ကြိုတင်ခွင့်ပြုချက်မလိုပဲ ဆန္ဒပြနိုင်မည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ တင်ပြ

နေပြည်တော်၊ မေ ၅

ကြိုတင်ခွင့်ပြုချက်ရယူပြီးမှ ဆန္ဒပြခွင့်ရတဲ့အခြေအနေကနေ ၄၈ နာရီ ကြိုတင် အကြောင်းကြားရုံနဲ့ ဆန္ဒပြနိုင်မယ့် ဥပဒေကြမ်းတစ်ခုကို အမျိုးသားလွှတ်တော်မှာ ဒီနေ့တင်သွင်းလိုက်ပါတယ်။

၂၀၁၁ ခုနှစ်က စတင်ပြဋ္ဌာန်းထားတဲ့ “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ပယ်ဖျက်ပြီး “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ” လို့ အစားထိုးပြဋ္ဌာန်းဖို့ ကြိုးပမ်းလိုက်တာလည်းဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်းခဲ့တာဖြစ်ပြီး လက်ခံဆွေးနွေးဖို့ လွှတ်တော်က သဘောတူလိုက်ပါတယ်။

လွတ်လပ်စွာစုဝေးခွင့်၊ ဆန္ဒထုတ်ဖော်ထုတ်ခွင့်၊ စီတန်းလှည့်လည်ခွင့်စတဲ့ နိုင်ငံသားအခွင့်အရေးတွေကို ပေးအပ်ထားတဲ့ မူလဥပဒေပါ ၂၀၁၁ ခုနှစ် ပြဋ္ဌာန်းချက်တွေအရဆိုရင် ဆန္ဒပြလိုသူတွေဟာ ခွင့်ပြုမိန့်ရယူဖို့လိုအပ်ပါတယ်။ ဒါကို ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ် ပြန်လည် ပြုပြင်ခဲ့ပေမယ့် ခွင့်ပြုချက်ကို အာဏာပိုင်တွေနဲ့ ညှိနှိုင်းရယူဖို့လိုအပ်တဲ့ အနေအထားမျိုးအထိသာ ပြောင်းလဲနိုင်ခဲ့တာပါ။

အခုအခါမှာတော့ နာမည်ပါပြောင်းပြီး တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းက ရှေ့ကပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို လွှမ်းခြုံပယ်ဖျက်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဥပဒေကြမ်းတင်သွင်းတဲ့ ဒေါက်တာမြတ်ဉာဏစိုးကတော့ မူလဥပဒေကို ပြန်ပြင်ရင် အစားထိုးတဲ့စကားရပ်တွေ ရှုပ်ထွေးသွားနိုင်တာအပြင် ဥပဒေရဲ့အမည်ဟာလည်း ပြောင်လဲသွားပြီဖြစ်လို့ ဥပဒေကြမ်းအသစ်တစ်ရပ်အနေနဲ့ တင်သွင်းရတာပါလို့ လွှတ်တော်ကို ရှင်းပြပါတယ်။

အခုဥပဒေကြမ်းအရဆိုရင် ဆန္ဒပြလိုတဲ့ ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက်၊ အချိန်အပိုင်းအခြား၊ ဟောပြောလိုတဲ့အကြောင်းအရာနဲ့ ကြွေးကြော်မယ့် စာသား၊ ဦးဆောင်မယ့် ပုဂ္ဂိုလ်နဲ့ ဟောပြောမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်၊ စီတန်းလှည့်လည်မှုအစီအစဉ်နဲ့ ခန့်မှန်းလူဦးရေတွေကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ နှစ်ရက်ကြိုတင် အကြောင်းကြားရုံနဲ့ ဆောင်ရွက်ခွင့်ရနိုင်ပါတယ်။

အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဆန္ဒပြမယ်ဆိုရင်တော့ သက်ဆိုင်ရာအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက် အထောက်အထားကိုပါ တင်ပြရမယ်လို့ ဥပဒေကြမ်းမှာပါဝင်ပါတယ်။ ဒီလိုအကြောင်းကြားတဲ့အခါ ပြဋ္ဌာန်းထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါမယ်လို့တော့ ဝန်ခံချက်ပေးရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေအနေနဲ့ အများပြည်သူ အနှောက်အယှက်ဖြစ်စေတဲ့၊ စိတ်မငြိုငြင်စေတဲ့၊ အန္တရာယ်ဖြစ်စေတဲ့၊ ထိခိုက်နစ်နာစေတဲ့ အပြုအမူအပြောအဆိုတွေကို လုပ်ခွင့်မရှိပါဘူး။ စုဝေးတဲ့ နေရာ၊ စီတန်းလှည့်လည်တဲ့လမ်းတစ်လျောက်မှာရှိတဲ့ ပြည်သူပိုင်၊ အများပိုင်နဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ထိခိုက်စေတဲ့ အပြုအမူ၊ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ အပြုအမူတွေကိုလည်း မလုပ်ရပါဘူး။

ယာဉ်များနဲ့ လမ်းသွားလမ်းလာတွေကို အနှောက်အယှက်ဖြစ်စေတဲ့ ပိတ်ဆို့မှုတွေမဖြစ်အောင်လည်း ဆန္ဒပြသူတွေက တာဝန်ယူရပါလိမ့်မယ်။ ဒါ့အပြင် စီတန်းလှည့်လည်ရာမှာ လက်နက်ကိုင်ဆောင်တာ၊ နိုင်ငံတော်နဲ့ ပြည်ထောင်စုကိုဖြစ်စေ၊ လူမျိုးရေး၊ ဘာသာရေးကိုဖြစ်စေ၊ လူ့ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကိုဖြစ်စေ ထိခိုက်တဲ့ အပြောအဆို အပြုအမူမျိုးလည်း လုပ်ခွင့်မရှိပါဘူး။

ဟောပြောရာမှာ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို မသုံးစွဲရဘူးလို့လည်း အခု ဥပဒေကြမ်းမှာ ပါဝင်ပါတယ်။ အလံတွေ၊ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေနဲ့ ပတ်သက်ရင်လည်း ကြိုတင်အကြောင်းကြားထားတဲ့အတိုင်းသာ ဆောင်ရွက်ခွင့်ရှိမှာပါ။ ဒါ့အပြင် လက်ကိုင်အသံချဲ့စက်မှအပ အခြားသော အသံချဲ့စက်တွေ အသုံးပြုခွင့်ရမှာမဟုတ်ပါဘူး။

ဒါတွေကို မလိုက်နာဘူးဆိုရင်တော့ အာဏာပိုင်တွေက တားမြစ်မှာဖြစ်ပြီး လူစုခွဲခိုင်းပါလိမ့်မယ်။ အဲဒီအခါမှာ သတိပေးတဲ့အတိုင်း လိုက်နာဖို့ လိုအပ်ပြီး မဟုတ်ပါက လူစုခွဲခွင့်ကို အာဏာပိုင်တွေက သုံးစွဲဖို့ ဥပဒေကြမ်းမှာ ခွင့်ပြုထားပါတယ်။

ဒီဥပဒေကြမ်းပါ ပြစ်မှု၊ ပြစ်ဒဏ်တွေကတော့ အကြောင်းကြားပြီး ဆန္ဒပြသူတွေကို နှောင့်ယှက်ဟန့်တား ထိခိုက်စေရင် ကျူးလွန်သူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

လုံးဝ အကြောင်းမကြားဘဲ ဆန္ဒပြသူတွေကတော့ သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပြီး ထပ်မံကျူးလွန်ရင်တော့ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မယ်လို့လည်းပြဋ္ဌာန်းထားပါတယ်။

အကြောင်းကြားထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်သူတွေကတော့ သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်တယ်လို့ ဥပဒေကြမ်းကဆိုပါတယ်။

“ကိုယ်ဘာလုပ်မယ်ဆိုတဲ့ စည်းကမ်းချက်ကို သတ်မှတ်ပြီးရင် သတ်မှတ်ထားတဲ့အတိုင်း အကြောင်းကြား၊ အဲဒီဘောင်ကို တော့မကျော်နဲ့။ ကိုယ်စည်းကမ်းကိုယ်ဖောက်ရင်တော့ ထိုက်သင့်တဲ့ အရေးယူမှုကို ခံရမှာပဲ” လို့ ဒေါက်တာမြတ်ဉာဏစိုးက Frontier ကို ပြောပါတယ်။

အရင်ဥပဒေအရ ဆန္ဒပြသူတွေအရေးယူခံရလေ့ရှိတဲ့ နာမည်ကျော်ပုဒ်မတွေဖြစ်တဲ့ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုဆိုင်ရာ ပုဒ်မ၁၈၊ ခွင့်ပြုတဲ့နေရာမဟုတ်ဘဲ ဆန္ဒပြမှု ပုဒ်မ ၁၉ တို့ကို ပယ်ဖျက်လိုက်တာမျိုးမဟုတ်ဘဲ ဖြေလျော့ပေးလိုက်တာမျိုးသာဖြစ်တယ်လို့ သူက ဆက်ပြီးရှင်းပြပါတယ်။

ဒါ့အပြင် မူလအကြောင်းကြားထားတဲ့မြို့နယ်ရဲ့ ပြင်ပကို ကျော်လွန်ဆန္ဒပြတဲ့အခါ ယခင်ဥပဒေအရဆိုရင် ခွင့်ပြုချက် မတင်ထားတဲ့ မြို့နယ်အားလုံးက တရားစွဲဆိုတာခံရတာဖြစ်ပေမယ့် ယခု ဥပဒေကြမ်းမှာတော့ အကြောင်းကြားမထားဘဲ စတင်ဖြတ်သန်းတဲ့ မြို့နယ်တစ်ခုကသာ တစ်ပေါင်းတည်း အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

“မြို့နယ်အများကြီးမှာ တရားရင်ဆိုင်ရတဲ့အခါကျတော့ အချိန်လည်းကုန်တယ်။ တရားစီရင်ရေးစနစ်အတွက်လည်း ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်။ ဒါလေးတွေကို တည့်မတ်ပေးထားပါတယ်” လို့ ဒေါက်တာမြတ်ဉာဏစိုးက ဆိုပါတယ်။

ဒီဥပဒေကြမ်းမှာပါတဲ့ ထူးခြားချက်နောက်တစ်ခုကတော့ သတ်မှတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်သူတွေကို အရေးယူခွင့်ရှိတဲ့ကာလ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အရင်တုန်းလို နှစ်ပေါင်းအတော်ကြာမှ တရားစွဲချင်စွဲနိုင်တဲ့ အနေအထားမျိုးကို ကန့်သတ်ဖို့ ကြိုးပမ်းထားတာမျိုးပါ။

“ပြစ်မှုဖောက်ဖျက်ကျူးလွန်သူတွေကို အာဏာပိုင်တွေက ၁၅ ရက်အတွင်း တရားစွဲဆိုတင်ပို့ရမှာပါ” လို့ ဒေါက်တာ မြတ်ဉာဏစိုးက ရှင်းပြပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းကတော့ လက်ပံတန်းကိစ္စမှာ ကျောင်းသားတွေအရေးယူခံရတာမျိုး နောက်မဖြစ်အောင်ကုစားထားတာပါလို့ Frontier ကို ပြောထားပါတယ်။

“အပေါ်စီးကမဆွဲပဲနဲ့ မျှမျှတတဖြစ်အောင်ဆွဲထားတယ်”လို့ သူက ဆိုတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ဗဟိုလုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးက ကိုသီဟဝင်းတင်ကတော့ ရုတ်တရက်ချက်ခြင်း ဆန္ဒပြလိုသူတွေအတွက် စီစဉ်ပေးဖို့လိုကြောင်း ထောက်ပြပါတယ်။

“ဥပမာ မနက်ဖြန်အိမ်ရာဖျက်သိမ်းခံရတော့မှာမို့ ဒီကနေ့ဆန္ဒပြချင်သူတွေအတွက် စာတင်တာတို့၊ ခွင့်ပြုမိန့်တို့ ပြန်စောင့်ဖို့ဆိုတာ လတ်တလောအခြေအနေမှာ မဖြစ်နိုင်ဘူးလေ”လို့ Froniter ကို သူက မှတ်ချက်ပြုထားပါတယ်။

အခုတင်သွင်းတဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးနောက်မှာမှ ပြည်သူ့ လွှတ်တော်က လက်ခံဆွေးနွေးမှာပါ။ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲချက်မရှိရင်တော့ အတည်ဖြစ်မှာဖြစ်ပေမယ့် ကွဲလွဲချက်ရှိရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ယူရမှာပါ။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar