ရန်ကုန်၊ ဧပြီ ၂၆
မြန်မာနိုင်ငံတွင် ထာဝရခိုင်မာသည့် ငြိမ်းချမ်းရေးရရှိရန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ ခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးစီးပွားစွန့်လွှတ်ရန် လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တိုက်တွန်းပြောကြားလိုက်သည်။
“ကိုယ်ကျိုးစီးပွားဆိုတဲ့နေရာမှာ နယ်မြေအသာစီးရလိုမှု၊ သယံဇာတ အကျိုးအမြတ်ရလိုမှု၊ ဂုဏ်သတင်း ထင်ပေါ်ကျော်ကြားလိုမှုနှင့် စစ်တိုက်ပြီးရတဲ့ စီးပွားရေးအကျိုးအမြတ်များ ရလိုမှုဆိုပြီး အကုန်သိမ်းကျုံးပြီး ပြောလို့ ရပါတယ်။ ပြည်ထောင်စုအတွင်း ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နယ်မြေဒေသတွေအားလုံးဟာ သယံဇာတ ပေါကြွယ်ဝတဲ့ နေရာတွေဖြစ်ပါတယ်။ သယံဇာတမရှိတဲ့နေရာတွေမှာ ပဋိပက္ခ မဖြစ်ပါဘူး။ ဒါကြောင့်မို့ ပါဝင်ပတ်သတ်သူတွေ အားလုံးဟာ ကိုယ်ကျိုးစီးပွားတွေ စွန့်လွှတ်ဖို့ လိုအပ်တယ်။ ပြည်ထောင်စုအကျိုးစီးပွား၊ နိုင်ငံတော်နဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာတွင် ယနေ့ကျင်းပခဲ့သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ၌ ပြောကြားသည်။
အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နာယက ဦးတင်ဦးကမူ “တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုနဲ့ ပတ်သက်တာ၊ သံသယရှိတာတွေ ပါလာကြတဲ့အတွက် ငြိမ်းချမ်းဖြစ်စဉ်တွေဟာ မတည်မြဲဘူး ဖြစ်နေပါတယ်။ သင်ခန်းစာကောင်းတွေကို ကျွန်တော်တို့ ရယူပြီးသားဖြစ်နေတဲ့အတွက် အားလုံးဝန်းဝိုင်းပြီး အောင်မြင်အောင် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို “ငြိမ်းချမ်းရေးဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေးသာလျှင် လမ်းခရီးဖြစ်သည်”ဟူသော ဆောင်ပုဒ်ဖြင့် ယနေ့မှစတင်ကာ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထိုပွဲသို့ သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် နာယက ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ မြဝတီဆရာတော် အရှင်အရိယာဝံသ ဘိဝံသ၊ ရန်ကုန်ကတ်သလစ်သာသနာ ဂိုဏ်းချူပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘို စသည့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ သံဃာတော်များ၊ သံအမတ်များနှင့် ငြိမ်းချမ်းရေးအပေါ် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
“အထက်မှာရှိနေတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ စည်းလုံးကြမယ်ဆိုရင်၊ အောက်ခြေက လူတွေအကုန်လုံး လက်တွဲလုပ်ဆောင်နိုင်ကြပြီး တစ်ဦးကိုတစ်ဦး နားလည်မှုရှိရှိနဲ့ ကိုယ်ချင်းစာတရား ရှေ့ထားကြမယ်ဆိုရင်တော့ နိုင်ငံတော်ကြီးဟာ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော် ဖြစ်လာလိမ့်မယ်။ စစ်ပွဲတွေဟာလည်း အမြန်ဆုံး ငြိမ်းအေးသွားလိမ့်မယ်လို့ အပြည့်အဝ ခံယူတဲ့အတွက် ဒီငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်”ဟု ပွဲဖြစ်မြောက်ရေး၊ ရန်ကုန်တိုင်းတာဝန်ခံ ဘုန်းတော်ကြီး ဂျိူးဇက်မောင်ဝင်းက Frontier ကို ပြောသည်။
သတင်း-ထူးထက်နိုင်