ထောင်ကျနေသည့် ရိုက်တာ သတင်းထောက်များအတွက် အယူခံ တင်မည်

အေအက်ဖ်ပီ

ရခိုင်ပြည်နယ်အကြပ်အတည်းနှင့် ဆက်နွယ်ပြီး ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရသည့် ရိုက်တာသတင်းထောက်နှစ်ဦးအတွက် အယူခံကို ယခု ရက်သတ္တပတ်အတွင်း တင်သွင်းသွားမည်ဟု ၎င်းတို့၏ ရှေ့နေက ပြောကြားသည်။

အသက် ၃၂ နှစ်ရှိ ကိုဝလုံးနှင့် အသက် ၂၈ နှစ်ရှိ ကိုကျော်စိုးဦးတို့သည် ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် စစ်တပ်က စစ်ဆင်ရေးများ ဆောင်ရွက်စဉ်အတွင်း ရိုဟင်ဂျာ ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး သတင်းရေးသားရန် စုံစမ်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်မှုဖြင့် ၎င်းတို့အား စက်တင်ဘာလအစောပိုင်းတွင် ထောင်ဒဏ်ချမှတ်ခဲ့သည်။

စစ်တပ်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး မီဒီယာများက နှုတ်ပိတ်ရန် ကြိုးစားမှုအဖြစ် ထိုစီရင်ချက်ကို တစ်ကမ္ဘာလုံးက ပြစ်တင်ရှုံ့ချခဲ့ကြသည်။

သတ်မှတ်ထားသည့် နောက်ဆုံးရက်ဖြစ်သော နိုဝင်ဘာ ၃ ရက်နေ့မတိုင်မီ အယူခံတင်နိုင်ရေးအတွက် “အားလုံးအဆင်သင့်ဖြစ်နေပြီ” ဟု ရှေ့နေ ဦးခင်မောင်ဇော်က အေအက်ဖ်ပီကို ပြောကြားသည်။

၎င်း၏ အစိုးရအနေဖြင့် စွဲချက်များကို ရုပ်သိမ်းနိုင်သော်လည်း အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမှုတွင် ဝင်ရောက်စွက်ဖက်ရန် ငြင်းဆိုခဲ့သည်။

သို့သော် သမ္မတအနေဖြင့်မူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်နိုင်သည်။

အယူခံလုပ်ငန်းစဉ်က သမ္မတထံမှ လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုမှုကို မထိခိုက်သင့်ကြောင်း ဦးခင်မောင်ဇော်က ပြောကြားသည်။

အယူခံအား ဆုံးဖြတ်ရန်အတွက် တိုင်းလွှတ်တော် တရားရုံးက ငါးလမှ ခြောက်လအထိ အချိန်ယူဖွယ်ရှိသည့်အတွက် သတင်းထောက်များမှာ ထောင်ထဲ၌ပင် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

“ကျွန်တော် တော်တော်လေး ယုံကြည်မှုရှိပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။

“ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဘာမှ သေချာတာမဟုတ်ဘူး။ ဘာမဆို ဖြစ်သွားနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။

အကယ်၍ အထက်တရားရုံး၌ အယူခံမှု မအောင်မြင်ခဲ့ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဆက်လက်တင်သွင်းသွားမည်ဖြစ်ကာ နောက်ထပ် အနည်းဆုံးခြောက်လခန့် အချိန်ထပ်ကြာသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရားစွဲဆိုထားသည့် သတင်းသမားသုံးဦး၏ အမှုတွင် သမ္မတဦးဝင်းမြင့်က ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း ရိုက်တာအမှုနှင့် ပတ်သက်၍မူ ယနေ့အချိန်အထိ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar