စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းအိမ်သို့ အဂတိတိုက်ဖျက်ရေးကော်မရှင် ဝင်စစ်ဟု သတင်းထွက်ပေါ်

ဟိန်းကိုစိုး

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏ နေအိမ်သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ထိုသို့ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်သည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်ထံသို့ Frontier က ဆက်သွယ် မေးမြန်းရာ ယင်းသတင်းအပေါ် ၎င်းက အတည်ပြုခြင်းမရှိသလို ငြင်းဆန် ပြောဆိုခြင်းလည်း မရှိပေ။

“ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအရဆိုရင် စစ်နေတဲ့အချိန်မှာ မသေချာသေးရင် ဘယ်တော့မှ မထုတ်ဘူး။ သတင်းထုတ်တဲ့ထဲမှာလည်း မပါဘူး။ ပြောချင်ပါတယ်။ သေချာ သိရင်လေ။ ဘာမှ မပြတ်သားသေးတဲ့အခါကျတော့ ဘယ်လိုမှ မပြောရဲသေးဘူး။ စစ်တာတော့ဟုတ်မှာ၊ စစ်မှာပါ” ဟု ၎င်းကဆိုသည်။

ယခုသတင်းများမတိုင်မီကလည်း ဦးကျော်ဝင်းနေအိမ်သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဝင်ရောက်စစ်ဆေးသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် ထိုသတင်းသည် မဟုတ်မှန်ဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ Frontier ၏ သတင်းရင်းမြစ်တစ်ဦးဖြစ်သည့် အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

သို့သော်လည်း ရန်ကုန်ရှိနေအိမ်နှင့် နေပြည်တော်ရှိ ဝန်ကြီးနေအိမ်အနက် မည်သည့်အိမ်သို့ ဝင်ရောက်စစ်ဆေးသည်ကိုမူ ၎င်းကဖြေကြားပေးနိုင်ခြင်းမရှိပေ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိတရား လိုက်စားမှုအပေါ် သံသယရှိပါက ကော်မရှင်အဖွဲ့ဝင်များကိုင်တိုင် သွားရောက် စတင်စစ်ဆေးနိုင်ခွင့်ကို ဥပဒေအရ ရရှိခွင့်ပြုထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ဆိုသော်လည်း ဦးကျော်ဝင်း၏ နေအိမ်သို့ ယနေ့သွားရောက်စစ်ဆေးမှု ရှိမရှိကို ၎င်းအနေဖြင့် သိရှိခြင်းမရှိကြောင်း ပြောသည်။

လက်ရှိကော်မရှင်အသစ် သက်တမ်းကာလအတွင်း ကော်မရှင်သို့ရောက်ရှိလာသည့် တိုင်ကြားစာများအပေါ် ကော်မရှင်အဖွဲ့ဝင်များက စိစစ်သုံးသပ်ရာတွင် ဦးကျော်ဝင်းနှင့် ပတ်သက်သည့် တိုင်ကြားစာများကို ဖတ်ကြားတွေ့ရှိရခြင်းမရှိကြောင် ၎င်းက ဆက်လက်ပြောကြားသည်။

ကော်မရှင်၏ အမည်မဖော်လိုသူ အခြားအဖွဲ့ဝင်တစ်ဦးကလည်း ဦးကျော်ဝင်း နေအိမ်သို့ ကော်မရှင်က ယနေ့ သွားရောက်စစ်ဆေးမှုရှိမရှိကို မသိရှိကြောင်း ဆိုသည်။

ဦးကျော်ဝင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်သည်။ ရွေးကောက်ပွဲအပြီးတွင် အာဏာရရှိလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

သတင်းနှင့် ပက်သက်ပြီး ထပ်မံအတည်ပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ ဖုန်းခေါ်ဆိုမေးမြန်းရန် ကြိုးစားနေသော်လည်း ယခု သတင်းဖော်ပြချိန်အထိ ပြောရေးဆိုခွင့်ရှိသူများ မအားလပ်မှုကြောင့် ဆက်သွယ်မရသေးပေ။

ပြီးခဲ့သည့်လက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခဲ့သည်။

ဦးအောင်ကြည် ခေါင်းဆောင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် အစိုးရက ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးနောက် ဒေါက်တာသန်းထွဋ်သည် ပထမဆုံး အရေးယူခံရသည့် အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည်။ ၎င်းသည် ယခုအခါ တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar