ရှောင်ဂလေစင် ရေးသားသည်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုတွေများပြားခဲ့သလို ဖမ်းဆီးခံခဲ့ရသူတွေဟာလည်း တရားရင်ဆိုင်ရမှုတွေများလာပြီး နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရတာဟာ ကြောက်ရွံ့ခြင်း နယ်ပယ်ကိုဖန်တီးနေတာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနဲ့ အစိုးရ ဖြစ်လာတော့မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားများ ဖမ်းဆီးအရေးယူမှုကို ရပ်တန့်ဖု့ိ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တွေရှိပေမယ့် မြန်မာအာဏာပိုင်များအနေနဲ့ နိုင်ငံရေးလှုပ်ရှားသူများနဲ့ လူအခွင့်အရေးဆောင်ရွက်သူများကို ထောင်ချဖို့ ဖိနှိပ်တဲ့ဥပဒေတွေ ဆက်လက် အသုံးပြုသွားလိမ့်မယ်လို့ အဖွဲ့ကဆိုပါတယ်။
“အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရတဲ့ ဘယ်လိုအဖွဲ့အစည်းမဆို ပစ်မှတ်ထားခံရတာပါပဲ” လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒါရိုက်တာ Champa Patel က မတ် ၂၄ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်များက နိုင်ငံရေးအရ အကျဉ်းချထားမှုများကို ရေရှည်မှာ အကျိုးသက်ရောက်မှု အနည်းငယ်သာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေအနေနဲ့ ဝေဖန်ကဲ့ရဲ့တာတွေကို ချေဖျက်ဖို့အတွက် နိုင်ငံရေးနဲ့ လူ့အခွင့်အရေးကြိုးပမ်းသူ ခေါင်းဆောင်များကို ပစ်မှတ်ထားခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမှုများအနက် ၂၀၁၄ ခုနှစ်က အစိုးရကို ဝေဖန်သော စာစောင်များ ဖြန့်ဝေမှုဖြင့် ကိုထင်ကျော်အား ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့မှုကို ညွှန်းဆိုခဲ့ပါတယ်။
“ဒီလိုမျိုး ဝေဖန်သူတွေရဲ့ ခေါင်းဆောင်ပိုင်းတွေကို ထိန်းသိမ်းလိုက်တာက လှုပ်ရှားမှုကို ရပ်တန့်သွားစေဖို့အတွက် အာဏာပိုင်တွေ ပြုလုပ်တဲ့ ဗျူဟာပါ”လို့ Ms Haigh က ပြောကြားခဲ့ပါတယ်။ ကိုထင်ကျော်လို အမှုမျိုးတွေက နိုင်ငံရေးလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်အောင် အမှုတွေအများကြီးနဲ့ တရားစွဲမှုတွေထဲက တစ်ခုသာဖြစ်ပါတယ်။ တခါတရံမှာ သူတို့ဟာ မြို့နယ်ပေါင်းများစွာမှာ အမှုတွေ ရင်ဆိုင်ကြရပါတယ်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အရေးယူဖို့အတွက် အာဏာပိုင်တွေက လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ အချိန်ဆွဲလုပ်ဆောင်လေ့ရှိပြီး အနာဂတ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်ဆောင်နိုင်အောင် ထောင်ဒဏ်တွေ ချမှတ်လေ့ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဥပမာတစ်ခုအနေနဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး (ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက်သေး) အတွက် ဆုတောင်းမေတ္တာပို့ပွဲကို လုပ်ဆောင်ခဲ့တဲ့ ဒေါ် နော်အုံးလှကို ဖမ်းဆီးအရေးယူမှုဖြစ်ပြီး ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးမှာလည်း လူပေါင်းများစွာကို ဖမ်းဆီးအရေးယူခဲ့တာကို အစီရင်ခံစာက ညွှန်းဆိုထားပါတယ်။
ဘာသာရေးပွဲကို နှောက်ယှက်မှုဖြင့် ဒေါ်နော်အုံးလှကို ၂၀၁၅ ခုနှစ်၊ ဇွန်လက ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပေမယ့် အမှုတွဲကို စစ်ဆေးချိန်ဟာ ရှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။
ဦးဘိုကြည်က နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကို ပြောကြားနေစဉ်။ ဓာတ်ပုံ- တေဇလှိုင်
ယခုသတင်းစာရှင်းလင်းပွဲဟာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International) က မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ တစ်ချိန်က စစ်အစိုးရက အမြင်မကြည်ခဲ့တဲ့ အဖွဲ့ရဲ့ မြန်မာနိုင်ငံအတွင်း တရားဝင် ရောက်ရှိလာမှုက ၂၀၁၁ ခုနှစ်အတွင်း စစ်အုပ်ချုပ်ရေးမှ အရပ်သားတစ်ပိုင်း အုပ်ချုပ်ရေး အစိုးရအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဦးဘိုကြည်က Amnesty အဖွဲ့က နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့နဲ့ ၁၅ နှစ်တာ လက်တွဲခဲ့ခြင်းအတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ ဦးဘိုကြည်က နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့မှာ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။
နိုင်ငံရေးနယ်ပယ်အတွင်း စစ်တပ်ရဲ့ ပါဝင်မှုက နိုင်ငံရေးတက်ကြွသူတွေ ဖမ်းဆီးခံရမှု ပြဿနာကို ဖြေရှင်းဖို့ ဟန့်တားနေတယ်လို့ အင်းစိန်ထောင်ရဲ့ နှစ်ရှည်အကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ထောင်ရဲ့ ကောင်းကင်ဓါတ်ပုံကို ရုံးခန်းအတွင်း ချိတ်ဆွဲထားသူ ဦးဘိုကြည်က ဆိုပါတယ်။
“အစိုးရသစ်နဲ့ လွှတ်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာအပြည့်အဝ ရမှာမဟုတ်ပါဘူး၊ အခြေခံဥပဒေအရ နိုင်ငံအတွင်း အာဏာအရှိဆုံးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
“အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားပြဿနာကို ဖြေရှင်းလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပေမယ့် ကာကွယ်ရေးဦးစီးချုပ်နဲ့ လက်တွဲမလုပ်ဆောင်ရင် အခက်အခဲတွေ ကြုံတွေ့သွားရနိုင်ပါတယ်” လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွင်း နိုင်ငံရေးအကျဉ်းသား ၅၂ ဦးပါဝင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့ (AAPP) ကဆိုပါတယ်။
ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများဟာ မြန်မာ့စစ်တပ်ကို ဝေဖန်အပုပ်ချခဲ့ကြလို့ ဖြစ်ပါတယ်။ သူတို့အထဲမှာ မကွေးတိုင်းအတွင်း ဓာတု လက်နက်စက်ရုံ ရှိနေတယ်လို့ ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က ဝန်ထမ်း ငါးဦးပါဝင်နေသလို လေတပ်မှာ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နုတ်ထွက်နိုင်ဖို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ထံ အကူအညီတောင်းခဲ့သူ ဦးချစ်ကိုလည်း ပါဝင်နေပါတယ်။ ဖေဖော်ဝါရီလအကုန်အထိ လက်ကျန် နိုင်ငံရေးအကျဉ်းသား ၉၀ ဦးရှိပြီး နိုင်ငံရေးလှုပ်ရှားမှုဖြင့် တရားစွဲဆိုခံထားရသူ ၄၁၈ ဦးရှိတယ်လို့ AAPP က ခန့်မှန်းထားပါတယ်။
သမ္မတဦးသိန်းစိန်အနေနဲ့ သမ္မတသက်တမ်းကုန်ဆုံးမယ့် မတ်လ ၃၁ ရက်မတိုင်ခင် လက်ကျန်နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ Ms. Haigh က မတ်လ ၂၄ ရက်က ပြောကြားခဲ့ပါတယ်။
ဦးသိန်းစိန်က လန်ဒန်မြို့ကို ရောက်ရှိခဲ့ချိန်က သူဟာ ပြုပြင်ပြောင်းလဲရေးသမား ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။
“ဒီနှစ်အကုန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မှမရှိစေရဘူးလို့ ကျွန်တော်အာမခံပါတယ်”လို့ ဦးသိန်းစိန်က Chatham House မှာ ပြောကြားခဲ့ပါတယ်။ သူပြောကြားခဲ့တဲ့နေ့က ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့ ဖြစ်ပါတယ်။
ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။