စာကြည့်တိုက်များတွင် အင်တာနက်ချိတ်ဆက်နိုင်ရန် အူရီဒူးက ဆက်လက်ပံ့ပိုးပေးသွားမည်

ရန်ကုန်၊ မတ် ၂၉

ဒီဂျစ်တယ်နည်းပညာဖြင့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်မည့် ပတ်ဝန်းကျင်တစ်ရပ်ကို တည်ဆောက်နိုင်ရန်အတွက် Beyond Access Myanmar စီမံကိန်းကို အူရီဒူးမြန်မာက ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု မတ် ၂၈ ရက်နေ့က ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၄ ခုနှစ်ကစတင်ပြီး အူရီဒူးမြန်မာနှင့် ပြည့်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေသည့် ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်သည့် Myanmar Book Aid and Preservation Foundation (MBAPF)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာပညာရေးကဏ္ဍ တိုးတက်မှုအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနေသည့် အမေရိကန်အခြေစိုက် IREX တို့နှင့် ပူးပေါင်းပြီး အများပိုင်စာကြည့်တိုက် ၅၅ ခုအား တက်ဘလတ် ပေါင်း ၁၈၇ ခု၊ routers ပေါင်း ၅၅ ခုတို့နှင့်အတူ အခမဲ့ အင်တာနက်ချိတ်ဆက်မှုအပါအဝင် ပံ့ပိုးပေးခဲ့ကာ စီမံကိန်းကာလအတွင်း လူပေါင်း နှစ်သိန်းကျော်ကို သင်တန်းများပေးခြင်းဖြင့် ကူညီပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် နောက်ထပ်တစ်နှစ်အတွင်း စာကြည့်တိုက် ၃၅ ခုတွင် အင်တာနက် ချိတ်ဆက်ရန် ပစ္စည်းများနှင့် ကွန်ပြူတာများအပြင်၊ သင်တန်းများ ပေးအပ်ရန် အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ Rene Mena နှင့် MBAPF ၏ အမှုဆောင်အရာရှိ ဒေါက်တာသန့်သော်ကောင်းတို့က နားလည်မှုစာချွန်လွှာကို မတ် ၂၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ကြောင့် အူရီဒူးမြန်မာအနေဖြင့် အမေရိကန်ဒေါ်လာ ၃ဝဝ,ဝဝဝ ကျော် ပံ့ပိုးပေးကာ နောက်ထပ် နှစ်နှစ်အတွင်း စာကြည့်တိုက်ပေါင်း ၉ဝ တွင် အင်တာနက်ချိတ်ဆက်ရန် ပစ္စည်းများနှင့် ကွန်ပြူတာများ ထောက်ပံ့ပေးခြင်း အပါအဝင်၊ သင်တန်းများပေးအပ်ရန်အတွက် နားလည်မှုစာချွန်လွှာကို အသစ်ထပ်မံ လက်မှတ်ရေးထိုးလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ အင်တာနက်ဝန်ဆောင်မှုမှတစ်ဆင့် ဒီဂျစ်တယ်နည်းပညာကို နောက်ထပ် လူဦးရေပေါင်းတစ်သိန်းအထိ သင်ယူလေ့လာနိုင်ရန် မျှော်မှန်းထားသည်ဟု အူရီဒူးမြန်မာက သတင်းထုတ်ပြန်ခဲ့သည်။

“Beyond Access Myanmar စီမံကိန်းကို ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကာ သင်တန်းများနှင့်တကွ ဒီဂျစ်တယ်စနစ်ပိုင်း လိုအပ်ချက်များကို ပြည့်ပြည့်ဝဝ ပံံ့ပိုးပေးနိုင်တဲ့ အများပိုင် ခေတ်မီ စာကြည့်တိုက် ၉၀ ပေါ်ထွက်လာမှာ ဖြစ်တဲ့အတွက် အဆိုပါ စာကြည့်တိုက်များနှင့် ဆက်စပ်လျက်ရှိသည့် မြန်မာပြည်သူအများအနေဖြင့် သင့်တင့်လျောက်ပတ်သည့် နည်းပညာနှင့် အင်တာနက် ချိတ်ဆက်မှုရှိသည့် ခေတ်မီစာကြည့်တိုက်များတွင် ခေတ်မီပညာရပ်များ လေ့လာဆည်းပူနိုင်တော့မှာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Legal and Regulatory Officer ဖြစ်သူ Mr. Chris Peirce က ပြောကြားသည်။

တစ်ချိန်တည်းမှာပင် ကျောင်းမတက်နိုင်သည့် လူငယ်များအတွက်လည်း အသက်မွေးဝမ်းကြောင်းပညာများ သင်ကြားပေးနိုင်အောင် စီစဉ်သွားမည်ဟု သိရသည်။

ထို့အပြင် Tech Age Girls စီမံကိန်းဖြင့်လည်း အမျိုးသမီးရာပေါင်းများစွာကို သင်တန်းများ ပေးအပ်သွားမည်ဖြစ်သည်။

သတင်း-စောကပလူစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar