တစ်ခုတည်းသော တပ်မတော်၊ ဘယ်လိုပုံစံမျိုးလဲ

ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ အကြီးမားဆုံးစိန်ခေါ်ချက်ကတော့ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအတွက် ပြည်သူတို့မျှော်မှန်းချက်နဲ့ အကိုက်ညီဆုံး ဖြစ်နိုင်မယ့် တပ်မတော်အမျိုးအစားကို စဉ်းစားဆုံးဖြတ်ပေးဖို့ပါပဲ။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် သမိုင်းဝင် ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပပြီးသွားပါပြီ။

ညီလာခံ နောက်ဆုံးနေ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညီလာခံကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုတဲ့ ခေါင်းစဉ် လေးခုအောက်မှာ အချက်ပေါင်း ၄၅ ချက် ဆွေးနွေးခဲ့ကြတဲ့အကြောင်း၊ အဲဒီအထဲကမှ ၃၇ ချက် သဘောတူညီမှုရပြီး အောင်မြင်တဲ့ ညီလာခံဖြစ်ခဲ့ကြောင်း စသဖြင့် ပြောဆိုရှင်းလင်းကြပါတယ်။

တကယ်တော့ ညီလာခံနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ အဲဒီ ပြောဆို၊ အစီရင်ခံချက်ဟာ ပြည့်စုံမှု မရှိပါဘူး။ ပွင်ပွင့်လင်းလင်း ပြောရရင် ညီလာခံ ရလဒ်နဲ့ပတ်သက်ပြီး “ လုံခြုံရေးကဏ္ဍ” ဆွေးနွေးချက် အကြောင်း လုံးဝ ထိန်ချန်ထားကြလို့ပါပဲ။ ညီလာခံ စတင်ဆွေးနွေးချိန်က ကဏ္ဍကြီး ၅ ရပ်အောက်က အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပြီး လုံခြုံရေးကဏ္ဍအောက်မှာ “ တပ်မတော် တစ်ခုတည်းသာရှိရေး” ဆိုတဲ့ အချက် တစ်ချက်တည်းကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအချက် ဆွေးနွေးရာမှာ ဘယ်လိုမှ သဘောတူညီမှု မရနိုင်တဲ့အဆုံး နောင် ဆွေးနွေးဖို့ဆိုပြီး ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆွေးနွေးမှုဟာ တရားဝင် ဖြစ်တာကြောင့် ညီလာခံနဲ့ပတ်သက်ပြီး အစီရင်ခံရင် အဲဒီအချက်ကိုပါ ထည့်သွင်း အစီရင်ခံရမှာ ဖြစ်ပါတယ်။ လုံခြုံရေးကဏ္ဍ အောက်မှာ တစ်ချက် ဆွေးနွေးတယ်၊ ဒါပေမဲ့ သဘောတူညီချက် မရလို့ ရွှေ့ဆိုင်းလိုက်ရတယ်ဆိုပြီး အားလုံးကို ပွင့်ပွင်းလင်းလင်း အစီရင်ခံရမှာ ဖြစ်ပါတယ်။

သို့ပေမဲ့ အစည်းအဝေး နောက်ဆုံးနေ့မှာ အဲဒီ လုံခြုံရေးကဏ္ဍ ဆွေးနွေးချက် အစီရင်ခံမှု လုံးဝ ပါမလာ၊ ထိန်ချန်ခဲ့တာ တွေ့ရပါတယ်။ ဘာကြောင့် ထိန်ချန်ခဲ့ရပါသလဲ၊ တပ်မတော် တစ်ခုတည်းထားရှိရေး ဘာကြောင့် သဘောတူညီချက် မရကြတာလဲ၊ မြန်မာနိုင်ငံ အနာဂတ် ဘယ်လို တပ်မတော်မျိုး ဖြစ်သင့်သလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လုံခြုံရေးကဏ္ဍအကြောင်း ဆွေးနွေးချက်ကို အစီရင်မခံဘဲ ထိန်ချန်ခဲ့တာကတော့ ညီလာခံရဲ့ အောင်မြင်မှုပုံရိပ် ထိခိုက်မှာ စိုးရိမ်တာကြောင့် ချန်လှပ်ထားခဲ့ပုံ ရပါတယ်။ တကယ်တော့ လုံခြုံရေးကဏ္ဍအောက်မှာ ပါဝင်သူတွေဟာ “ တစ်ခုတည်းသော တပ်မတော် ထားရှိရေး မူဝါဒ” ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အစည်းအဝေး တက်ရောက်ခဲ့သူတွေရဲ့ ပြန်လည် ရှင်းပြချက်အရ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော် တစ်ခုတည်းသာ ရှိရမယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြတဲ့အကြောင်း၊ ဒါပေမဲ့ ဘယ်လို ဝိသေသ လက္ခဏာရှိတဲ့ တပ်မတော် ဖြစ်ရမလဲ ဆိုတဲ့အပေါ်မှာတော့ အငြင်းပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ လုံခြုံရေးကဏ္ဍ ဆွေးနွေးချက်ကနေ သဘောထား သုံးခု ရခဲ့တယ်လို့ သိရပါတယ်။ ပထမ တစ်ခုကတော့ “ တစ်ခုတည်းသော တပ်မတော် ထားရှိရေး” ပါ။ ဒါက တပ်မတော် အစုအဖွဲ့ဘက်က သဘောထား ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ “ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်သည့် အစိုးရ လက်အောက်ရှိ တပ်မတော်” ဆိုတဲ့ သဘောထားဖြစ်ပြီး အင်န်အယ်လ်ဒီ အစိုးရဘက်က အဲဒီ သဘောထားအတိုင်း ရပ်ခံပါတယ်။ နောက်တစ်ခုကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်က တင်ပြတဲ့ “ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အာမခံသည့် ပြည်ထောင်စု တပ်မတော်” ဆိုတဲ့မူပဲ ဖြစ်ပါတယ်။

အဲဒီအချိန်ကာလ ဥရောပတိုက်မှာ ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲတာ အပါအဝင် တချို့ပြည်ထောင်စုတွေလို ပြိုကွဲတဲ့အဖြစ်မျိုး ရောက်မသွားရလေအောင် ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆင်ခြေပေးပါတယ်။

ဒီဆွေးနွေးချက်တွေကိုကြည့်ရင် လက်ရှိ အင်န်အယ်လ်ဒီ အစိုးရဘက်ကရော၊ တိုင်းရင်းသားများဘက်ကပါ တပ်မတော်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ရှိနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ တပ်မတော်ဟာ နောင်အနာဂတ်ကာလအထိ ရွေးကောက်ခံ အစိုးရတွေရဲ့ လက်အောက်မှာ ရှိမနေမှာ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့နဲ့ ကိုက်ညီမှု မရှိတဲ့ တပ်မတော်အဖြစ် ဆက်ပြီးတည်ရှိနေမှာ စိုးရိမ်နေကြပုံပါပဲ။

ဒါနဲ့ပတ်သက်ပြီး နောင်အနာဂတ်မှာ တပ်မတော် ဘယ်ပုံစံ ဖြစ်သင့်သလဲ ဆိုတာနဲ့ပတ်သက်လို့ကတော့ တပ်မတော်ကြီး တစ်ခုလုံးအတွက် စဉ်းစားတာ၊ နောက်တစ်ချက်ကတော့ အင်အား သောင်းနဲ့ချီ ရှိတဲ့ သူပုန်တပ်ဖွဲ့တွေကို ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ပူးပေါင်းမလဲဆိုပြီး စဉ်းစားတာရယ်လို့ နှစ်ပိုင်း ရှိနိုင်ပါတယ်။

သေချာတာကတော့ လက်ရှိ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား ဆွေးနွေးနေတာ၊ ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပနေတာဟာ အနာဂတ်မှာ ပီပြင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် လက်ရှိ တပ်မတော်ဟာလည်း နောင် အနာဂတ်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲရမယ် ဆိုတာကလည်း မြေကြီးလက်ခတ် မလွဲပါပဲ။

ဒီအတွက် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတာတွေကို ပြုပြင်ရပါမယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင်ဟောင်းတွေ စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖွင့်၊ အခြေခံမူများ ခေါင်းစဉ်အောက်မှာကိုပဲ “ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။” ဆိုပြီး ဖော်ပြထားပါတယ်။

တကယ်တော့ ဒီအချက်အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်ပေါင်းများစွာဟာ တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ တပ်မတော်ဖြစ်အောင် ဖန်တီးထားတဲ့ အချက်တွေဖြစ်တာ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း နောင် ဖွဲ့စည်းမယ့် ဒီမိုကရေစီနိုင်ငံအတွက်ဆိုရင် တပ်မတော်ဟာလည်း ဒီမိုကရေစီစနစ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့၊ နိုင်ငံကို ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်အောင် ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ တပ်မတော် ဖြစ်အောင် တပ်မတော်ဟာလည်း ပြည်ထောင်စု အနှစ်သာရနဲ့ ပြည့်စုံဖို့ လိုပါတယ်။ ပြောရရင် အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကစ တပ်မတော်ကို ပြည်ထောင်စု တပ်မတော် ပုံစံကနေ ဗမာစစ်တပ်ပုံစံ ဖြစ်အောင် အသွင်ပြောင်းထားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အဲဒီအချိန်ကာလ ဥရောပတိုက်မှာ ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲတာ အပါအဝင် တချို့ပြည်ထောင်စုတွေလို ပြိုကွဲတဲ့အဖြစ်မျိုး ရောက်မသွားရလေအောင် ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆင်ခြေပေးပါတယ်။ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနေရာမှာ တိုင်းရင်းသားတွေ ရောက်မလာအောင် ကန့်သတ်မှုတွေ လုပ်ထားခဲ့ပါတယ်။

ဒါပေမဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး စ လုပ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ အရင်က အဲလို လုပ်ခဲ့တာမှန်တယ်၊ အခုနောက်ပိုင်း အဲဒီ မူဝါဒ မထားတော့ဘူး၊ ပြည်ထောင်စု တပ်မတော်ဖြစ်အောင် လုပ်နေပါတယ်ဆိုပြီး ငြိမ်းချမ်းရေး ဦးဆောင်ဦးရွက်ပြုတဲ့ ဗိုလ်ချုပ်ဟောင်းတစ်ယောက်က တိုင်းရင်းသားတွေကို ကတိပေး ပြောဆိုခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် တစ်ခုတည်းသော တပ်မတော်ဟာ အဲဒီအချက်ကို ပီပီပြင်ပြင်ဖြစ်အောင်၊ တိုင်းရင်းသားတွေ တကယ် ယုံကြည်စိတ်ချလာအောင် ခုကတည်းက အကောင်အထည် ဖော်ဖို့ လိုပါတယ်။

နောက်ဆုံးအပိုင်းကတော့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တစ်ခုတည်းသော ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ဘယ်ပုံ ပူးပေါင်းမလဲ ဆိုတာပါ။ တပ်မတော်ဘက်ကရော၊ တိုင်းရင်းသားတွေဘက်ကပါ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တကယ် စိတ်ပါလက်ပါ ပုံဖော်ကြမယ် ဆိုရင်ဖြင့် ပေါင်းစည်းရေးကိစ္စ၊ ပြန်လည် ဖွဲ့စည်းရေးကိစ္စဆိုတာ မဖြစ်နိုင်စရာ မရှိပါဘူး။ ကမ္ဘာပေါ်မှာ အဲလို ပေါင်းစည်းကြတဲ့ ပုံသဏ္ဍာန် အမျိုးမျိုးရှိပြီး အဲဒါတွေကို လေ့လာ၊ မြန်မာနိုင်ငံနဲ့ အကိုက်ညီဆုံး ပုံသဏ္ဍာန် ဖော်ထုတ် အကောင်အထည်ဖော်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ တစ်ခုတည်းသော တပ်မတော် ဖြစ်ရေးဆိုတာဟာ ဆွေးနွေးမှုတွေထဲမှာမှ အခက်ခဲဆုံး ဆွေးနွေးမှု၊ အရှည်ကြာဆုံး ဆွေးနွေးရတဲ့ ဖြစ်စဉ် ဖြစ်လာမှာ သေချာပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar