ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် ပြင်ဆင်လို့ ပြီးပြီလဲ

နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် မတ် ၁၀ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအား လာရောက်တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ- အန်းဝမ်

နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် မတ် ၁၀ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအား လာရောက်တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ- အန်းဝမ်

စည်သူအောင်မြင့် ရေးသားသည်။

မတ်လ ၁၀ ရက်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ရွေးချယ်တင်မြှောက်တဲ့ လုပ်ငန်းစဉ်တွေ စ ပြီး လုပ်ကိုင်ပါတော့မယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော် နှစ်ရပ်စလုံးမှာ အင်န်အယ်လ်ဒီ အမတ်တွေက အများစုမို့ သမ္မတ ရွေးပွဲဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးမြောက်သွားပါလိမ့်မယ်။

သမ္မတ ရွေးချယ်ပွဲ ပြီးသွားရင် သမ္မတကနေ ဝန်ကြီးဌာန သတ်မှတ်တာ၊ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ရွေးချယ်တာတွေ လုပ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ရပြီး ဧပြီလ ၁ ရက်ကျရင် သမ္မတ ဦးသိန်းစိန်ဆီကနေ တာဝန်တွေ လွဲှပြောင်းရယူတော့မှာ ဖြစ်ပါတယ်။

ဧပြီလ ၁ ရက်ကစ ပေါ်ပေါက်လာတော့မယ့် အင်န်အယ်လ်ဒီ လွှတ်တော်၊ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့နဲ့ အင်န်အယ်လ်ဒီ ပါတီ ဘယ်လိုပုံစံမျိုးတွေ ဖြစ်နေမလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဟာ တိုင်းပြည်ရဲ့ အရေးအရာ ကိစ္စတွေကို သေသေချာချာ ကိုင်တွယ်၊ စီမံခန့်ခွဲနိုင်မလား၊ တပ်မတော်နဲ့ ညှိနှိုင်းပြီး တိုင်းပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းနိုင်မလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ရွေးကောက်ပွဲ ပြီးကာစက နိုင်ငံတကာနဲ့ ပြည်တွင်း သတင်းမီဒီယာတွေကို ကြိုတင် ပြောဆိုထားတဲ့အတိုင်း ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နိုင်ဖို့၊ အစိုးရအဖွဲ့ထဲကို ရောက်သွားရင် အင်န်အယ်လ်ဒီ ပါတီနဲ့ လွှတ်တော်ကို စီမံခန့်ခွဲခွင့် လက်လွှတ်လိုက်ရပါလိမ့်မယ်။ ဒီအတွက် သူဟာ လွှတ်တော်နဲ့ ပါတီကို စနစ်တကျ နေရာချသွားခဲ့ဖို့ လိုပါတယ်။ သူဘယ်လို နေရာချသွားသလဲ အရင်ကြည့်ကြရအောင်ပါ။

ပြည်ထောင်စုအဆင့် လွှတ်တော် နှစ်ရပ်မှာတော့ ဥက္ကဋ္ဌတွေအဖြစ် ပြည်သူ့လွှတ်တော်မှာ သူ့ရဲ့ အမာခံ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်မှာတော့ မန်းဝင်းခိုင်သန်းကို နေရာချသွားပေးပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့လူနှစ်ယောက်ကို သိပ်ပြီး စိတ်ချပုံ မရပါဘူး။

ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တချို့ကတည်းက သူ့ရဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့၊ သူ့ကိုလည်း ကူညီခဲ့တဲ့၊ လွှတ်တော်ရေးရာကို ကျွမ်းကျင်ပြီး လွှတ်တော်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်ခဲ့တဲ့ သူရဦးရွှေမန်းကို ပြည်ထောင်စုအဆင့် ကော်မရှင် တစ်ရပ် ဖွဲ့စည်း ဦးဆောင်စေပြီး ဦးဝင်းမြင့်နဲ့ မန်းဝင်းခိုင်သန်းတို့ နှစ်ယောက်ကို အားဖြည့်ဖို့ နေရာချထားပေးခဲ့ပါတယ်။

သူရဦးရွှေမန်းကို နေရာချထားပေးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အထူးကိစ္စရပ်များဆိုင်ရာ ကော်မရှင်ဆိုတာဟာ အရင် ပထမအကြိမ် လွှတ်တော် သက်တမ်းတုန်းက ပြည်သူ့လွှတ်တော် အဆင့်မှာပဲ ရှိခဲ့တာပါ။ အခု လုပ်ပိုင်ခွင့်ပိုရအောင် ပြည်ထောင်စုအဆင့် ဖွဲ့စည်းစေခဲ့ပါတယ်။ အဖွဲ့ဝင်အင်အားကလည်း စုစုပေါင်း ၃၅ ယောက်တောင် ရှိပြီး တခြား အမတ်တွေ ဦးဆောင်ပါဝင်တဲ့ ကော်မတီအားလုံးထက် အရေအတွက် ပို များပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက်အရ သူရဦးရွှေမန်းဟာ လွှတ်တော်ကို နောက်ကွယ်ကနေ ကောင်းကောင်းကြိုးကိုင်နိုင်ပါတယ်။ နောက် အရေးကြီးတာ တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် ဖြစ်တော့မယ့်အတွက် သူ့ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန်းဝင်းခိုင်သန်းတို့နဲ့ သိပ်ပြီး တွေ့ဆုံညှိနှိုင်းစည်းဝေးလို့ မဖြစ်နိုင်ပေမဲ့ အင်န်အယ်လ်ဒီ ပါတီဝင် မဟုတ်တဲ့ သူရဦးရွှေမန်းနဲ့တော့ ပုံမှန်တွေ့ဆုံ ညှိနှိုင်းနိုင်ဦးမှာ ဖြစ်ပြီး သူရဦးရွှေမန်းကတဆင့် လွှတ်တော်ကို အမှာစကား ပါးနိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အတွက် လွှတ်တော်ဥက္ကဋ္ဌ နေရာချထားမှုဟာ အလွန်အရေးကြီးပါတယ်။ အကြောင်းကတော့ အရင် အစိုးရသက်တမ်းမှာ ဦးသိန်းစိန်ဟာ သမ္မတ တာဝန်ယူပြီးနောက် သူရဦးရွှေမန်းက လွှတ်တော်ကို တာဝန်ယူပါတယ်။ သူရဦးရွှေမန်းဟာ လွှတ်တော် ဥက္ကဋ္ဌ ရာထူးရယူ၊ လွှတ်တော်ထဲ ရောက်နေတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် စည်းရုံးပြီး ဦးသိန်းစိန် အုပ်စုကို စိန်ခေါ် ဂိုဏ်းခွဲတဲ့အခါ ဦးသိန်းစိန် အုပ်စုဘက်က ဘာမှ မတတ်နိုင်ဘဲ ပါတီတွင်း ကွဲပြဲမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ ကွဲပြဲမှုဟာ ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်သည်အထိ ဖြစ်သွားစေပါတယ်။

အခု အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းကနေတဆင့် လွှတ်တော်ကို ညွှန်ကြားခွင့် ရနိုင်တာမို့ အရင်တုန်းကလို အစိုးရအဖွဲ့နဲ့ လွှတ်တော် ကင်းကွာတာမျိုး ဖြစ်ဖို့ အလားအလာ နည်းပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ သမ္မတ၊ ဒုသမ္မတ တာဝန်မယူနိုင်ပေမဲ့ ဝန်ကြီးတစ်ယောက်အဖြစ် တာဝန်ယူရုံနဲ့ အစိုးရအဖွဲ့ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ပါတယ်။ 

နောက်ထပ် အရေးကြီးတာက ပါတီပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ကို ဦးဆောင်မှာမို့လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အင်န်အယ်လ်ဒီ ပါတီကို တိုက်ရိုက် ဦးဆောင်ခွင့် မရှိတော့ပါဘူး။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းကလည်း သမ္မတ တာဝန်နဲ့ ပါတီ ဥက္ကဋ္ဌ တာဝန် ပူးတွဲရယူထားပေမဲ့ ပါတီကို စီမံခန့်ခွဲခွင့် မရှိတာကြောင့် ပါတီနဲ့ ကင်းကွာပြီး ယာယီ ဥက္ကဋ္ဌ တာဝန်ယူရသူ သူရဦးရွှေမန်းရဲ့ စိန်ခေါ် ဂိုဏ်းခွဲတာကို ခံလိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် စီမံခန့်ခွဲနိုင်ခြင်းမရှိတဲ့ အင်န်အယ်လ်ဒီ ကလည်း အဲလို ကိစ္စ မဟုတ်တောင် တခြား ပြဿနာတွေ ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုယ်စား တာဝန်ယူမယ့် သူ တစ်ယောက်ယောက်ကို ခန့်အပ်ထားတာမျိုး မလုပ်ဘဲ အတွင်းရေးမှူး အဖွဲ့ဆိုတာမျိုးနဲ့ တာဝန်ပေးခဲ့ပါတယ်။ ပြောရရင် ပါတီကို ဝါရင့် အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဉာဏ်ဝင်းပါ ငါးဦးကော်မတီကို တာဝန်လွဲှအပ် ပေးသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းကနေတဆင့် ဦးဝင်းမြင့်၊ ဦးဝင်းမြင့်ကနေ အတွင်းရေးမှူးအဖွဲ့ကို အမှာစကားပါးတာမျိုး လုပ်ကောင်း လုပ်နိုင်ပါလိမ့်မယ်။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခွင့် မရတဲ့ အင်န်အယ်လ်ဒီ ပါတီဟာ အရင် ပြည်ခိုင်ဖြိုးပါတီ ကြုံခဲ့ရသလောက် အခြေအနေ ဆိုးမသွားနိုင်ဘူးလို့ မျှော်လင့်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ သမ္မတ၊ ဒုသမ္မတ တာဝန်မယူနိုင်ပေမဲ့ ဝန်ကြီးတစ်ယောက်အဖြစ် တာဝန်ယူရုံနဲ့ အစိုးရအဖွဲ့ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ပါတယ်။ အကြောင်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဝန်ကြီးတစ်ယောက်ဟာ ဝန်ကြီးဌာန ဘယ်နှစ်ခုပဲ ဦးဆောင်ရမယ်လို့ ပြဋ္ဌာန်းထားတာ မရှိတဲ့အတွက် လိုအပ်သလို ဖွဲ့စည်း၊ စီမံဆောင်ရွက်နိုင်လို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ချက် စဉ်းစားဖို့ လိုတာက နောက်ပိုင်း တိုင်းပြည် အရေးအရာကိစ္စတွေကို ဆောင်ရွက်ရာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လို စစ်ခေါင်းဆောင်တွေနဲ့ ပုံမှန် စကားပြောဆို ညှိနှိုင်းဆောင်ရွက်လိုတယ် ဆိုရင် နိုင်ငံခြားရေး ဝန်ကြီးတာဝန်ကိုပါ ရယူပြီး အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ် ခံယူဖို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုခြင်း မရှိဘူးလို့ ငြင်းပယ်တာမျိုး လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

အားလုံးကို ခြုံငုံသုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်၊ ပါတီ၊ အစိုးရအဖွဲ့ အစစ အရာရာ ပြင်ဆင်ပြီးသလောက် ဖြစ်နေပါပြီ။ ဒီ အင်စတီကျူးရှင်း သုံးခုစလုံးကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်ရင် အခြေအနေအပေါ် မူတည်ပြီး နောက်ပိုင်း လူအပြောင်းအလဲ၊ တာဝန်အပြောင်းအလဲ အားလုံး ဘာမဆို လုပ်နိုင်ပါလိမ့်မယ်။ သမ္မတကိုတောင် စိတ်ကြိုက်မတွေ့ရင် ဖြုတ်ချပြီး အသစ်ပြန်တင်နိုင်ပါသေးတယ်။ အရေးကြီးတာက တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်န်အယ်လ်ဒီ အစိုးရ၊ လွှတ်တော် ဘယ်လောက် အရည်အချင်း ရှိမလဲ၊ တပ်မတော်နဲ့ ဘယ်လောက် အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတဲ့အပေါ် တည်မှီနေကြောင်းပါ။

(ဤဆောင်းပါးကို ၂၀၁၆ မတ်လ ၁၀ ရက်ထုတ် Frontier မဂ္ဂဇင်းအတွက် ဆောင်းပါးရှင်က ကြိုတင်ရေးသားပေးပို့ထားခဲ့ရာ ယခုအခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဒုသမ္မတ နှစ်ဦး ဖြစ်ကြသော ဦးထင်ကျော်နှင့် ဦးဟင်နရီ ဗန်ထီးယူတို့ကို ရွေးချယ်ထားပြီးသည့် အနေအထားကို ရောက်ရှိနေပါသည်။ အယ်ဒီတာ)

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar