ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကျပ်ဆိုက်နေပြီလား

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အကျပ်အတည်း ဖြစ်နေလို့ ပြည်တွင်းတိုက်ခိုက်မှုတွေ အပြီးတိုင် ရပ်ဆိုင်းပြီး တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးရအောင် ဆွေးနွေးညှိနှိုင်းကြဖို့ လိုအပ်နေပါပြီ။

စည်သူအောင်မြင့် ရေးသားသည်။

ခုဆိုရင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ၂ နှစ် ရှိသွားပါပြီ။ အလားတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရက အကောင်အထည်ဖော်နေတာလည်း တစ်နှစ်ခွဲကျော်ကာလ ရောက်ခဲ့ပါပြီ။

ဒီ့မတိုင်ခင်တုန်းကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်တဲ့ဆီမှာ ဒေါ်အောင်ဆန်းစုကြည်သာ ခေါင်းဆောင် ပါဝင်လာမယ်ဆိုရင် ငြိမ်းချမ်းရေးကို မြန်မြန်ရနိုင်မယ်ဆိုပြီး ထင်မြင်ယူဆသူတွေ အတော်များများ ရှိခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်တာ ကာလတစ်ခု ရောက်တဲ့အခါ အဲဒီထင်မြင်ချက် မှန်နေသေးသလား၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခက်အခဲ အကျပ်အတည်းကြားထဲ ရောက်နေပြီလားဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ကျင်းပပြီးသွားတဲ့ NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်း ၂ နှစ်ပြည့်မြောက်တဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ရှိနေတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီ ၂ နှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုကြီး စတင်နိုင်ပြီ၊ ဖက်ဒရယ် အခြေခံမူ ၃၇ ချက်ကို ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်း (၁) အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ၊ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေရဲ့ နယ်မြေဒေသတွေမှာ ပဋိပက္ခတွေ လျှော့ချနိုင်ခဲ့ပြီး ပြည်သူတွေရဲ့ဘဝ သိသိသာသာ ပြောင်းလဲ တိုးတက်လာတာတွေကို ထောက်ပြပြီး တိုးတက်မှုရှိတယ်လို့ ပြောလိုက်တာပါ။

တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးသမားတွေကတော့ NCA စာချုပ် လက်မှတ်ထိုးစဉ်တုန်းက လက်နက်ကိုင် ၈ ဖွဲ့ပဲ ပါတယ်၊ ၂ နှစ်ကျော်ကြာလာတဲ့ ဒီကနေ့ထက်ထိလည်း နောက်ထပ် လက်မှတ်ရေးထိုးသူ မရှိသေးတာတွေကို ထောက်ပြပြီး တိုးတက်မှု မရှိသေးတာလို့ ဝေဖန်ပါတယ်။ တချို့ကတော့ တိုးတက်မှုတော့ ရှိပါရဲ့၊ ဒါပေမဲ့ အလွန်နှေးကွေးနေတယ်ဆိုပြီး ထင်မြင်ယူဆတာမျိုးလည်း ရှိနေပါတယ်။

ဒီကနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် အုပ်စုကြီး သုံးစုကို မြင်ရမယ် ဖြစ်ပါတယ်။ အဲဒါကတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဆိုပြီး ဖြစ်ပါတယ်။ ပဋိပက္ခ ပြဿနာ အရင်းခံဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ရတာလို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်အထိ တပ်မတော်ဘက်အခြမ်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ ညှိကြ၊ နှှိုင်းကြတဲ့ဖြစ်စဉ်ပဲ ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ အင်န်အယ်လ်ဒီအစိုးရဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်သူ ဖြစ်လာပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ကြားဝင်ညှှိနှိုင်းပေးရတဲ့ အနေအထား ပုံသဏ္ဍာန်မျိုး  ပြောင်းလဲလာတာ တွေ့နိုင်ပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လို့ ပြောပေမဲ့ သီးခြားနိုင်ငံ တစ်ခုခု ပုံစံမျိုး အချက်တွေများနေတော့ ဘယ်အစိုးရနဲ့မဆို၊ ဘယ်တပ်မတော်ခေါင်းဆောင်တွေနဲ့မဆို ညှိရနှိုင်းရ ခက်ခဲမယ့် အနေအထားမျိုးဖြစ်မှာ အသေအချာပါပဲ။

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ညှိကြ၊ နှိုင်းကြရာမှာ ခုနောက်ဆုံးအခြေအနေ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်မှာ အကြမ်းဖျင်း အုပ်စုသုံးစု ပေါ်ပေါက်လာတာကိုလည်း တွေ့နိုင်ပါတယ်။ တစ်စုကတော့ ကေအင်န်ယူ ကရင်လက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် NCA လက်မှတ်ထိုးထားတဲ့တပ်ဖွဲ့ ၈ ဖွဲ့ ဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ အစိုးရနဲ့ NCA စာချုပ်ပါအချက်တွေကို ညှိနှိုင်း အကောင်အထည်ဖော်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု မဖြစ်အောင် ထိန်းသိမ်းတာ၊ လျှော့ချတာ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်တာ၊ နယ်မြေဒေသ ဖွံ့ဖြိုးအောင်လုပ်တာ စတာတွေ ဆောင်ရွက်နေပြီး ဒီနေရာမှာလည်း အခက်အခဲတွေကြုံရတယ်၊ တိုးတက်မှု နှေးကွေးတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ထင်မြင်ယူဆတာ ရှိနေပါသေးတယ်။

နောက်တစ်စုကတော့ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် နောက်ထပ် တောင်းဆိုချက် ၉ ချက်ကို ညှိနှှိုင်းနေတဲ့ မွန်ပြည်သစ်ပါတီ အပါအဝင် UNFC  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် လက်ကျန်အဖွဲဝင်တွေ ဖြစ်ပါတယ်။ ဒါလည်း ညှိနှှိုင်းနေတာ ကာလအတော်ကြာခဲ့ပါပြီ။ အကြိမ်ရေလည်း အတော်လည်း များနေပါပြီ။ ဒါပေမဲ့ နှစ်ဘက် သဘောတူတဲ့ အနေအထားမျိုးကိုတော့ မရောက်နိုင်ကြသေးပါဘူး။

NCA စာချုပ် သဘောတူညီချက်ရ၊ လက်မှတ်ထိုးပြီး ကာလတစ်ခုကြာမှ ပေါ်ပေါက်လာတဲ့ နောက်ထပ် အုပ်စုတစ်စုကတော့ ဝ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေပါတဲ့ အများက မြောက်ပိုင်း မဟာမိတ်တွေလို့ ခေါ်ဝေါ်တဲ့ အုပ်စုပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ ဒီအုပ်စုဝင်တွေဟာ အင်အားအကြီးဆုံး အဖွဲ့တွေ ဖြစ်လို့ တိုင်းပြည်ထဲမှာ သေနတ်သံတွေ ရပ်စဲသွားဖို့၊ တကယ့်ငြိမ်းချမ်းရေး ရဖို့ဆိုရင် ဒီအဖွဲ့နဲ့ ညှိနှိုင်းနိုင်ရေး အလွန်အရေးကြီးပါတယ်။

ပြောရရင် ဒီအုပ်စုကို ဦးဆောင်တဲ့ ဝ တပ်ဖွဲ့ဟာ အရင်သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးကိစ္စ ညှိကြ၊ နှိုင်းကြစဉ်တုန်းက လုံးဝ ဝင်မပါခဲ့တဲ့ အဖွဲ့အစည်းပါ။ အဖွဲ့တချို့ NCA လက်မှတ်ထိုးဖို့ ဖြစ်လာတော့လည်း ၁၉၈၉ ကတည်းက သူတို့နဲ့ တပ်မတော် တိုက်ပွဲဖြစ်နေတာ မရှိဘူး၊ ဒါကြောင့် ထိုးဖို့ မလိုဘူးလို့ သဘောထား ထုတ်ပြန်ခဲ့သူတွေပါ။

ဒါပေမဲ့ နောက်ပိုင်း ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ခြင်းလို၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့အချိန် ဝ တပ်ဖွဲ့ဟာ သူတို့ရဲ့ နိုင်ငံရေးသဘောထား ရပ်တည်ချက်၊ သူတို့ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပုံစံကို လူသိထင်ရှား တောင်းဆိုတာမျိုး လုပ်လာပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လို့ ပြောပေမဲ့ သီးခြားနိုင်ငံ တစ်ခုခု ပုံစံမျိုး အချက်တွေများနေတော့ ဘယ်အစိုးရနဲ့မဆို၊ ဘယ်တပ်မတော်ခေါင်းဆောင်တွေနဲ့မဆို ညှိရနှိုင်းရ ခက်ခဲမယ့် အနေအထားမျိုးဖြစ်မှာ အသေအချာပါပဲ။

အခုဆို ဝ တပ်ဖွဲ့ဟာ တပ်မတော်နဲ့ ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ကချင်အဖွဲ့၊ တပ်မတော်က လက်မခံဘူးလို့ ငြင်းဆန်နေတဲ့ ကိုးကန့်၊ တအာန်းပလောင်၊ ရခိုင် AA အပါအဝင် တပ်ဖွဲ့တချို့ကို ဦးဆောင်ပြီး သူတို့ကို အဖွဲ့လိုက် တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အစိုးရဘက်ကို တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ အဲဒီအုပ်စုကို အဖွဲ့လိုက် တွေ့ဆုံဖို့ဆန္ဒ မရှိပြန်ပါဘူး။

တစ်ဖွဲ့ချင်း၊ ဒါမှမဟုတ် ရွေးချယ်ထားတဲ့ နှစ်ဖွဲ့သုံးဖွဲ့စီနဲ့ပဲ တွေ့ဆုံဆွေးနွေးတာတွေ လုပ်မယ်ဆိုတဲ့ သဘောထားမျိုးပဲရှိတာ တွေ့ရပါတယ်။ အခြားတစ်ဘက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရော၊ တပ်မတော်ဘက်ကပါ တိုင်းရင်းသား လက်နက်ကိုင်တွေကို NCA စာချုပ်မှာ လာပြီးလက်မှတ်ထိုးကြဖို့ တောင်းဆိုနေတာကလွဲပြီး တခြားလမ်းကြောင်း တစုံတရာ ဖွင့်ထားပေးတာမျိုးလည်း ရှိမနေပြန်ပါဘူး။

ဒီအတွက် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အခက်အခဲ အကျပ်အတည်း တစ်ခုတည်း ကျရောက်နေပြီလို့ သုံးသပ်နိုင်ပါကြောင်း၊ တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးကို မြင်လိုတဲ့ အင်အားစုတွေအနေနဲ့ နည်းလမ်းအသစ်တွေ ရှာဖို့လိုနေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar