ရန်ကုန်၊ မေ ၁၉
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းသည် မြန်မာနိုင်ငံသို့ ဇွန်လအတွင်း လာရောက်မည်ဟု စင်ကာပူ Channel News Asia သတင်းဌာနက ရေးသားထားသည်။
စင်ကာပူ-မြန်မာ သက်မွေးမှုပညာသင်တန်းကျောင်းအား တရားဝင်ဖွင့်လှစ်ရန်အတွက် လာရောက်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မေ ၁၈ ရက်နေ့တွင် ပြောကြားကြောင်း ရေးသားထားသည်။
အဆိုပါ သင်တန်းကျောင်းတွင် မြန်မာလူငယ်များအတွက် ဟိုတယ်နှင့် ခရီးသွားပညာရပ်များ၊ အင်ဂျင်နီယာ ပညာရပ်များများစသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကာ တစ်နှစ်လ ျှင် ကျွမ်းကျင်လုပ်သား ၈၀၀ ခန့်ကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှတ်နှံမှု ဆွဲဆောင်နိုင်ရေးတို့အတွက် အထောက်အကူပြုနိုင်မည်ဟု ရေးသားထားသည်။
စင်ကာပူဝန်ကြီးချုပ်သည် သမ္မတဦးထင်ကျော်ဦးဆောင်သည့် အစိုးရသစ်တက်ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် နိုင်ငံခေါင်းဆောင် ဖြစ်လာဖွယ်ရှိသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန်ဘာလာခ်ရစ်ရှ်နန်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၅၀ ပြည့်အထိမ်းအမှတ်နှင့် မိတ်ဆက်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကာ မေ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မြန်မာနှင့် စင်ကာပူနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် အနှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အဦး တည်ဆောက်ရေးအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရန် ကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံစလုံးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ များဖြစ်ပြီး တူညီသည့်အတွေ့အကြုံများနှင့် နီးကပ်သည့် စီးပွားရေး ဆက်ဆံမှုများ လည်းရှိပါကြောင်း၊ အခြေခံအဆောက်အအုံနယ်ပယ်တွင် စင်ကာပူနိုင်ငံက မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံမှုများပြုလုပ်လျက်ရှိသကဲ့သို့ မြန်မာလူငယ်များအတွက် ပညာရေးနှင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စင်ကာပူသည် မြန်မာနိုင်ငံနှင့် ဒုတိယမြောက် အကြီးဆုံး ရင်းနှီးမြှတ်နှံသူဖြစ်ကာ ပြီးခဲ့သည့် မတ်လအထိ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံ ရင်းနှီးမြှတ်နှံထားသည်။
သတင်း- Frontier