ငြိမ်းစုစီ ဥပဒေကို ထပ်မံဖြေလျော့ပေးဖို့ ပြင်ဆင်နေ

နေပြည်တော်၊ မေ ၄

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ထပ်မံဖြေလျှော့ဖို့ ကြိုးပမ်းနေတယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက Frontier ကို ပြောပါတယ်။

“ခွင့်ပြုမိန့်မလိုတော့လောက်တဲ့အထိ လုပ်နေပါတယ်။ ပုဒ်မအရေအတွက်တော့ နည်းနည်းတိုးသွားမယ်” လို့ သူက ဆိုပါတယ်။ လတ်တလောမှာတော့ ဥပဒေကြမ်း ကော်မတီမှာ ဆွေးနွေးနေပြီး အသေးစိတ်တွေကို ထုတ်ပြောလို့ မရသေးဘူးလို့ သူကဆိုတယ်။

ပြီးခဲ့တဲ့အစိုးရခေတ်တစ်လျှောက် ဆန္ဒပြသူတွေဟာ ဒီဥပဒေမှာပါတဲ့ ခွင့်ပြုမိန့်တောင်းခံမှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ သတ်မှတ်ပေးတဲ့ နေရာမှာ ဆန္ဒပြဖို့နဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၁၉ တို့နဲ့ တောက်လျှောက်အရေးယူခံရတာမျိုး ရှိခဲ့ပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အများစုရှိနေတဲ့ လွှတ်တော်ကတော့ ကိုယ့်အစိုးရကို ဆန္ဒပြလာနိုင်တဲ့အခြေအနေမှာတောင် ဒီလိုမမျှတတဲ့ ပုဒ်မတွေကို ပြင်ဖို့လုပ်နေပါတယ်လို့ ဦးဇော်မင်းက ပြောပါတယ်။

“အပေါ်စီးကမဆွဲပဲနဲ့ မျှမျှတတဖြစ်အောင်ဆွဲထားတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဆန္ဒပြတဲ့သူတွေနဲ့တွေ့မှာပဲ။ ကျွန်တော်တို့ဖက်ကတော့ လုံခြုံအောင်လုပ်မှပဲဆိုတာမျိုး ပါဝင်တာ မရှိဘူး။ ဥပဒေတစ်ရပ်ပီပြင်အောင် မျှမျှတတဖြစ်ရမယ်ဆိုတဲ့ ဘောင်ထဲကပဲ တစ်ဖက်ကို စဉ်းစားပေးတယ်။ အုပ်ချုပ်တဲ့လူတွေကလည်း လုပ်သာကိုင်သာရှိအောင် ဆွဲနေပါတယ်” လို့ သူက ဆိုပါတယ်။

လက်ပံတန်းကိစ္စမှာ ကျောင်းသားတွေအရေးယူခံရတာမျိုး နောက်မဖြစ်အောင် ကုစားဖို့ ပြင်တာပါလို့လည်း ဦးဇော်မင်းက ရည်ညွှန်းပါသေးတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ဗဟိုလုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးက ကိုသီဟဝင်းတင်ကတော့ ခွင့်ပြုမိန့်လိုအပ်တာနဲ့ သတ်မှတ်ပေးတဲ့နေရာမှာသာ ဆန္ဒပြခွင့်ရှိတယ်ဆိုတာမျိုးကို ပယ်ဖျက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“အခြေခံဥပဒေထဲမှာ လွတ်လပ်စွာ စည်းရုံးခွင့်၊ စုဝေးခွင့် ဆန္ဒဖော်ထုတ်ခွင့်တို့ ပြောထားပြီးတော့ ဒီပုဒ်မ ၁၈ တို့၊ ၁၉ တို့နဲ့ ပြန်ချုပ်ထားသလိုဖြစ်နေတယ်” လို့ သူက ဆိုတယ်။

“ဥပမာ မနက်ဖြန်အိမ်ရာ ဖျက်သိမ်းခံရတော့မှာမို့ ဒီကနေ့ဆန္ဒပြချင်သူတွေအတွက် စာတင်တာတို့၊ ခွင့်ပြုမိန့်တို့ ပြန်စောင့်ဖို့ဆိုတာ လတ်တလောအခြေအနေမှာ မဖြစ်နိုင်ဘူးလေ”လို့ ကိုသီဟဝင်းတင်က ဆက်ပြီး ရှင်းပြပါတယ်။

ရှေ့နေများကွန်ရက်က ဦးကြီးမြင့်ကတော့ “ထောင်ချတဲ့ဟာတွေမလုပ်သင့်ဘူး။ ခွင့်ပြုပေးပြီး စောင့်ရှောက်ပေးရမယ်။ ဒီလိုပဲဖြစ်သင့်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

ငြိမ်းစုစီလို့ ခေါ်ကြတဲ့ ဒီဥပဒေဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအစ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ထောင်စု လွှတ်တော်က အစောဆုံးပြဋ္ဌာန်းပေးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ သို့သော်လည်း ပထမဆုံး ဥပဒေအရဆိုရင် ဆန္ဒပြလိုသူတွေဟာ ခွင့်ပြုမိန့်မရဘဲ ဆောင်ရွက်လို့မရတာမျိုးဖြစ်နေလို့ ဝေဖန်ခံခဲ့ရသလို လိုက်နာဖို့ ပျက်ကွက်သူ အများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါကြောင့် ၂၀၁၄ ခုနှစ်၊ ဇွန်လမှာ ဥပဒေကို တစ်ကြိမ်ပြန်ပြင်ခဲ့ရာမှာတော့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ငြင်းဆန်ခွင့်မရှိစေဖို့ ဦးတည်ခဲ့ပါတယ်။ သို့သော်လည်း အာဏာပိုင်တွေ ခွင့်ပြုပေးတဲ့နေရာမှာသာ ဆန္ဒပြခွင့်ရတာမျိုးဖြစ်လို့ ဝေဖန်မှုတွေနဲ့ အရေးယူခံရမှုတွေကတော့ ဆက်ရှိနေတာပါ။

အခု ထပ်မံပြင်ဆင်မယ့် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုတော့ လာမယ့်တစ်ပတ်အတွင်း အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနိုင်အောင်ကြိုးပမ်းနေတယ်လို့ ဦးဇော်မင်းက ပြောပါတယ်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar