သုံးစွဲသူ ၁၀ သန်းပြည့်မြောက်ဟု အူရီဒူးကြေညာ၊ Mytel ကလည်း သုံးစွဲသူ ၁၀ သန်း ရရှိရန် ရည်မှန်း

ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် အူရီဒူးမြန်မာနှင့် Mytel တို့က ၎င်းတို့၏ ဝန်ဆောင်မှုများအား သုံးစွဲသူအရေအတွက် မြင့်တက်လာသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က အသီးသီးထုတ်ပြန်ပြောကြားခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် သုံးစွဲသူ ၁၀ သန်းပြည့်မြောက်ခဲ့ပြီဟု အူရီဒူးမြန်မာက ကြေညာခဲ့သလို ဈေးကွက်တွင်းသို့ နောက်ဆုံးဝင်ရောက်လာသည့် Mytel ကလည်း ယခုနှစ်အကုန်တွင် အမြဲတမ်းသုံးစွဲသူ ၁၀ သန်းရရှိရန် ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

“ယခုကဲ့သို့ ထူးခြားသော မှတ်တိုင်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် သုံးစွဲသူဦးရေ ၁ဝ သန်း ပြည့်မြောက်ခြင်းမှာ သုံးစွဲသူများအနေဖြင့် အူရီဒူး၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအပေါ် သုံးစွဲသူများမှ အသိအမှတ်ပြုတဲ့ သက်သေပြချက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထပ်မံပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု  အူရီဒူး၏ Group Chief Executive Officer ဖြစ်သူ Sheikh Saud bin Nasser Al Thani က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ပုဂ္ဂလိကအား တရားဝင်လုပ်ကိုင်ခွင့်ပြုပြီးနောက် နိုင်ငံတကာ အော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးက ၎င်း၏ 3G ဝန်ဆောင်မှုများကို ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လတွင် စတင်ခဲ့သည်။ ယခုအခါတွင် နိုင်ငံ့လူဦးရေ၏ ၉၂ ရာခိုင်နှုန်းကို အူရီဒူးကွန်ရက် လွှမ်းခြုံပေးထားသည်ဟုဆိုသည်။

အူရီဒူးမြန်မာ၏ ယာယီစီးအီးအို Alok Verma က “မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများအကြား ဒီဂျစ်တယ် ထိပ်တန်းဦးဆောင်သူအဖြစ် ပြောင်းလဲပေးနိုင်ရန်အတွက် ဆန်းသစ်တီထွင်ထားတဲ့ ဒီဂျစ်တယ်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပိုပြီးပေးအပ်နိုင်ဖို့အတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

ဈေးကွက်တွင်းသို့ ၂၀၁၈ ခုနှစ်အလယ်ခန့်ကမှ စတင်ဝင်ရောက်ခဲ့သည့် Mytel ကလည်း အမြဲသုံးစွဲသူ ငါးသန်း ပြည့်မြောက်သွားပြီဟု ပြောကြားပြီး ယခုနှစ်ကုန်တွင် ၁၀ သန်းအထိရရှိရန် ရည်မှန်းထားသည်ဟု ဆိုသည်။

“Mytel အနေဖြင့် အံ့အားသင့်စရာ တိုးတက်အောင်မြင်မှုနှုန်းထား တစ်ခုရရှိခဲ့ပြီး လုပ်ငန်းစတင်ပြီး ၇ လ အကြာတွင်ပင် အမြဲတမ်းသုံးစွဲသူပေါင်း ၅ သန်းကျော်နှင့် ဈေးကွက်ရှယ်ယာ ၁၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်ခဲ့သည်” ဟု Mytel က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြောကြားသည်။

Mytel အနေဖြင့် ၂၀၁၉ ခုနှစ်အကုန်တွင် အမြဲတမ်းသုံးစွဲသူပေါင်း ၁၀ သန်းခန့်အထိ ရရှိနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်းဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအော်ပရေတာလေးခုရှိပြီး အမ်ပီတီသုံးစွဲသူ ၂၁ သန်းခန့်နှင့် တယ်လီနောသုံးစွဲသူ ၁၉ သန်းခန့်ရှိသည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar