ကျပ်သိန်း ၁,၀၀၀ သုံးစွဲခွင့်ရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို မည်ကဲ့သို့ သုံးစွဲမည်ဟူသည့် အစီအမံများအား မတင်ပြရသေးသည့် မြို့နယ်များစွာ ကျန်ရှိနေသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။
၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအပြီး ပြန်လည် စတင်သည့် လွှတ်တော်အသစ်မှ အမတ်များကို ထိုကိစ္စဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က ဧပြီလကတည်းက အကြောင်းကြားထားခြင်း ဖြစ်သည်။ သို့သော် ယနေ့အထိ ၁၄၆ မြို့နယ်ကသာ တင်ပြထားပြီး မြို့နယ်ပေါင်း ၁၈၀ နီးပါး ကျန်ရှိနေသေးသည်ဟု ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ မန်းဝင်းခိုင်သန်းက ဆိုသည်။
“ကျန်ရှိတဲ့ မြို့နယ်များအနေနဲ့ ဖွဲ့စည်းမိန့်၊ လုပ်ငန်းဆောင်ရွက်ခွင့်နဲ့ ရန်ပုံငွေ သုံးစွဲခွင့်များကို ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီ၊ ပြည်ထောင်စုလွှတ်တော်ရုံးသို့ ဆောလျင်စွာ တင်ပြပေးကြပါရန် နှိုးဆော်အသိပေးလိုပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော်တွင် ဇူလိုင် ၂၅ ရက်နေ့က ပြောသည်။
စီမံကိန်း မတင်ပြရသေးသည့် မြို့နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးပါထန်းက ၎င်း၏ မြို့နယ်တွင် အုပ်ချုပ်ရေးမှူး အပြောင်းအရွှေ့ရှိသဖြင့် အပြီးသတ်တင်ပြရန် နှောင့်နှေးနေခြင်းဖြစ်သည်ဟု Frontier ကိုပြောသည်။
“ကျွန်တော်တို့ လုပ်ထားပြီးသားပါ။ မြို့နယ်က ပို့လာမယ်တော့ ပြောတယ်။ အခု မိုးတစ်အား ရွာနေတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ဘယ်နေ့ရောက်မယ် မသိသေးဘူး”ဟု ၎င်းကဆိုသည်။
ဇူလိုင် ၂၆ ရက်နေ့တွင် စီမံကိန်း တင်ပြလိုက်သည့် ရသေ့တောင်မြို့နယ် အမတ် ဒေါ်ခင်စောဝေကမူ အသေးစိတ်စာရင်းများ ပြန်လည်စိစစ်နေခြင်းကြောင့် ကြန့်ကြာသည့် စာရင်းဝင်သွားသည်ဟု ပြောသည်။
“ရေလမ်းခရီးနဲ့ သွားရတဲ့နေရာဖြစ်တော့ ဆိပ်ခံတံတားအသေးလေးတွေ ဆောက်ဖို့၊ သောက်ရေကန်တွေကို ခြံခတ်ဖို့၊ ရေတွင်း ရေကန်တူးဖော်ဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ဖောက်လုပ်ဖို့ တင်ထားတယ်”ဟု ၎င်းကဆိုသည်။
ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီက မြို့နယ်အရွယ်အစားနှင့် ဖွံ့ဖြိုးမှုအပေါ်မူတည်၍ စိစစ်ခွင့်ပြုခြင်း၊ စည်းကမ်းသတ်မှတ်ခြင်း၊ လုပ်ငန်းနှင့် စာရင်းစစ်ဆေးရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း စသော လုပ်ငန်းစဉ်များဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များကတစ်ဆင့် ကြီးကြပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည်။ အဖွဲ့တွင် သက်ဆိုင်ရာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပါဝင်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။
စီမံကိန်းငွေများကို အမတ်များကိုယ်တိုင် သုံးစွဲခြင်းမရှိစေရန် ၂၀၁၄ ခုနှစ်၊ မတ် ၁၂ ရက်နေ့က အတည်ပြုလိုက်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေဖြင့် ထိုသို့ ဖွဲ့စည်းဆောင်ရွက်ရန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ စီမံကိန်းတစ်ခုလျှင် ကျပ်သိန်း ၅၀ သာ အများဆုံးသုံးစွဲရန်နှင့် ကုန်ကျသည့် အထွေထွေအသုံးစရိတ်ကို စုစုပေါင်းကုန်ကျစရိတ်၏ သုံးရာခိုင်နှုန်းသာ သုံးစွဲရန်လည်း သတ်မှတ်ထားသည်။
ဆောင်ရွက်လိုသည်များကို မြို့နယ်အာဏာပိုင်၊ ဒေသခံတို့နှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ စုဝေးတိုင်ပင်ကာ ချမှတ်ရန်လည်း ညွှန်ကြားထားသည်။ ထို့အတူ ပြည်ထောင်စုနှင့် တိုင်းနှင့် ပြည်နယ်အစိုးရများ၏ စီမံကိန်းများတွင် မပါဝင်သော လုပ်ငန်းများဖြစ်ရန်လည်း လိုအပ်သည်။
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေခွင့်ပြုမှာ ဥပဒေမပြဋ္ဌာန်းမီက သုံးစွဲသည့် အကြိမ်ပါ ထည့်ပေါင်းလျှင် လေးကြိမ်မြောက် ရှိပြီဖြစ်သည်။ ဥပဒေ မပြဋ္ဌာန်းမီနှင့် ပြဋ္ဌာန်းချိန်အတွင်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့နှင့် သူရဦးရွှေမန်းဦးဆောင်သော ပြည်ထောင်စုလွှတ်တော်တို့အကြား ပြင်းထန်သော အငြင်းပွားမှုများ ပေါ်ပေါက်ဖူးသည်။
သတင်း-ဉာဏ်လှိုင်လင်း