တက်ရောက်သူ ၈၀၀ ကျော်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ

ရန်ကုန်၊ ဇန်နဝါရီ ၂

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) ၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအား ဇန်နဝါရီ ၁၃ မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပတော့မည်ဖြစ်သည်။

ညီလာခံအား MICC-2 တွင် ကျင်းပမည်ဖြစ်ရာ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ၊ အခြားဖိတ်ကြားသင့်သည့် တိုင်းရင်းသားကိုယ်စားလှယ်၊ တတ်သိပညာရှင်အဖွဲ့ ငါးဖွဲ့၊ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်၊ အကျိုးဆောင်များနှင့် လေ့လာသူများအပါအဝင် လူပုဂ္ဂိုလ် ၈၇၀ ဦးတက်ရောက်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇန်နဝါရီ ၁ ရက်က ကျင်းပသည့် ညီလာခံကျင်းပရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ဖွင့်ပွဲသို့ လူဦးရေ ၁၁၀၀ ခန့် တက်ရောက်မည်ဟု ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့တို့သည် အင်န်စီအေကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) – The Framework for Political Dialogue ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့ကြသည်။ အဆိုပါ မူဘောင်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် သမ္မတထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ အင်န်စီအေအရ ၎င်းမူဘောင်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမည်ဖြစ်ရာ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပရန် သမ္မတက သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယခုကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် ယခင် စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်အတွက် ရက်ရှည်လများ ကျင်းပခဲ့သည့် ညောင်နှစ်ပင် ညီလာခံအသေးစားလေးကဲ့သို့ ဖြစ်သွားနိုင်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့က ဝေဖန်ထားမှုများလည်း ရှိနေသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဖွဲ့စည်းပြီးနောက် လေးလ တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။

သတင်း- Frontier သတင်းအဖွဲ့

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar