ဇီကာကြောင့် ကိုယ်ဝန်ဆောင်များ သတိရှိကြရန် အစိုးရက သတိပေး

ဇီကာရောဂါပိုး သယ်ဆောင်နိုင်သည့် ခြင်ကြားပေါများသည့် မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဆောင်များ သတိဖြင့် နေထိုင်ကြရန်နှင့် ခြင်ကြားနှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားသည်။

ရန်ကုန်မြို့၌ ဇီကာရောဂါဖြစ်ပွားနေသည့် နိုင်ငံခြားသူတစ်ဦးအား တွေ့ရှိကြောင်း အတည်ပြုပြီး နောက်တစ်ရက်၌ နေပြည်တော်ရှိ ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ယင်းသို့ အသိပေးလိုက်ခြင်းဖြစ်သည်။

“ကိုယ်ဝန်ယူဖို့ ပြင်ဆင်ထားတဲ့သူတွေ တတ်နိုင်ရင် နောက်ထပ်ခြောက်လလောက်အတွင်းမှာ ကိုယ်ဝန်မယူဖို့၊ ကိုယ်ဝန်ရှိနေတဲ့သူတွေအနေနဲ့ အထူးသဖြင့် နေ့လယ်ဘက်မှာ ခြင်ကြားအကိုက်မခံရအောင် ပိုမိုဂရုစိုက်နေရ မယ်၊ သံသယလက္ခဏာတွေဖြစ်လာရင် သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားပါ”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

ထို့ပြင် ဇီကာရောဂါသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့်လည်း ကူးစက်နိုင်သဖြင့် အကာအကွယ်ဖြင့် နေထိုင်သင့် ကြောင်းလည်း ၎င်းက သတိပေးသည်။ သို့သော် အစိုးရိမ်မလွန်ကြရန်လည်း ၎င်းက ပြောကြားသည်။

“ကိုယ်ဝန်ဆောင်တွေအနေနဲ့ သိထားရမှာက ရောဂါမပြင်းထန်ဘူးဆိုရင် ကူးစက်တိုင်းလည်း မွေးလာတဲ့ ကလေးမှာ ရောဂါမဖြစ်ပါဘူး။။ ခေါင်းသေးသွားမှာ မဟုတ်ဘူး။ ဦးနှောက်သေးသွားမှာ မဟုတ်ဘူး”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

ဇီကာရောဂါပိုးတွေ့ရှိသည့် နိုင်ငံခြားသူ၏ အသေးစိတ် အချက်အလက်များကိုမူ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနှင့် ကာယကံရှင်၏သဘောဆန္ဒအရ အတည်ပြုထုတ်ပြန်မည် မဟုတ်သော်လည်း ၎င်းနေထိုင်ရာ ရန်ကုန်မြို့နှင့် လှည့်လည်သွားလာခဲ့သောနေရာများ၊ ရပ်ဝေးအဖြစ် ခရီးထွက်ခဲ့သည့် ဧရာဝတီတိုင်းတို့တွင် ရောဂါကူးစက်ပြန့်ပွားမှုရှိမရှိ ဝန်ကြီးဌာနက ကြပ်မတ်စိစစ်မှုများ လုပ်နေသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

“ရန်ကုန်တိုင်းအတွင်းကိုတော့ အလေးထားပြီး အရှိန်အဟုန်နဲ့ ခြင်ကြားနှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက် နေတယ်”ဟု ၎င်းက ဆက်ပြောသည်။ သို့သော် ခြင်ကြားနှင့် ပိုးလောက်လန်းနှိမ်နင်းရေးအတွက် လိုအပ်သော ပစ္စည်းများနှင့် အကူအညီများကို ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်သော်လည်း အမှန်တကယ် ကာကွယ်နိုင်ရန်မှာ ပြည်သူတို့ပူးပေါင်းဆောင်ရွက်မှရမည်ဟု ဒေါက်တာစိုးလွင်ငြိမ်းက သတိပေးသည်။

“တစ်အိမ်ချင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ခြင်များ၌ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းလုပ်ငန်းကိုလည်း ဆေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ကူညီပေးနေသည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ဇီကာသည် ဆားစ်၊ အီဘိုလာ၊ မားစ်တို့ကဲ့သို့ ရောဂါလက္ခဏာ မပြင်းထန်သဖြင့် အမှုမဲ့အမှတ်မဲ့ နေထိုင်ကြသည်ဖြစ်ရာ ရောဂါပိုးရှိသူကို ကိုက်ခဲ့သည့်ခြင်၏ အကိုက်ခံရရုံ၊ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိရုံဖြင့် ကူးစက်ပြန့်ပွားနိုင်သဖြင့် ထိန်းချုပ်ရခက်ခဲတတ်သည်။

“ရောဂါပိုးသယ်ဆောင်တဲ့ ခြင်ကြား ကျွန်တော်တို့ဆီမှာ ရှိနေတဲ့အတွက် တခြားနေရာကို ကူးစက်ဖို့နှုန်း ပိုများလာပါပြီ”ဟု ၎င်းက ဝန်ခံသည်။

ယင်းရောဂါ၏ လက္ခဏာများမှာ ရုတ်တရက်ဖျားခြင်း၊ အရေပြားတွင် အနီအကွက်၊ အစက်များထွက်ခြင်း၊ မျက်သားနီ၍ ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ခြင်ကြားနှင့် ပိုးလောက်လန်း ကိုနှိမ်နင်းနိုင်ရန် ရေသိုလှောင်ရာပစ္စည်းများကို အဖုံးအုပ်ခြင်း၊ ရေအိုးရေခွက်၊ ပန်းအိုးကဲ့သို့သော အသုံးအဆောင်များကို ဆေးကြောပေးခြင်း၊ ပိုးလောက်လန်း မပါဝင်စေရန် ရေကိုစစ်၍ အသုံးပြုခြင်း၊ မလဲလှယ် မသွန်နိုင်သော ရေကန်၊ ကျောက်စည်တို့တွင် Abate ဆေးခတ်ခြင်း၊ ကြောင်အိမ်ခြေထောက်အောက်ခံ ရေခွက်ကဲ့သို့သော ရေခိုအောင်းရာနေရာများတွင် ဒီဇယ်၊ စက်ဆီများ လောင်းထားခြင်း၊ ခြင်ထောင်ထောင်အိပ်ခြင်း၊ အိမ်တွင်း အိမ်ပြင် သန့်ရှင်းစွာထားခြင်း၊ အလင်းရောင်ရရန် ပြတင်းပေါက်များဖွင့်ခြင်း စသည်တို့ကို ဆောင်ရွက်ကြပါရန် ဝန်ကြီးဌာနက နှိုးဆော်ထားသည်။

အဆိုပါလူနာသည် ရန်ကုန်မြို့၌ တွေ့ရှိခဲ့သည့် ဇီကာသံသယရှိသူ ၃၂ ဦးကို ဝန်ကြီးဌာနက စစ်ဆေးပြီးနောက် ပထမဆုံး အတည်ပြုနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း၏ အမျိုးသားထံတွင်မူ ရောဂါကူးစက်သည်ကို မတွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုသည်။ သူသည် ရောဂါပိုးရှိကြောင်း စိစစ်မတွေ့ရှိမီကာလအတွင်း ဇီကာဖြစ်ပွားရာ တိုင်းပြည်တစ်ခုသို့ သွားရောက်ခဲ့သူဖြစ်သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စက်တင်ဘာလ အစောပိုင်းက ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူများ ရှိခဲ့ပြီးနောက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို အစိုးရက အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

စက်တင်ဘာလ အစောပိုင်းက စင်ကာပူနိုင်ငံတွင် မြန်မာတစ်ဦးနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာတစ်ဦးတို့ ဇီကာပိုး ကူးစက်ခံထားရပြီဖြစ်ရာ အဆိုပါဒေသများသို့ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ မလာရောက်ရန် သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လေဆိပ်၊ ရေဆိပ်နှင့် နိုင်ငံတကာဝင်ပေါက်များတွင် ကိုယ်အပူချိန် ထောက်လှမ်းရေး ကိရိယာများဖြင့် စောင့်ကြပ်ကြည့်ရှုနေပြီး၊ ဇီကာသယ်ဆောင်သည့် ခြင်၏ ပိုးလောက်လန်း၊ ခြင်ဥများကိုလည်း သက်ဆိုင်ရာနည်းပညာဖြင့် ထောက်လှမ်း ကာကွယ်နိုင်ရန် အရှိန်မြှင့် ဆောင်ရွက်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းက Frontier ကို ထိုစဉ်က ပြောကြားခဲ့ဖူးသည်။

သံသယရှိသည့် လူနာတွေ့ရှိပါကလည်း စစ်ဆေးနိုင်မည့်ဓာတ်ခွဲခန်းကို ရန်ကုန်မြို့တွင် အဆင်သင့် ပြင်ဆင်ပြီးပြီဖြစ်ကာ ကနဦးစစ်ဆေးချက်များကို ယင်းနေရာတွင် ဆောင်ရွက်နိုင်ပြီဖြစ်သည်။

ခြင်မှတဆင့် ကူးစက်တတ်သော အဆိုပါရောဂါအတွက် ကာကွယ်ဆေး မပေါ်သေးဘဲ ရောဂါ လက္ခဏာသက်သာစေရန်သာ ကုသနိုင်သေးသည်။ ကူးစက်ခံရပါက သားသမီးမွေးသောအခါ ဦးနှောက် သေးငယ်သော ကလေးငယ်များ မွေးဖွားမည်ဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပင် ကုလသမဂ္ဂက နှိုးဆော်တပ်လှန့်ထားသည်။

အဆိုပါရောဂါကို သယ်ဆောင်သည့်ခြင်မှာ သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် အေဒီးစ် ခြင်ကျားအမျိုးအစားဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar