲ့နေ့အထိ သူဟာ (ဒီတော်လှန်ရေးမှာ) ပါဝင်လှုပ်ရှားသွားခဲ့တယ်” ဟု ကိုဝင်းမင်းလတ်က ပြောသည်။

အခြားပြည်သူများနည်းတူ မမြင့်မြင့်ဇင်လည်း ၎င်း၏ အန္တရာယ်ကို ကြိုသိမြင်ထားသည်။ သူကျဆုံးသည့် နေ့က မမြင့်မြင့်ဇင်သည် လက်ဖျံတွင် သူ၏ သွေးအမျိုးအစား၊ မိခင်ဖြစ်သူ၏ ဖုန်းနံပါတ်နှင့် မိမိခန္ဓာကိုယ်အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းထားပြီး ဖြစ်ကြောင်း ရေးသားထားခဲ့သည်။

မမြင့်မြင့်ဇင် အပစ်ခတ်ခံရပြီး မိနစ်အနည်းငယ်အကြာတွင် ထိုသတင်းဆိုးကြီးက ကိုဝင်းမင်းလတ်ထံ ရောက်ရှိလာသည်။ ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားသည့် မမြင့်မြင့်ဇင်ကို ဆေးရုံသို့ ပို့ဆောင်နေစဉ် လမ်းခုလတ်တွင် ကျဆုံးသွားခဲ့သည်။

“ကျနော့်ရင်ထဲမှာ လုံးဝကို ဟာသွားတယ်။ သူဟာ သိပ်ကို တော်တဲ့၊ တန်ဖိုးရှိတဲ့သူ ဖြစ်တယ်။ သူကျဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျနော်အရမ်းနှမျောသွားတယ်။ ကျနော်တို့က မောင်နှမတွေလိုတင်မဟုတ်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေလို ဖြစ်နေတဲ့အခါကျတော့ ကျနော့်မှာ အမတစ်ယောက်သာ မကဘူး၊ သူငယ်ချင်းတစ်ယောက်ပါ ဆုံးရှုံးလိုက်ရတယ်”

နောက်တစ်နေ့တွင် မမြင့်မြင့်ဇင်နှင့် အခြားရှစ်ဦး ကျဆုံးသွားခဲ့သည့် အောင်မဟာလမ်းကို မုံရွာမြို့ခံများက အာဇာနည်လမ်းအဖြစ် ဂုဏ်ပြုမှည့်ခေါ်လိုက်ကြသည်။

မတ်လအတွင်း မုံရွာမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်စစ်ကြောင်းတစ်ခုတွင် အစိုးရဝန်ထမ်း ဆရာ၊ ဆရာမတချို့ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ | ပေးပို့ / Docu & News Korea)

ပေးဆပ်သူများကို ဂုဏ်ပြုလျက်

မုံရွာမြို့၏ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ကျောင်းသားများကလည်း အဓိကအခန်းကဏ္ဍက ပါဝင်လျက်ရှိသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းမှုအတွင်း အသက်ပေးလှူခဲ့ရသည့် ကျောင်းသားများလည်းရှိသည်။

“တချို့ရဲဘော်တွေဆို ကျနော်တို့ လက်ထဲမှာတင် ကျသွားတာတွေ ရှိတယ်” ဟု မုံရွာလူထုတိုက်ပွဲ အထွေထွေသပိတ်ကော်မတီ၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကျောင်းသားတက်ကြွလှုပ်ရှားသူ ကိုခန့်ဝေဖြိုးက ဆိုသည်။ “သူတို့ရဲ့ မျှော်လင့်ချက်တွေ အောင်မြင်အောင် ဆက်ပြီးလုပ်ဆောင်သွားမယ်၊ လုပ်ဆောင်ဖို့လည်း ကျနော်တို့မှာ တာဝန်ရှိတယ်”

အခြား တက်ကြွလှုပ်ရှားသူနှင့် ကျောင်းသားတစ်ဦးဖြစ်သလို မုံရွာလူထုတိုက်ပွဲ အထွေထွေသပိတ်ကော်မတီဝင် တစ်ဦးလည်းဖြစ်သည့် ကိုအောင်ကျော်ကလည်း “ဘယ်တော်လှန်ရေးမှာမဆို ပေးဆပ်မှုတွေကတော့ ရှိတယ်၊ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ဒီပေးဆပ်မှုတွေကို အလဟဿမဖြစ်စေရဘူး” ဟု ၎င်းက ပြောသည်။ “ကျဆုံးသွားတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းရဲဘော်တွေ လိုလားတောင့်တတဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်”

အန္တရာယ်အသွယ်သွယ် ရှိနေသော်လည်း ဆရာ၊ ဆရာမများနည်းတူပင် ကျောင်းသားများကလည်း မုံရွာမြို့တွင် သပိတ်တိုက်ပွဲများ အဆက်မပြတ်ရှိနေစေရန် ဆက်လက်လှုပ်ရှားသွားမည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။ ၎င်းတို့နှင့် အခြားတက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်အရ လမ်းပေါ်သပိတ်တိုက်ပွဲများ ဆက်ရှိနေသင့်သည့် အကြောင်းအရင်းများကို ဖရွန်းတီးယားမြန်မာက သိရှိခွင့်ရခဲ့သည်။

လမ်းပေါ်သပိတ်တိုက်ပွဲများ၏ အဓိက ရည်ရွယ်ချက်များမှာ ပြည်သူများအနေဖြင့် စစ်တပ်၏ အုပ်ချုပ်မှုကို ဆက်လက်ဆန့်ကျင်လျက်ရှိကြောင်း ပြသရန်၊ ပြည်သူများတွင် တော်လှန်ရေးအောင်မြင်ရန် မျှော်လင့်ချက် ဆက်ရှိနေစေရန်နှင့် နိုင်ငံတကာကိုလည်း မြန်မာပြည်သူများအနေဖြင့် အာဏာရှင်လက်အောက်တွင် နေထိုင်နေရကြောင်းကို သတိဝင်နေစေရန်ဖြစ်သည်ဟု သပိတ်ဦးဆောင်သူများက အခိုင်အမာဆိုသည်။

သပိတ်တိုက်ပွဲများ၏ အရှိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် တက်ကြွလှုပ်ရှားသူများသည် အနည်းဆုံး တစ်နေ့လျှင် ဆန္ဒပြပွဲတစ်ခုရှိနေစေရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိသည်။ ဆန္ဒပြသည်ဟုဆိုရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားနည်းသည့်် မြို့၏ အချို့နေရာများ၌ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများသည် မော်တော်ဆိုင်ကယ်များ စီးနင်းမောင်းနှင်လျက် ဆန္ဒပြလေ့ရှိကြသည်။ မြို့ပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အများအပြား ဖြန့်ကျက်ချထားသည့် နေ့များတွင်မူ ဆန္ဒပြလှုပ်ရှားသူများသည် မုံရွာအနီးဝန်းကျင် ကျေးရွာများသို့ သွားရောက်ကာ သပိတ်ဆင်နွှဲလေ့ရှိကြသည်။

စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မိသားစုနှင့်အတူ တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဆရာမစိုးမြင့်ထွေးကတော့ ၎င်းသည် “အာဏာရှင်တွေ မကျမချင်း CDM ဆက်လုပ်မှာပဲ” ဟု ပြောသည်။

“သူတို့လက်အောက်မှာတော့ ကျမ လုံးဝမလုပ်နိုင်ဘူး” ဟု အသက် ၂၄ နှစ်အရွယ်ရှိ ကျောင်းဆရာမက ပြောသည်။ သူသည် ၂၀၂၁ တွင် ပညာရေးတက္ကသိုလ်၊ မဟာဝိဇ္ဇာတန်း ဆက်လက်တက်ရောက်ရန် ယခင်က ရည်မှန်းခဲ့သော်လည်း ၎င်း၏ရည်မှန်းချက်သည် စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီစနစ်နှင့်အတူ လွင့်စင်ပျောက်ကွယ်သွားပြီဖြစ်သည်။

“ကျမကတော့ သူတို့ကို အမြန်ဆုံး အမြစ်ပြတ်စေချင်တာပဲ။ တကယ်လို့ သူတို့လက်ထဲမှာ အာဏာက ဆက်ပြီးမြဲသွားမယ် ဆိုရင်တော့ ကျမတို့ ငယ်ငယ်တုန်းကလို အမှောင်ခေတ်ထဲကိုပဲ ပြန်ရောက်သွားလိမ့်မယ်”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar