တပ်မတော်က ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို မီဒီယာဥပဒေဖြင့် တရားစွဲ

ရန်ကုန်၊ ဇူလိုင် ၂၂

The Voice သတင်းစာတွင် ဖော်ပြခဲ့သော ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်ပြီး ရေးသားသူ ဗြိတိသျှကိုကိုမောင်နှင့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို တပ်မတော်က မီဒီယာဥပဒေဖြင့် တရားစွဲထားသည့် အမှုကို ရန်ကုန်၊ ဗဟန်းမြို့နယ်တရားရုံးက ဇူလိုင် ၂၁ ရက်နေ့တွင် လက်ခံလိုက်သည်။

ယခု စွဲဆိုသော သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) သည် ပြစ်မူထင်ရှားပါက ငွေဒဏ် ကျပ် သုံးသိန်းမှ ကျပ် ၁၀ သိန်းအထိသာ ချမှတ်နိုင်သော၊ အာမခံပေးနိုင်သော ပုဒ်မဖြစ်သည်ဟု စွပ်စွဲခံရသူတို့၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုသည်။

တပ်မတော်က ၎င်းတို့နှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုထားသော အမှု မပြီးပြတ်သေးခင်မှာပင် အမှုသစ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အာမခံသူနှစ်ဦးက ကျပ် ၁၀ သိန်းတန် အာမခံစာချုပ် ချုပ်ဆိုပြီး အာမခံပေးခဲ့သဖြင့် ဗြိတိသျှကိုကိုမောင်သည် ဤအမှုကို ပြင်ပတွင် ဆက်လက် ရင်ဆိုင်မည်ဖြစ်သည်။

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေသည် ပုဒ်မ ၆၆ (ဃ) ဖြင့် အထိန်းသိမ်းခံနေရဆဲဖြစ်သောကြောင့် ဤအမှုအတွက် အာမခံလျှောက်ဦးမည်မဟုတ်ဟု ဥပဒေအကြံပေးက ပြောသည်။

သရော်စာရေးသူ၏တုန့်ပြန်ချက်

ကနဦးတွင် ဗြိတိသျှကိုကိုမောင်သည်လည်း အယ်ဒီတာချုပ်နှင့်အတူ အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြခြင်းနှင့် သက်ဆိုင်သော ပုဒ်မ ၆၆ (ဃ) ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။

dsc_7438.jpg

 title=

title=

နောက်ပိုင်းတွင် အာဏာပိုင်တို့က The Voice သတင်းစာ အွန်လိုင်းစာမျက်နှာကို ကိုင်တွယ်ထိန်းချုပ်သူ မဟုတ်သော ဗြိတိသျှကိုကိုမောင်ကို ပြန်လွှတ်ပေးလိုက်သည်။

ဇူလိုင် ၂၁ ရက်နေ့က တရားခွင်သို့ ဗြိတိသျှကိုကိုမောင်လည်း ရောက်ရှိလာသည်။

“မီဒီယာသမားတွေ၊ စာနယ်ဇင်းတွေအတွက် သတ်မှတ်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီဥပဒေနဲ့စွဲတာကို ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် မီဒီယာသမားတွေ၊ စာရေးဆရာတွေကို ၆၆(ဃ)လိုမျိုး ဒီမိုကရေစီ မဆန်တဲ့ဟာမျိုးနဲ့ စွဲတာတွေကိုတော့ ကန့်ကွက်ပါတယ်။ အဲဒါကိုတော့ ကျွန်တော်က လက်မခံပါဘူး” ဟု စာရေးဆရာ ဗြိတိသျှကိုကိုမောင်က ပြောသည်။

အာမခံ ၇ ကြိမ် လျှောက်ထားမှု

၆၆(ဃ) ဖြင့် စွဲဆိုထားသော အမှုကို ၇ ကြိမ်မြောက် ရုံးချိန်းအဖြစ် ဗဟန်းတရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့သည်။

အမှုကို ပြင်ပတွင် ရင်ဆိုင်ရေးအတွက် အယ်ဒီတာချုပ်က အာမခံလျှောက်ထားသော်လည်း တရားရုံးက အာမခံ မပေးချေ။

အာမခံ အကြိမ်ကြိမ် ငြင်းပယ်သည့် ဗဟန်းမြို့နယ်တရားရုံးသည် ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ စစ်ဆေးစီရင်နိုင်မည်မဟုတ်ဟု အယ်ဒီတာချုပ်က သဘောရိုးနှင့်ယုံကြည်သည့်အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၁ အရ အခြား သင့်လျော်သည့် တရားရုံးတစ်ခုသို့ ပြောင်းရွှေ့ပေးရန် လျှောက်ထားခဲ့သော်လည်း ပယ်ချခံရဖူးသည်။

ပုဒ်မ ၆၆(ဃ) ဖြင့် စွဲဆိုချက်ကို ရင်ဆိုင်နေရစဉ် တည်ဆဲဥပဒေပြဌာန်းချက်များနှင့် မညီညွတ်ဘဲ ဆောင်ရွက်နေသောကြောင့် ယခုအမှုတွင် ပါရှိသည့် အထောက်အထားများကို ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ရက်ပိုင်းအတွင်း တင်ပြသွားမည်ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

သတင်း- အောင်ငြိမ်းချမ်း/Myanmar Now

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar