ငြိမ်းချမ်းရေး၏ အရိပ်အရောင်ပင် မမြင်ရသေးဟု ဝ ခေါင်းဆောင်က ပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ရရှိရန်အတွက်အတွက် အရိပ်အရောင်ပင် မမြင်ရသေးဟု အင်အားကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် တစ်ခုဖြစ်သည့် ဝ အဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်းက ပြောကြားလိုက်သည်။

အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဝ အဖွဲ့တို့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော်ဖြစ်သော ပန်ဆန်းတွင် တွေ့ဆုံနေသည့် ဆွေးနွေးပွဲတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

“တိုင်းရင်းသားတွေနဲ့ ယနေ့ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ အရင်ကထက်ကို ပိုမိုပြင်းထန်လာပါတယ်” ဟု ပေါက်ယူချမ်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကို ပြောကြားသည်။

“တရုတ်-မြန်မာ နယ်စပ်တစ်လျောက်မှာရှိတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက စစ်ပွဲတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာပါတယ်။ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အချို့တွေ ဆွေးနွေးနေကြတဲ့ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်) ကနေ ဘာအဖြေမှ ထွက်မလာပါဘူး” ဟု ၎င်းကပြောသည်။

၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးခဲ့သည့် အပစ်ရပ်ဆဲရေးသဘောတူညီချက်အား ထပ်မံတိုးချဲ့သွားရန် အစိုးရ၏ ကြိုးပမ်းမှုမှာ ဒယိမ်းဒယိုင်ဖြစ်နေသောကြောင့် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးအတွက် လမ်းသစ်ရှာဖွေရမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ညီလာခံ ဒုတိယအကြိမ်အစည်းအဝေးများကို လာမည့်လအတွင်းကျင်းပရန် အစိုးရက စီစဉ်နေစဉ်အတွင်း ဝ အဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အချို့ ဦးစွာ တွေ့ဆုံကြခြင်း ဖြစ်သည်။

လက်ရှိချမှတ်ထားသည့် မူဝါဒများအရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ NCA လက်မှတ်ထိုးထားသည့် အဖွဲ့များသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်မည့် အခြေအနေရှိနေသည့်အတွက် ညီလာခံတွင် ပါဝင်ခွင့်ရရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားအပြင် လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားတွင်ပါ ညှိနှိုင်းမှုများ လုပ်နိုင်ရန် အပြန်အလှန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ ကေအိုင်အိုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ခုမှ ကိုယ်စားလှယ် ၄၀ ဦးခန့် တက်ရောက်နေကြသည်။

ဆွေးနွေးပွဲတွင် ဝ အဖွဲ့ခေါင်းဆောင်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဖက်မှ လတ်တလော မှတ်ချက်ပြုရန် မရှိသေးဟု သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောကြားသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ထိုးထားပြီး ၂၁ ရာစုပင်လုံနှင့် နိုင်ငံရေးဆွေးနွေးရန် ပူးတွဲ ကြိုးပမ်းနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ အင်အားအကြီးဆုံးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပစ်အခတ်ရပ်စဲရေးဟာ ဦးစွာ လုပ်သင့်သည့် လိုအပ်ချက်ဟု ယုံကြည်တယ်လို့ Frontier ကို ပြောကြားသည်။

ပြည်တွင်းစစ်စတင်ပြီးချိန် နှစ်ပေါင်း ၆၀ အတွင်း နည်းလမ်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ရှာခဲ့သော်လည်း အများဆွေးနွေး သဘောတူနိုင်ခဲ့ခြင်းမရှိသဖြင့် မအောင်မြင်ခဲ့ဟု ၎င်းက ပြောသည်။

“တစ်ခြား ဘာနည်းလမ်းရှိမလဲ။ တစ်ချို့က နိုင်ငံရေးပြဿနာရှင်းရင် လက်နိုင်ကိုင် ပဋိပက္ခက ချုပ်ငြိမ်းသွားမယ် ပြောတယ်။ လက်တွေမှာတော့ နိုင်ငံရေးဆွေးနွေးရင်းနဲ့ လက်နက်ကိုင်ပြီး တစ်ဖက်နဲ့ တစ်ဖက် အနိုင်ရဖို့ကြိုးစားရင် နိုင်ငံရေးဆွေးနွေးမှုတွေကိုလည်း ထိခိုက်မှာပါ” ဟု ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထို့အပြင် အစိုးရနှင့် ပူးတွဲဖော်ဆောင်နေတဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဖဒိုစောကွယ်ထူးဝင်းက “အခုဟာက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ခိုင်မာအောင်လုပ်၊ တစ်ဖက်ကလည်း အခြေခံ ပြဿနာတွေရှင်း၊ ဒီကြားထဲမှာ လက်နက်ကိုင် ပဋိပက္ခမဖြစ်ဖို့ထိန်း၊ အဲဒီလိုလုပ်ရင် အောင်မြင်မယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးကဏ္ဍမှာပါ” ဟု ဆက်လက်ပြောကြားသည်။

သတင်း-ဉာဏ်လှိုင်လင်းနှင့် အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar