၂၀၁၈ တွင် အမြတ်ငွေ ၂၉ ရာခိုင်နှုန်း တိုးလာဟု အူရီဒူးမြန်မာ ထုတ်ပြန်

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း အတိုး၊ အခွန်၊ တန်ဖိုးလျော့ချခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ (EDITA) ၂၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကာတာရီရယ် (QAR) ၁၉၇ သန်း (အမေရိကန်ဒေါ်လာ ၅၄ သန်းခန့်) အထိမြင့်တက်ခဲ့သည်ဟု အူရီဒူးမြန်မာက ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်က ကာတာရီရယ် (QAR) ၁၅၂ သန်း (ဒေါ်လာ ၄၁ ဒသမ ၇ သန်း) သာ ရရှိခဲ့သဖြင့် ကုမ္ပဏီ၏ ပိုမိုထိရောက်သော မဟာဗျူဟာများ၏ အောင်မြင်မှုကို ပြသနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် မြန်မာကျပ်ငွေသည် ယခင်နှစ်ကထက် ငါးရာခိုင်နှုန်း တန်ဖိုးလျော့ကျလာခြင်းနှင့် ဆက်သွယ်ရေးအော်ပရေတာသစ်တစ်ခု တိုးလာခြင်းတို့ကြောင့် ၂၀၁၈ အတွက် ဝင်ငွေမှာ ကာတာရီရယ် ၁ ဒသမ ၃ ဘီလျံအထိ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟုလည်းဆိုသည်။ မြန်မာငွေအရ ၂၀၁၇ ဖြင့် နှိုင်းယှဉ်ပါကမူ ဝင်ငွေတည်ငြိမ်ခဲ့သည်ဟု အူရီဒူးကပြောကြားသည်။

“ကျွန်တော်တို့ရဲ့ မဟာဗျူဟာတွေကို မြို့ပြနဲ့ကျေးလက် နှစ်ခုလုံးက လူတွေအကုန်လုံးကို ဝင်ဆောင်မှုပေးနိုင်အောင် လုပ်ပေးထားတာကြောင့် သုံးစွဲသူ ၂၁ ရာခိုင်နှုန်း တိုးလာပြီး အူရီဒူးမြန်မာရဲ့ EBITDA လည်း ၂၉ ရာခိုင်နှုန်း မြင့်တက်လာပါတယ်” ဟု အူရီဒူး၏ အုပ်စုစီအီးအိုဖြစ်သူ H.E. Sheikh Saud bin Nasser Al Thani က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

အူရီဒူးမြန်မာအား သုံးစွဲသူဦးရေ ၂၁ ရာခိုင်နှုန်းတိုးလာပြီး ၉  ဒသမ ၆ သန်းရှိလာပြီဖြစ်ကြောင်း အူရီဒူးကပြောကြားသည်။ ၎င်း၏ 4G ကွန်ရက်သည် ယခုလက်ရှိတွင် မြို့နယ်ပေါင်း ၃၀၀ ကို လွှမ်းခြုံထားသဖြင့် 4G ဖြင့် တစ်နိုင်ငံလံးု လူဦးရေ၏  ၅၄ ရာခိုင်နှုန်းအား ဝန်ဆောင်မှုပေးနေသည်ဟု ဆိုသည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် အပြန်အလှန် ချိတ်ဆက်သည့်အခါ လွယ်ကူအောင်ပြုလုပ်ပေးသည့် My Ooredoo အပလီကေးရှင်းအား ဈေးကွက်အတော်များများတွင် မိတ်ဆက်ပေးနိုင်ခဲ့သည်ဟုသိရသည်။

“အခုဆိုရင် မြန်မာနိုင်ငံမှာ ကျေးလက်ဒေသတွေမှာနေထိုင်တဲ့ သုံးစွဲသူတွေ သူတို့အတွက် အရမ်းအသုံးဝင်တဲ့ ရာသီဥတုအချက်အလက်၊ ကောက်ပဲသီနှံနဲ့ ကောက်ပဲသီးနှံတွေရဲ့ လက္ကား ဈေးနှုန်းတွေကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုလို့ရနေပါပြီ” ဟု အူရီဒူး၏ ဥက္ကဋ္ဌဖြစ်သူ Sheikh Abdulla Bin Mohammed Bin Saud Al-Thani က ပြောသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် အူရီဒူးမြန်မာ၏ စီအီးအိုဖြစ်လာသူ Mr. Vikram Sinha အား အူရီဒူးအင်ဒိုဆက် စီအီးအို၏ အကြံပေးပုဂ္ဂိုလ်အဖြစ်နှင့် အူရီဒူးမြန်မာ၏ ဘုတ်အဖွဲ့ဝင်အဖြစ် ဖေဖော်ဝါရီ ၅ ရက်နေ့က ပြောင်းလဲခန့်အပ်ခဲ့သည်။ ထို့နောက် Mr. Alok Verma အား အူရီဒူးမြန်မာ၏ ယာယီစီအီးအိုအဖြစ် ခန့်အပ်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar