တောင်တွင်းကြီးဖြစ်စဉ်နှင့် ပတ်သက်ပြီး သံသယရှိသူလေးဦးကို ဖမ်းဆီးထား

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တောင်တွင်းကြီးမြို့မှာ မူဆလင်နေအိမ်တွေကို ပစ်မှတ် ထားတိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့၊ ညပိုင်း မတည်မငြိမ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အနည်းဆုံးလေးဦးကို ရဲကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဲဒီလေးဦးအနက်တစ်ဦးဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် နှင်းကိုကိုလင်းဆိုတဲ့ အမျိုးသားတစ်ဦးကို အခင်းဖြစ်ပွားခဲ့တဲ့ ညပိုင်းကတည်းက ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်သုံးဦးကိုတော့ စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းမှာ ထိန်းသိမ်းလိုက်တာလို့ တောင်တွင်းကြီးရဲစခန်းက အတည်ပြုပါတယ်။

“မနက်စောပိုင်းက ညက ဆူပူမှုထဲကခေါင်းဆောင်လို့ ယူဆရတဲ့သူလေးဦးကို ထိန်းသိမ်းထားပါတယ်” လို့ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းကပြောပါတယ်။

အစိုးရထုတ်ပြန်ချက်အရ မတည်မငြိမ်မှုတွေဟာ စက်တင်ဘာ ၁၀ ရက်နေ့၊ ညပိုင်းကစတင်ခဲ့တာဖြစ်ပါတယ်။ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၁) ရပ်ကွက်၊ တောင်တွင်း-မကွေး မော်တော်ကားလမ်းပေါ်ရှိ ဆိတ်သားသတ်လုပ်ငန်း လုပ်ကိုင်သူ ကိုဂျင်းနား၏ နေအိမ်ကို လူငယ် ၅၀ ဦးခန့်က ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ အစိုးရက အခင်းဖြစ်ပြီး နာရီပိုင်းအတွင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့ဟာ နိုင်ငံတော်သီချင်းတွေဆိုနေခဲ့ပြီး ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဗလီဘက်ကို ထွက်ခွာသွားတဲ့အတွက် ည ၈ နာရီလောက်ကစပြီး ရဲတွေက ဗလီတွေကို အကာအကွယ်ပေးခဲ့ရတယ်လို့ အစိုးရထုတ်ပြန်ချက်က ရေးသားပါတယ်။

ည ၉ နာရီလောက်မှာ ဗလီရဲ့ မြောက်ဘက် တောင်တွင်း-မကွေးကားလမ်းပေါ်မှာ လေးခွများ၊ ကျောက်ခဲများ ကိုင်ဆောင်ထားတဲ့ လူ ၇၀ ဦးလောက် လာစုဝေးခဲ့ပြီး ဗလီအရှေ့တောင်ဘက်လမ်းမပေါ်မှာလည်း လာရောက်ကြည့်ရှုသူ လူ ၄၀၀ ဦးခန့် လာရောက် စုဝေးခဲ့ကြတဲ့အတွက် လူအုပ်ကို လူစုခွဲခိုင်းခဲ့ရတယ်လို့ အစိုးရထုတ်ပြန်ချက်က ဆိုပါတယ်။

ဥပဒေနှင့်အညီ လူစုခွဲရာမှာ ရဲတပ်ဖွဲ့က ဒိုင်းတွေ အသုံးပြုခဲ့ရပြီး ရာဘာကျည်အချို့ကိုလည်း အသုံးပြုခဲ့ရတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ တောင်တွင်းကြီးမြို့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အပြင် တောင်တွင်းကြီးမြို့၊ အမှတ် ၇ လုံခြုံရေးတပ်က တပ်မတော်သားတွေကလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

ထိန်သိမ်းခံထားရသူ လေးဦးဟာ မတည်မငြိမ်မှုတွေကို စတင်ခဲ့တဲ့ခေါင်းဆောင်အဖြစ် သံသယရှိနေခဲ့ပြီး တိုက်ခိုက်ခံရသူတွေနဲ့ သူတို့အကြားက လူမှုရေးပြဿနာရှိနိုင်တယ်လို့လည်း သံသယရှိတဲ့အတွက် ရဲက ဆက်လက် စစ်ဆေးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက ပြောပါတယ်။

သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖမ်းဆီးရမိသူ နှင်းကိုကိုလင်းကို ကနဦးစစ်ဆေးချက်အရ “ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များအပေါ် မကျေနပ်၍ လုပ်ဆောင်ခြင်းဖြစ်သည်” လို့ဖော်ပြထားတာ တွေ့ရပါတယ်။

မတည်မငြိမ်ဖြစ်ခဲ့တဲ့ တောင်တွင်းကြီးကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုယ်တိုင် စက်တင်ဘာ ၁၁ ရက်နေ့၊ မနက်ပိုင်းမှာရောက်ရှိသွားပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားပေးမယ်လို့ အာမခံခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တောင်တွင်းကြီးမြို့မှာ ဈေးဆိုင်အနည်းငယ် ပိတ်ထားတာကလွဲပြီး အခြေအနေတွေ တည်တည် ငြိမ်ငြိမ် ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက ပြောပါတယ်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar