တပ်သားတစ်ဦးနှင့် အပေါင်းအပါများထံမှ ကျပ်သိန်း ၄၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

ရခိုင်ပြည်နယ်တွင် တပ်သားတစ်ဦးနှင့် အခြားလူနှစ်ဦးထံမှ ကျပ်သိန်း ၄၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၇ သိန်းကျော်ကို မေ ၈ ရက်နေ့တွင် ဖမ်းမိခဲ့သည်ဟု အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက ပြောကြားသည်။

တပ်သား အောင်ကျော်နိုင်နှင့် ရသေ့တောင်မြို့နယ်၊ ဆင်ပိုက်ရွာမှ အောင်သန်းဌေးတို့အား စိတ်ကြွဆေးပြား ၁၈၅,၀၀၀ ပြားနှင့်အတူ အဆိုပါနေ့ နံနက်ပိုင်းတွင် သဝန်ချောင်းကင်းစခန်းမှ နယ်မြေခံရဲတပ်ဖွဲ့က ဦးစွာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ဆေးချက်အရ အောင်သန်းဌေး၏ မိခင်နေထိုင်သည့် ရသေ့တောင်မြို့နယ်၊ ကုန်းတန်းကျေးရွာရှိ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းမှ ဆာလာအိတ် ရှစ်အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား ၁၆ သိန်းကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တပ်သားအောင်ကျော်နိုင်၊ အောင်သန်းဌေးနှင့် မိခင်ဖြစ်သူ ဒေါ်ကျင်စိန်တို့အား စေတီပြင် နယ်မြေ ရဲစခန်းတွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများတွင် WY တံဆိပ် စာတမ်းများ ပါရှိသည်ဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ မှ ၂၀၁၈ ခုနှစ်၊ မေ ၁ ရက်နေ့အထိ စိတ်ကြွဆေးပြားအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁,၈၃၆,၉၂၅ ဒသမ ၉၃၄ ဖိုး ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ရေးကော်မတီက ပြောကြားသည်။ ထို့ပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အမှုပေါင်း ၆၃၁ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ ၁,၀၁၁ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟုလည်း ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar