ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှု ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်စစ်ဆေး

ဟိန်းသာ

လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးရုပ်ရှင်ပွဲတော်တည်ထောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား တပ်မတော်ကိုဝေဖန်သည့်စာများ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးသားသည်ဟုဆိုကာ ပုဒ်မ ၅၀၅(က) ဖြင့် စွဲချက်တင်စစ်ဆေးရန် အင်းစိန်မြို့နယ် တရားရုံးက ယနေ့အမိန့်ချမှတ်ခဲ့သည်။

မင်းထင်ကိုကိုကြီးဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ဖေဖော်ဝါရီ ၁၅ မှ မတ်လ ၂ ရက်အထိ ရေးသားသည့်စာများမှာ တပ်မတော်ရှိ တပ်သားများအား စစ်ပုန်ကန်ခြင်းကိုလည်းကောင်း၊ တပ်မတော်တာဝန်များကို မလေးစားခြင်းကိုလည်းကောင်း၊ ပျက်ကွက်ခြင်းကိုလည်းကောင်း ဖြစ်စေနိုင်သည့်အတွက်ဆိုကာ မြို့နယ်တရားသူကြီးဦးညီညီထွန်းက ထောင်ဒဏ် နှစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

စွဲချက်တင်ခံရသူ ဦးမင်းထင်ကိုကိုကြီးက ၎င်းတွင်အပြစ်မရှိကြောင်း ရုံးရှေ့တွင်ထွက်ဆိုခဲ့သည်။

စွဲချက်တင်ပြီးနောက် အမှုကိုဆက်လက်စစ်ဆေးရန် ပြန်ခေါ်သက်သေ နှစ်ဦးအဖြစ် တရားလို ဒုတိယဗိုလ်မှူးကြီးလင်းထွန်းနှင့် ဗိုလ်မှူးအောင်ရဲကျော်တို့ကို ခေါ်ယူခဲ့သည်။

ယနေ့တွင် တရားလို ဒုတိယဗိုလ်မှူးကြီးလင်းထွန်းကို စွဲချက်တင်ခံရသူ၏ရှေ့နေ ဦးရောဘတ်စန်းအောင်က စစ်မေးခဲ့သည်။ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ ဖေ့စ်ဘွတ်ခ်အရေးအသားများသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အင်းစိန်တရားရုံး၌ ပုဒ်မ ၅၀၅(က) ဖြင့် ဦးတိုက်လျှောက်ပြီး အင်းစိန်မြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားလိုပြုလုပ် တိုင်တန်းထားသူဖြစ်သည်။

ရှေ့နေ ဦးရောဘတ်စန်းအောင်က ယခုဖြစ်ရပ်သည်လူမှုကွန်ရက်တွင် ရေးသားသည့်ကိစ္စဖြစ်ကြောင်း၊ ယခုဖြစ်ရပ်အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီးသည်မှာ မှန်ပါသလားဟု မေးမြန်းခဲ့သည်။

တရားလို ဒုဗိုလ်မှူးကြီးလင်းထွန်းက ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ လူမှုကွန်ရက်အရေးအသားများမှာ တပ်မတော်တွင်း စစ်ပုန်ကန်မှုဖြစ်စေရန်လည်းကောင်း၊ တာဝန်ဝတ္တရားပေါ့လျော့စေရန်လည်းကောင်း၊ တပ်မတော်အကြီးအကဲများအား ပုတ်ခတ်စော်ကားမှုဖြစ်နေ၍လည်းကောင်း အင်းစိန်တရားရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ်ခုစလုံးတွင် ၎င်းကိုယ်တိုင် တိုင်ကြားခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ဦးရောဘတ်စန်းအောင်က လက်ရှိတွင် စစ်ပုန်ကန်မှုများလည်းဖြစ်မနေဘဲ ဘာကြောင့် ၅၀၅(က)ဖြင့် တိုင်ကြားပါသလဲဟု မေးခွန်းထုတ်ရာ တရားလိုက ဥပဒေအရ လုပ်ဆောင်ခြင်းဟု ပြန်လည်ဖြေကြားခဲ့သည်။

“နှစ်မျိုးရှိရင် နှစ်မျိုးတိုင်မှာ၊ သုံးမျိုးရှိရင် သုံးမျိုးတိုင်မှာ၊ လေးမျိုးရှိရင် လေးမျိုးတိုင်မှာ။ ဒါတွေက သူရေးလို့ဖြစ်လာတာ သူ မရေးရင်တိုင်စရာမရှိဘူး” ဟု ဒုဗိုလ်မှူကြီးလင်းထွန်းကပြောသည်။

“တရားလိုရဲ့ပြောကြားချက်တွေက တရားရုံးရဲ့သြဇာကို လွှမ်းမိုးပြီး ခြိမ်းခြောက်နေသလိုဖြစ်နေတယ်” ဟု ဦးရောဘတ်စန်းအောင်ကပြောသည်။

ယင်းသို့ တရားလိုကို စစ်မေးပြီးနောက် တရားခွင်ကို ရုပ်သိမ်းခဲ့သည်။ လာမည့်ရုံးချိန်းကို သြဂုတ် ၁ ရက်သို့ ချိန်းဆိုထားပြီး တရားလိုသက်သေ ဗိုလ်မှူးအောင်ရဲကျော်ကို စစ်ဆေးသွားမည်ဖြစ်သည်။

လက်ရှိအမှုစစ်ဆေးနေသော မြို့နယ်တရားသူကြီး ဦးညီညီထွန်းမှာ မကြာမီ ရာထူးအပြောင်းအရွှေ့ရှိပြီး အမှုကို အင်းစိန်မြို့နယ်တရားရုံးမှ တရားသူကြီးတစ်ဦးက လက်လွှဲယူမည်ဖြစ်သည်။ ရက်အတိအကျမူ မသိရသေးဟု ဦးညီညီထွန်းကပြောသည်။

ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားရုံး၏ ယခုစွဲချက်တင်အမိန့်အပေါ် ကျေနပ်ကြောင်း Frontier ကိုပြောသည်။

“ဥပဒေအတိုင်း ဆောင်ရွက်နေတာဆိုတော့ ကျေနပ်ပါတယ်။ အကုန်လုံးမှန်မှန်ကန်ကန်ပဲ သွားနေတာမို့ ပြောစရာမရှိပါဘူး” ဟု ၎င်းကဆိုသည်။ ထပ်မံမှတ်ချက်မပေးတော့ပေ။

တရားရုံးမှအထွက်၌ ဦးမင်းထင်ကိုကိုကြီးက ၎င်းတွင်အပြစ်ရှိသည်ကို တရားရုံးမှသက်သေမပြနိုင်ဟု သတင်းမီဒီယာများကို ပြောကြားသည်။

“တကယ်တမ်းက ၆၆(ဃ) နဲ့စွဲထားပြီးသားပေါ့နော၊ ဒီဟာကိုပဲ။ ၅၀၅ (က)အရ စွဲချက်တင်တယ်။ တကယ်တမ်းကျတော့ တပ်မတော်ပြိုကွဲဖို့သော်လည်းကောင်း၊ တပ်မတော် အပြန်အလှန်လေးစားမှု ပျက်ကွက်ဖို့သော်လည်းကောင်း၊ ဒီရည်ရွယ်ချက်တွေရှိပါတယ်လို့ သက်သေမပြနိုင်ဘူး” ဟု ၎င်းကပြောသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ အသည်းကင်ဆာရောဂါ ကုသခံနေရသူဖြစ်ပြီး ၎င်း၏ကျန်းမာရေးအကြောင်း မီဒီယာများက မေးမြန်းနေစဉ် ပြောခွင့်မရလိုက်ဘဲ ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူသွားခဲ့သည်။

ယနေ့ရုံးချိန်းသို့ ဦးမင်းထင်ကိုကိုကြီး၏ မိတ်ဆွေလုပ်ဖော်ကိုင်ဘက်များ၊ ဝန်းရံသူများနှင့် အနောက်နိုင်ငံမှ သံရုံးဝန်ထမ်းများလည်း လာရောက်ခဲ့ကြသည်။ ဦးမင်းထင်ကိုကိုကီးနှင့်လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဒါရိုက်တာ ကိုပေါက်က လက်ရှိအခြေအနေကို မကျေနပ်သော်လည်း ပြောခွင့်မသာသော အခြေအနေဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“ဒါက အခုမှမဟုတ်ပါဘူး။ ကျွန်တော်တို့ရုပ်ရှင်မှာဆိုလည်း တပ်နဲ့ပတ်သက်လာရင် မထိရမကိုင်ရနဲ့ လုပ်ခွင့်မရတာတွေရှိတာပါပဲ” ဟု ၎င်းကပြောသည်။

ယခုအမှုမှာ စွဲချက်တင်သည့်အဆင့်ရောက်နေသဖြင့် မကြာခင် အပြီးသတ်နိုင်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။ အပြီးသတ်အမိန့်ကို တရားသူကြီးအသစ်က ချမှတ်နိုင်ပြီး သြဂုတ်လအတွင်းမှာပင် အပြီးသတ်နိုင်သည်ဟု ဦးရောဘတ်စန်းအောင်က ခန့်မှန်းသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှာ ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး၊ နိုင်ငံရေးတွင် စစ်တပ်မပါဝင်ရေး စသည်များကို အစဉ်တစိုက်ရေးသားခဲ့သူဖြစ်သည်။ ယခင်က အရေးမယူဘဲ ယခုမှ တရားစွဲခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ နီးလာသောကြောင့် တပ်မတော်က နိုင်ငံရေးအရ ဖိနှိပ်မှုပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ဦးမင်းထင်ကိုကိုကြီးက Frontier နှင့် သီးသန့်အင်တာဗျူး၌ ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar