ခါကာဘိုရာဇီတောင်တက်ရန် ဧဝရတ်တောင်တက်သမားများ စီစဉ်

ရန်ကုန်၊ မေ ၂၇

ကမ္ဘာ့အမြင့်ဆုံးဖြစ်သည့် ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်ခဲ့ပြီးနောက် အရှေ့တောင်အာရှ၏ အမြင့်မားဆုံး ရေခဲတောင်ဖြစ်သည့် မြန်မာနိုင်ငံမြောက်ဖျားမှ ခါကာဘိုရာဇီတောင်ကို ထပ်မံတက်ရောက်မည်ဖြစ်ကြောင်း ဧဝရတ်တောင်ထိပ်ရောက် ပထမဆုံးမြန်မာနိုင်ငံသားများက ပြောကြားလိုက်သည်။

“ခါကာဘိုရာဇီတက်ဖို့ရည်မှန်းထားတာ ၂၀၂၀ ဝန်းကျင်မှာ တက်မယ်” ဟု ကိုပြည့်ဖြိုးအောင်ကရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

တိဘက်-မြန်မာ နယ်စပ်အနီးရှိ အမြင့်ပေ ၁၉,၂၉၅ပေ ရှိသော ခါကာဘိုရာဇီ တောင်ထိပ်သို့ တစ်ကြိမ်သာ လူသားများ တက်ရောက်နိုင်ခဲ့ပြီး ဧဝရတ်တောင်တက်ရောက်ခဲ့သူများက ဒုတိယအကြိမ်အဖြစ် မှတ်တမ်းဝင်ရန် စီစဉ်နေခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် ကုန်ကျစားရိတ်ကြီးမားသည့် ဧဝရတ်တောင်ကို ထပ်မံတက်ရောက်မည်မဟုတ်ဘဲ အလားတူကုန်ကျမည့် ငွေကြေးများကို ပြည်တွင်းရှိ ရေခဲတောင်များ တက်ရောက်သည့် ခရီးစဉ်များတွင် အသုံးပြုသွားမည်ဟုဆိုသည်။

ခါကာဘိုရာဇီ တောင်ထိပ်သို့၁၉၉၆ တွင် ဂျပန်နိုင်ငံသား တာကာရှီအိုဇာကီနှင့် မြန်မာနိုင်ငံသား တိဘက်လူမျိုး နမားဂျွန်ဆန်တို့က ပထမဆုံးအကြိမ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဧဝရတ်တောင်သို့ သွားရောက်ခဲ့သောရည်မှန်းချက်များအနက်တစ်ခုသည် မြန်မာနိုင်ငံရှိ ခါကာဘိုရာဇီ အပါအဝင် အခြားရေခဲတောက်တက်ခရီးများဖွံ့ဖြိုးလာစေရန် သွားရောက်လေ့လာခြင်း ဖြစ်ကြောင်း ဧဝရတ်တောင်တက်ရောက်ခဲ့သူများက ဆိုသည်။

အဖွဲ့ဝင်သုံးဦးပါသည့် မြန်မာတောင်တက်အဖွဲ့သည် ဧဝရတ်တောင်တက်ရန် မတ် ၂၆ ရက်မှ စတင်ကာ ရန်ကုန်မြို့မှ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့ နှစ်ဦးသည် မေ ၁၉ ရက်နေ့တွင် ဧဝရတ်တောင်ထိပ်ခြေချနိုင်ခဲ့သည့် ပထမဆုံးမြန်မာနိုင်ငံသားများ ဖြစ်ခဲ့သည်။

၎င်းတို့ တောင်တက်ခရီးစဉ်အစအဆုံးအတွက် ထူးဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကာ ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတေဇက ၎င်းတို့ကို ခတ္တမန္ဒူမြို့တွင် သွားရောက်ကြိုဆိုခဲ့သည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar