တိုင်းရင်းသားများကို နံပါတ်တစ် ဦးစားပေး ကာကွယ်မည်ဟု ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နေပြည်တော်၊ သြဂုတ် ၂၁

တပ်မတော်အနေဖြင့် တိုင်းရင်းသားများကို နံပါတ်တစ်ဦးစားပေး ကာကွယ်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြောကြားသည်။

“တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားများကို နံပါတ်တစ် ဦးစားပေးကာကွယ်ရမှာ ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ ဆက်လက်ပြီးနိုင်ငံသားများကိုလည်းကာကွယ်ပေးရမည်ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများမှာမူ တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းမဟုတ်ကြောင်းနှင့် အစိုးရအဖွဲ့များကို ဆန့်ကျင်မှုများအား တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘို ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။

“ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့များကို ဆန့်ကျင်နေပါက ကာကွယ်တိုက်ခိုက်ရမည် ဖြစ်သည်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပြီး ယခင်ကလည်း ဗကပများကို တိုက်ခိုက်ခဲ့သည့် သာဓကဖြစ်စဉ်များ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ကာလတွင် သတ်မှတ်နယ်မြေကျော်လွန်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေခြင်း၊ အုပ်ချုပ်မှုယန္တရားကို ထိပါးနှောက်ယှက်ခြင်းများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းနှင့် လက်ရှိ တိုက်ပွဲဖြစ်စဉ်များမှာလည်း ယင်းအချက်အလက်များကို လုပ်ဆောင်လာမှုများကြောင့်ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

“တိုင်းရင်းသားအခွင့်အရေးနှင့်ပတ်သက်၍ ဥပဒေနှင့်အညီသာလုပ်ဆောင်ကြရမှာဖြစ်ပြီး တိုင်းရင်းသားအစွဲများ မထားဘဲ မြန်မာပြည်တွင် နေထိုင်သူအားလုံး မြန်မာစိတ်မွေးကြရမှာဖြစ်ကြောင်း” ၎င်းကပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်ခေါင်းဆောင်များနှင့် ကက်သလစ်ဆရာတော်ကြီးများ ယခုကဲ့သို့ စုံစုံညီညီတွေ့ဆုံသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက အပြစ်မဲ့ပြည်သူလူထု၏ ဘဝတစ်သက်တာ ပိုမိုခက်ခဲမှုများကို တွေ့မြင်ရ၍လည်း စိုးရိမ်ပူပန်မိသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ပဋိပက္ခဖြစ်သော အုပ်စုများနှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းမှုများကိုလည်း မိမိတို့ အသိအမှတ် ပြုပါကြောင်း၊ ထိုသို့ကြိုးပမ်းနေသော်လည်း ငြိမ်းချမ်းရေးခရီးလမ်းမှာ အခက်အခဲ၊ အတားအဆီးများနှင့် ညီညာဖြောင့်တန်းမှု မရှိသည့် အခြေအနေကို တပ်မတော်ရော အစိုးရပါ ရင်ဆိုင်နေရကြောင်း၊ တိုင်းပြည်ရှိ ပါတီများ၊ အဖွဲ့အစည်းများ အားလုံးအတွက် တစ်ခုတည်းသော လမ်းစဉ်မှာ ငြိမ်းချမ်းရေး လမ်းစဉ်သာ ဖြစ်ကြောင်းဖြင့် တိုက်တွန်းလိုကြောင်းနှင့် ပြဿနာများကို ဆွေးနွေးအဖြေရှာရာတွင် မိမိတို့အတူ လက်တွဲပါဝင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar