နေပြည်တော်၊ မေ ၂၆
ကျင်းပလျှက်ရှိသည့် ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအစည်းအဝေးအတွင်း အဆုံးအဖြတ်ယူရာတွင် ညှိနှိုင်းရန်ရှိသည့် အချက်များနှင့်ပတ်သက်၍ တစ်သဘောတည်း ရပ်တည်ဆွေးနွေးနိုင်ရန် အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များ ဆွေးနေနေကြသည်။
ယနေ့မွန်းလွဲပိုင်းကစတင်ကာ နေပြည်တော်ရှိ Horizon Lake view ဟိုတယ်တွင် အစည်းအဝေး ပြုလုပ်နေခြင်းဖြစ်ပြီး ညီလာခံ၌ ဆုံးဖြတ်ချက်ယူရန် ပြင်ဆင်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၄၁ ချက်အပေါ်တွင် တူညီသော သဘောထားဖြင့် ရပ်တည်နိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
မနက်ဖြန်ကျင်းပမည့် ညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီ အစရှိသည့် အခြားအစုအဖွဲ့ လေးခုနှင့် ဆွေးနွေးဆုံးဖြတ်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့အနေဖြင့် တသဘောတည်း ရပ်တည်နိုင်ရန်လည်း ဖြစ်သည်။
လက်ရှိတွင် NCA ကို လက်မှတ်ထိုးထားသည့်အဖွဲ့များမှာ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ချင်းအမျိုးသားတပ်ဦး (CNF) စသည့် ခုနစ်ဖွဲ့ဖြစ်သည်။
၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို မေ ၂၄ ရက်နေ့က စတင်ကျင်းပနေခြင်းဖြစ်ကာ ငါးရက်ကြာ ကျင်းပရန် စီစဉ်ထားသည်။ ညီလာခံတွင် လုံခြုံရေးကဏ္ဍအပါအဝင် ကဏ္ဍလေးရပ်ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍနဲ့ သက်ဆိုင်တဲ့ အချက်ပေါင်း ၄၁ ချက်ကို အတည်ပြု အဆုံးအဖြတ်ယူနိုင်ရန် ပည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က စီစဉ်ထားသည်။
သတင်း-ဉာဏ်လှိုင်လင်း