ရန်ကုန်၊ လှည်းကူးမြို့နယ်ရှိ ကျူးကျော်နေအိမ်ဖျက်သိမ်းခံရသူများက မြေကွက်လိမ်လည်ရောင်းချသွားသူတို့ကို မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု ဇွန် ၂၂ ရက်နေ့တွင် Myanmar Now ကို ပြောသည်။
ကျေးရွာမြေအသုံးပြုရေးကော်မတီဆိုသည့် အဖွဲ့အစည်းတစ်ခုထံမှ မြေကွက် ဝယ်ယူခဲ့ကြကြောင်း၊ အဆိုပါကော်မတီ၏ အတွင်းရေးမှူး ကိုမျိုးဆိုသူကို ငွေချေခဲ့ကြကြောင်း အများအပြားက ပြောသည်။
“အဓိက တိုင်တာကတော့ ကိုမျိုးပေါ့။ သူက တာဝန်ခံပြီး ရောင်းပေးတာကိုး” ဟု မြေကွက် ဝယ်ယူမိသူတစ်ဦးဖြစ်သည့် မနှင်းနှင်းက ပြောသည်။
ပေ ၄ဝx၆ဝ မြေကွက်ကို ကျပ် ၁၅ သိန်းပေးကာ ဝယ်ယူမိသည့် ကိုမြင့်ထွေးက မြေကွက်ဝယ်ထားသူပေါင်း ၁၀၀ နီးပါးခန့် စုစည်းကာ သွားရောက် တိုင်ကြားကြသည်ဟု ဆိုသည်။
“သူတို့ကတော့ ဒီအမူကို လိုက်ပေးမယ်၊ တရားခံကို ရှာပေးမယ်လို့တော့ ပြောတယ်” ဟု ကိုမြင့်ထွေးက ပြောသည်။
ကျူးကျော်နေအိမ်များ ရှင်းလင်းရာတွင်ပါဝင်သည့် အရာရှိများက အမူဖွင့်လိုက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသဖြင့် ယခုကဲသို့ တိုင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။
လှည်းကူးမြို့မရဲတပ်ဖွဲ့မှ ရဲမှူး ဦးကျော်ရွှေဝင်းက တိုင်ကြားမှုများကို လက်ခံ ဆောင်ရွက်ပေးနေသည်ဟု ပြောသည်။
“လာတိုင်တာတွေလည်း ရှိတယ်။ လာတိုင်တော့ ကျွန်တော်တို့က ၄၂ဝ နဲ့ ဖွင့်ပေးထားတယ်” ဟု ဦးကျော်ရွှေဝင်းက ဆိုသည်။
စစ်ဆေးနေဆဲဖြစ်သည့်အတွက် အမှုအခြေအနေ အသေးစိတ်နှင့် ပတ်သက်ပြီး အတိအကျ မပြောနိုင်သေးဟု သူက ဆိုသည်။
ရာဇသတ်ကြီးပုဒ်မ ၄၂ဝ သည် ပြစ်မှုထင်ရှားပါက ငွေဒဏ်မှ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မှ ဖြစ်သည်။
ဇွန် ၁၂ မှ ၂၂ ရက်နေ့အတွင်း ကျူးကျော်အိမ်ပေါင်း ၆,ဝဝဝ နီးပါးခန့် ရှင်းလင်းပြီးဖြစ်သည်ဟု မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
သတင်း-အောင်ငြိမ်းချမ်း/Myanmar Now