စည်းကမ်းမလိုက်နာဘဲ ပုဂံမှာ ဟိုတယ်ဆောက်တဲ့ ကုမ္ပဏီကို တရားစွဲဆိုထားမှုအား အစိုးရ ပြန်ရုပ်သိမ်း

ရဲမွန်

ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ ပုဂံဒေသမှာ စည်းမျဉ်းစည်းကမ်း မလိုက်နာပဲ အမွေအနှစ်ဇုန်အတွင်း ဟိုတယ် ဆောက်လုပ်မှုကို အစိုးရက တရားစွဲဆိုခဲ့ပြီးနောက် လေးလအကြာမှာ အမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဟိုတယ်တည်ဆောက်တဲ့ မြတ်မင်းကုမ္ပဏီကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ)က တရားလို ပြုလုပ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၄ နဲ့ ညောင်ဦးမြို့မ ရဲစခန်းမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီပုဒ်မဟာ အနည်းဆုံး ဒဏ်ငွေ ကျပ်ငါးသောင်းကနေ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ကျခံရနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလက ဖွင့်ခဲ့တဲ့ အဲဒီအမှုကို လေးလကျော်အကြာမှာ ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ ဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

အဲဒီလို အမှုရုပ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကို ပြောဆိုဖို့ကိုတော့ သူက ငြင်းဆိုခဲ့ပြီး မြတ်မင်းကုမ္ပဏီဘက်ကလည်း ဖြေဆိုပေးဖို့ ငြင်းခဲ့ပါတယ်။

အင်းလေးမှာ နိုဗိုတယ်ဟိုတယ် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ မြတ်မင်းကုမ္ပဏီဟာ ပုဂံမှာလည်း အခန်း ၃၈၄ ခန်းပါဝင်တဲ့ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ ဟိုတယ်တည်နေရာက အမွေအနှစ်ဇုံထဲမှာ ဖြစ်ပေမယ့်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ”လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်ပါက ကန့်ကွက်ရန်မရှိ”ဆိုတဲ့ မှတ်ချက်ပေးခဲ့သလို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဟိုတယ်ခန်း တစ်ခန်းလျှင် ကျပ်ငါးသောင်းနှုန်းနဲ့ အခန်းအားလုံးအတွက် ကျပ် ၁၇၄ သိန်းကို ပုဂံဒေသ ဖွံ့ဖြိုးရေးအလှူငွေအဖြစ် ပေးသွင်းဖို့ တောင်းဆိုခဲ့ပြီးနောက် ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းကို မြတ်မင်းက စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြေ ၂၄ ဒသမ ၁၅ ဧကပေါ်မှာ တည်ဆောက်မယ့် ဟိုတယ်စီမံကိန်းအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မပါရှိခဲ့တဲ့အပြင် ရှေးဟောင်းသုတေသနဌာနနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့က ထောက်ခံချက်တွေလည်း မပါရှိခဲ့ပါဘူး။

စေတနာဘုရားကြီးနဲ့ ကျောင်းကြီး ညီမဘုရားအနီးမှာ တည်ရှိပြီး ဟိုတယ်ဆောက်လုပ်ဖို့ စက်ယန္တရားတွေနဲ့ မြေညှိ တူးဖော်တာတွေကြောင့် ဒေသခံတွေနဲ့ ပညာရှင်တွေက ဝေဖန်ပြီးမှသာ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်(ပုဂံ)က သတိပေးတာတွေ စတင်လုပ်လာခဲ့တာဖြစ်ပါတယ်။

ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ)က ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်တန့်ဖို့ သုံးကြိမ်တိုင် သတိပေးခဲ့ပေမယ့် ကုမ္ပဏီဘက်က ရပ်ဆိုင်းခဲ့ခြင်းမရှိတာကြောင့် တရားစွဲဆိုရတဲ့အထိ ဖြစ်လာရတာလို့ ညွှန်ကြာရေးမှူး ဦးအောင်အောင်ကျော်က Frontier နဲ့ သြဂုတ်လအတွင်းက တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ရေးဆွဲထားတဲ့ ရှေးဟောင်းနယ်နမိတ်အသစ်မှာ ရှေးဟောင်းဇုန်အတွက် မြို့မြေ၊ ရွာမြေနဲ့ မြို့မဟုတ်၊ ရွာမဟုတ်တဲ့ လွတ်လပ်မြေဆိုပြီး မြေအမျိုးအစားသုံးမျိုး ပေါ်ပေါက်လာပါတယ်။ မြတ်မင်းကုမ္ပဏီက ဟိုတယ်ဆောက်လုပ်နေတဲ့ မြေနေရာဟာ အလွယ်တကူဖြိုဖျက်လို့ မလွယ်ကူမယ့် အဆောက်အအုံတွေ ဆောက်လုပ်ခွင့်မရှိတဲ့ လွတ်လပ်မြေအမျိုးအစားထဲမှာ ပါဝင်နေတာပါ။

မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်း အတွင်းရေးမှူး ဦးသူရအောင်က ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ဟိုတယ်ဆောက်လုပ်ခွင့်မရှိဘဲ လုပ်ဆောင်နေတဲ့အပေါ် တရားစွဲဆိုထားရာကနေ ပြန်ရုပ်သိမ်းလိုက်တာကို နားမလည်နိုင် ဖြစ်ရတယ်လို့ ပြောပါတယ်။

“မြတ်မင်းဆောက်တဲ့နေရာက Monument Zone ထဲမှာ ဖြစ်နေတာ။ ဆောက်လို့ကို မရတဲ့နေရာ။ တားတဲ့ကြားက ဆောက်ခဲ့လို့ တရားစွဲခဲ့တယ်။ အခုအဲဒါကို ပြန်ရုပ်သိမ်းတယ်ဆိုတော့ ဘာသဘောလဲ နားမလည်ဘူး”လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းအနေနဲ့လည်း မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်တဲ့ ပုဂံဒေသ စီမံခန့်ခွဲမှုကော်မတီကို စီမံခန့်ခွဲမှုအမှားတွေ ပြုလုပ်နေတယ်ဆိုပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်စေချင်တယ်။ အဆိုပြုလွှာလည်း တင်ပြီးသွားပြီ ဖြစ်တဲ့အတွက် ပါစေချင်တယ်။ မပါရင် တိုင်းပြည်သိက္ခာကျမယ်”လို့ ဦးသူရအောင်က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက် အဆိုပြုစာတမ်းကို ယခုနှစ် အစောပိုင်းကတည်းက ယူနက်စကိုကို တင်သွင်းထားပြီးဖြစ်ပါတယ်။ အဲဒီအဆိုပြုစာတမ်းမှာ ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာတွင် ပုဂံဒေသ ရှေးဟောင်းအမွေအနှစ်တွေကို မထိခိုက်စေရဘူးဆိုတာကိုလည်း ရေးသားထားပါတယ်။

ပုဂံဒေသကို အမွေအနှစ်စာရင်း၌ ထည့်သွင်း၊ မသွင်းကိုမူ ၂ဝ၁၉ ခုနှစ်တွင် အာဇာဘာဂျန်နိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံက မဲခွဲဆုံးဖြတ်ပေးသွားမှာဖြစ်ပြီး လာရောက်စစ်ဆေးမယ့် ပညာရှင်ကတော့ ယခုလအတွင်းမှာပဲ သူ့ရဲ့ ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar