မြန်မာကွန်ဗင်းရှင်းစင်တာကို အသုံးပြု၍ လူနာဦးရေ ၅၀၀ကုသနိုင်မည့် ကိုဗစ်-၁၉ကုသရေးဌာနအသစ် တည်ဆောက်ထားသည်ကို အောက်တိုဘာ၇ရက်က မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ကယားပြည်နယ်တွင် ကိုဗစ်-၁၉လူနာစတင်တွေ့ရှိခဲ့သည့် ရက်သတ္တပတ်

အောင်ဖေကြည်စိုး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အောက်တိုဘာ၉ရက်မှ ၁၅ရက်အထိ ရက်သတ္တပတ်တာ ကာလအတွင်း စံချိန်တင်ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၉,၉၁၀ ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ ၈,၃၄၀ ဦး နှင့် သေဆုံးသူ ၂၃၀ ဦးတိုးမြင့်လာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တစ်ပတ်တာကာလအတွင်း ရက်အလိုက် ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိမှုနှုန်းကို ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ အောက်တိုဘာ၁၀ရက်တွင် လူနာသစ်၂,၁၅၈ဦးတွေ့ရှိခဲ့သည်။​ ယင်းမှာ တစ်ရက်အတွင်း အများဆုံးလူနာသစ်စံချိန်တင်တွေ့ရှိမှုဖြစ်သည်။

ယင်းလူနာများအနက် တစ်ဦးမှာ ကယားပြည်နယ်မှဖြစ်ပြီး ကယားတွင် ပထမဆုံးတွေ့ရှိခဲ့သည့်လူနာဖြစ်သည်။ အဆိုပါလူနာမှာ အသက်၃၅နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး လွိုင်ကော်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြုတစ်ဦးဖြစ်သည်။ ရန်ကုန်မြို့တွင် သင်တန်းတက်ရောက်ပြီး ကယားပြည်နယ်သို့ ပြန်လာခဲ့သူဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အောက်တိုဘာ၂ရက်မှစတင်ကာ ဓာတ်ခွဲအတည်ပြုလူနာ သစ်များအနက်မှ အနံ့မရရှိသူများကိုစစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိသူများကို သတင်းထုတ်ပြန်ကြေညာခဲ့သည်။

အနံ့မရရှိသူများကို စစ်ဆေးရာမှ အောက်တိုဘာ၉ရက်မှ ၁၅ရက်အထိ ပိုးတွေ့လူနာ ၁၀,၀၀၉ဦးအနက် အနံ့အသက်မရှိသူ ၁,၄၂၈ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၄ဒသမ၂၆ရာခိုင်နှုန်းဖြစ်သည်။ ယင်းပမာဏမှာ ပိုးတွေ့လူနာဦးရေ၁၀၀လျှင် ၁၄ဦးဖြစ်သည်။

အောက်တိုဘာ၉ရက်မှ၁၅ရက်အထိ ခုနှစ်ရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ စံချိန်တင် ၈,၃၄၀ ဦးရှိခဲ့သည်။ 

ထိုကာလအတွင်း ကိုဗစ်-၁၉ခံစားရစဉ် ကွယ်လွန်သူ လူနာဦးရေ ၂၃၀ဦးရှိခဲ့သည်။ အဆိုပါကာလအထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၇၆၅ဦးရှိခဲ့ရာ သေဆုံးမှုနှုန်းသည် အောက်တိုဘာ၁၅ရက်အထိ တွက်ချက်လျှင် ၂ဒသမ၄ရာခိုင်နှုန်းရှိကြောင်း ဗဟိုကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်းစက်ရုံ၊ အလုပ်ရုံများကို ကိုဗစ်-၁၉ကာကွယ်ရေး အစီအမံများ ဆောင်ရွက်စေလျက် ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ၉ရက်တွင်ကြေညာခဲ့သည်။ သို့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က စက်ရုံများ၏ ကိုဗစ်-၁၉ကာကွယ်ရေးအစီအမံကို စစ်ဆေးပြီး အဆင့်သတ်မှတ်ချက် (အေ)ရရှိမှသာ စက်ရုံများဖွင့်ခွင့်ရမည်ဖြစ်သည်။

အခြားကိုဗစ်-၁၉နှင့်သက်ဆိုင်သော သတင်းများတွင်မူ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အသက်၆၀နှင့်အထက် သက်ကြီးရွယ်အိုမဲဆန္ဒရှင်ပြည်သူများကို အိမ်မှနေ၍ ကြိုတင်မဲပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နေအိမ်တွင်သာ နေထိုင်စေရေးအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များရှိ အသက်၆၀ကျော် မဲဆန္ဒရှင်များကို ကြိုတင်မဲပေးစေမည်ဖြစ်ပြီး အခြားဒေသများက အသက်၆၀နှင့်အထက် သက်ကြီးရွယ်အိုများအနေဖြင့်လည်း နေအိမ်မှကြိုတင်မဲပေးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြေညာခဲ့သည်။

အောက်တိုဘာ၉ရက်မှ ၁၅ရက်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဓာတ်ခွဲနမူနာ စုစု ပေါင်း ၁၁၀,၅၂၈ခုကို စံချိန်တင်စစ်ဆေးပေးနိုင်ခဲ့သည်။ ၂၀၂၀၊ ဇန်နဝါရီ ၃၁ရက်မှ အောက်တိုဘာ၁၅ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၄၆၄,၅၅၇ခု​ကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးပေးနိုင်ခဲ့သည်။

အောက်တိုဘာ၁၄ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ကိုဗစ်ရောဂါဖြစ်ပွားမှုတွင် ရန်ကုန်တိုင်းဒေသကြီးက ဓာတ်ခွဲအတည်ပြုလူနာ ၂၄,၈၃၇ဦးဖြင့်အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က စုစုပေါင်းအတည်ပြုလူနာ ၂,၃၈၅ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပဲခူးတိုင်းဒေသကြီးက ၁,၀၅၈ဦးဖြင့် တတိယအများဆုံးဖြစ်သည်။

Johns Hopkins Coronavirus Resource Centre ၏ အောက်တိုဘာ၁၆ရက်ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ဓာတ်ခွဲအတည်ပြုလူနာဦးရေစုစုပေါင်း ၃၈ဒသမ၈၂၅ သန်းကျော်နှင့် သေဆုံးသူ ၁ဒသမ၀၉၆ သန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံများအလိုက်ရောဂါကူးစက်ခံရမှုတွင် အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၇ဒသမ၉၇သန်းကျော်နှင့် သေဆုံးသူ ၂၁၇,၀၀၀ဦးကျော်ဖြင့်အများဆုံးဖြစ်ပြီး အရှေ့တောင်အာရှ၁၀နိုင်ငံအနက် အင်ဒိုနီးရှားနိုင်ငံသည် ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၉,၀၀၀ဦးကျော်နှင့်သေဆုံးသူ ၁၂,၂၆၈ဦးဖြင့်အများဆုံးရပ်တည်လျက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar