မြန်မာ့မီးရထား အဆင့်မြှင့်တင်ရေး စီမံချက်အတွက် အမေရိကန်ဒေါ်လာ ၆၄ သန်းတန် ရထားတွဲများကို ဂျပန်ကုမ္ပဏီများထံမှ ဝယ်ယူသွားမည်ဟု ဂျပန် NHK သတင်းဌာနက ရေးသားထားသည်။
ဂျပန်နိုင်ငံမှ ဦးဆောင် ကုန်သွယ်ရေးလုပ်ငန်းဖြစ်သည့် မာရူဘီနီနှင့် ရထားထုတ်လုပ်သူ Niigata Transys တို့က ရထားတွဲ ၂၄ တွဲ ပေးပို့သွားမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
မြန်မာ့မီးရထား အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်နေရာတွင် ရန်ကုန်နှင့် မန္တလေးကြား ရထားလမ်းအား အဆင့်မြှင့်တင်ရန်လည်း ပါဝင်သည်။ အဆင့်မြှင့်တင်ရာတွင် ရထားလမ်းများ ပြင်ဆင်ခြင်း အပါအဝင်၊ အချက်ပေးစနစ်များနှင့် ရထားတွဲများလည်း ပါဝင်သည်။
ယခုဝယ်ယူမည့် ဂျပန်နိုင်ငံမှ ရထားတွဲများကို ကီလိုမီတာ ၂၇၀ ရှည်လျားသည့် ရန်ကုန်-တောင်ငူလမ်းပိုင်းတွင် အသုံးပြုသွားမည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရန်ကုန်နှင့် တောင်ငူလမ်းပိုင်း၌ ခုနစ်နာရီခန့်ကြာအောင် သွားလာရသော်လည်း စီမံကိန်းပြီးစီးပါက ရထားခုတ်မောင်းချိန်မှာ ၃ နာရီ မိနစ် ၂၀ သာ ကြာမြင့်တော့မည်ဖြစ်သည်ဟုလည်း ဆက်လက်ရေးသားထားသည်။
ရထားတွဲများကို ၂၀၂၀ ပြည့်နှစ်တွင် ပေးပို့ရန် မာရူဘီနီက စီစဉ်ထားပြီး ပြုပြင်ထိန်းသိမ်းရေးများ လုပ်ဆောင်ရန်အတွက် အင်ဂျင်နီယာများကို သင်တန်းပေးရေးအတွက်ပါ စီစဉ်ထားသည်။
အဆိုပါ ဒီဇယ်လျှပ်စစ် ရထားတွဲများ ဝယ်ယူရေးအတွက် ၂၀၁၆ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရထားတွဲများ ဝယ်ယူရာတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ပေးအပ်သည့် တရားဝင်ဖွံ့ဖြိုးမှု အထောက်အပံ့ ယန်း ၄၅ ဘီလျံထဲမှ ပေးချေမည်ဖြစ်သည်ဟု Nikkei Asia Review က ထိုစဉ်က ရေးသားခဲ့သည်။
မြန်မာ့မီးရထားအတွက် ရထားတွဲများနှင့် ရထားစက်ခေါင်းများကို ယခင်က တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ အများဆုံး ဝယ်ယူခဲ့သည်။ ရန်ကုန်မြို့ပတ်ရထားလိုင်းပိုင်းတွင်မူ ဂျပန်နိုင်ငံမှ ရထားတွဲဟောင်းအချို့ကို အသုံးပြုနေသည်။