ကုလသမဂ္ဂ၏ မူးယစ်အစီရင်ခံစာက အဖြစ်မှန်များကို ပုံဖျက်ထားဟု စွပ်စွဲခံရ

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က လေ့လာသုံးသပ်ထားသည့် အစီရင်ခံစာသည် မြေပြင်ပေါ်ရှိ အဖြစ်မှန်အခြေအနေများကို လိုရာဆွဲ၍ မမှန်မကန် ပုံဖျက်ထားခြင်းသာဖြစ်သည်ဟု နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်အခြေစိုက် think tank တစ်ခုဖြစ်သော Transnational Institute (TNI) ကစွပ်စွဲလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ပတ်သက်၍ ကုလသမဂ္ဂအေဂျင်စီ၏ စွပ်စွဲထားချက်များအား TNI က မတ် ၄ ရက်နေ့က ထုတ်ပြန်လိုက်သော A distortion of reality: Drugs, conflicts and UNODC’s 2018 Myanmar opium survey တွင် ကန့်ကွက်ထားသည်။ ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ နိုင်ငံရေးအဖွဲ့ခွဲဖြစ်သော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) က ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော UNODC ထံ အိတ်ဖွင့်ပေးစာတွင်လည်း ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို ပယ်ချလိုက်ပြီး ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

UNODC အစီရင်ခံစာအား TNI က အထူးအလေးထား ကန့်ကွက်သောအချက်မှာ “ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုကို အများဆုံးတွေ့ရသောဒေသမှာ ကချင်လွတ်မြောက်ရေးတပ် KIA ၏ ထိန်းချုပ်မှုလက်အောက် (သို့မဟုတ်) KIA ၏ သြဇာလွှမ်းမိုးမှုအောက် ရောက်ရှိနေသောဒေသများ၊ မြောက်ပိုင်း ရှမ်းပြည်နယ်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA)၏ ဒေသများ၊ တောင်ပိုင်းရှမ်းပြည်နယ်တွင် ပအို့အမျိုးသားလွတ်မြောက်ရေးတပ် (PNLA) ရှိရာ ဒေသများနှင့် ရှမ်းပြည်နယ် ပြန်လည်တည်ဆောက်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်နယ်တပ် -တောင်ပိုင်း (SSA-S) နှင့် အရှေ့ပိုင်းရှမ်းပြည်တွင် ပြည်သူ့စစ်တပ်ဖွဲ့များ (PMF) ထိန်းချုပ်ရာဒေသများဖြစ်သည်” ဟူသည့်အချက်ဖြစ်သည်။

ဤဖော်ပြချက်အားလုံးသည် အငြင်းပွား၊ စောဒကတက်စရာများဖြစ်ပြီး အများအားဖြင့် မှားယွင်းသော ဖော်ပြချက်များသာ ဖြစ်သည်ဟု TNI က ပြောသည်။

ကချင်ပြည်နယ်တွင် ဘိန်းအဓိကစိုက်ပျိုးသော နေရာနှစ်ခုရှိသည်ဟု ၎င်းက ပြောသည်။ ၎င်းတို့မှာ တရုတ်နယ်စပ် ဝိုင်းမော်မြို့နယ် ‘ဆာဒန်’ ဒေသဖြစ်ပြီး ထိုဒေသတွင် တပ်မတော် ထိန်းချုပ်မှုလက်အောက်ရှိ နယ်ခြားစောင့်တပ် နှစ်တပ်က အမည်ခံ ထိန်းချုပ်ထားသည်။ နောက်တစ်နေရာမှာ တနိုင်းမြို့နယ်အတွင်းရှိ ကျားရိုင်း ထိန်းသိမ်းကာကွယ်တောဖြစ်ပြီး အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်လို့တော့ ယူဆရသည်။ လက်ရှိတါင် KIO ထိန်းချုပ်ထားသော ဒေသများတွင် ဘိန်းစိုက်ပျိုးမှုအား ပြောပလောက်အောင် မတွေ့ရှိရကြောင်း၊ KIO ကလည်း ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေးကို နှစ်ပေါင်းများစွာ လုပ်ဆောင်လျက်ရှိနေပြီး ဘိန်းစိုက်ခင်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း TNI က ၎င်း၏ သတင်းရင်းမြစ်များကို ကိုးကား၍ ပြောကြားသည်။

“UNODC ဟာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး ဘာလို့ ဒီလို လုံးဝဆန့်ကျင်ဘက်ကြီးကို ကောက်ချက်ချတယ်တော့ မပြောတတ်ပါဘူး။ ဖြစ်နိုင်တာတစ်ခုကတော့ ဘယ်ဒေသတွေဟာ ဘယ်သူတွေရဲ့ ထိန်းချုပ်မှုလက်အောက်မှာ ရှိတယ်ဆိုတာကို အယူအဆလွဲမှားတာဖြစ်နိုင်ပါတယ်” ဟု TNI က ပြောကြားသည်။

မြောက်ပိုင်းရှမ်းပြည်နယ်နှင့်ပတ်သက်၍လည်း ၂ဝဝ၉ ခုနှစ်တွင် ကိုးကန့်ဒေသအား လက်လွှတ်လိုက်ရပြီးကတည်းက MNDAA တွင် ထိန်းချုပ်ပိုင်နက်နယ်မြေဟူ၍ မရှိတော့ဘဲ ပြောက်ကျားစစ်တပ်ဖွဲ့အနေဖြင့်သာ ရပ်တည်နေခြင်းဖြစ်သည်ဟု TNI က ပြောကြားသည်။ ကိုးကန့်ဒေသတွင် ဘိန်းအဓိက စိုက်ပျိုးနေကြသည့် နေရာများမှာ တပ်မတော်က ကျောထောက်နောက်ခံပေးထားသည့် ကွတ်ခိုင်မြို့နယ်ရှိ တာမိုးညဲပြည်သူ့စစ်နှင့် နန်းခမ်းမြို့နယ်ထဲရှိ ပန်ဆိုင်း ပြည်သူ့စစ်အဖွဲ့ကဲ့သို့ ပြည်သူ့စစ်အဖွဲ့များက ထိန်းချုပ်နေကြသည်ဟုလည်း ဆက်လက်ပြောကြားသည်။

“တောင်ပိုင်းရှမ်းပြည်မှာတော့ RCSS တွေ ထိန်းချုပ်မှုအောက်က နယ်မြေထဲမှာ ဘိန်းစိုက်ခင်းတွေ သိသိသာသာကို သေချာပေါက်ရှိပါတယ်။ RCSS အဖွဲ့ဟာ ၂ဝ၁၅ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ PNLA ကလည်း အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားပြီး ‘မောက်မယ်’မြို့နယ်ထဲက ရွာ နှစ်ရွာကို ထိန်းချုပ်ထားပါတယ်။

“UNODC အစီရင်ခံစာထဲက မြေပုံမှာ PNLA ထိန်းချုပ်မှုအောက်လို့ ယူဆဖော်ပြထားတဲ့ နေရာတွေဟာ အမှန်စင်စစ် ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေထဲက ပအို့ကိုယ်ပိုင်အုပ်ချုပ်ရေးဇုန် နယ်မြေတွေပါ၊ ဒီနယ်တွေဟာ တရားဝင်အစိုးရ ထိန်းချုပ်မှုအောက်က နယ်မြေပါ။UNODC သုတေသနသမားတွေဟာ ဒီအဖွဲ့နှစ်ခုကို ရောသွားပုံရပါတယ်” ဟု TNI က ပြောကြားထားသည်။

“အရှေ့ပိုင်းရှမ်းပြည်နယ်ရှိ ဘိန်းအဓိကစိုက်ပျိုးရာဒေသတွေက ပြည်သူ့စစ်အဖွဲ့အမျိုးမျိုးရဲ့ ထိန်းချုပ်မှုလက်အောက်မှာ ရှိတယ်လို့ ဖော်ပြထားတာကတော့ လုံးဝမှန်ကန်ပါတယ်၊ ဒါပေမဲ့ ဒီအဖွဲ့အားလုံးဟာ တပ်မတော်ရဲ့ တရားဝင် ထိန်းချုပ်မှုအောက်မှာရှိတယ် ဆိုတာကိုတော့ ထည့်ပြောဖို့ ကျန်သွားပါတယ်။ ဒါကြောင့် UNODC ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို KIO နဲ့ အခြားလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေက မကျေမနပ်ပြောဆိုနေကြတာဟာ တကယ်တော့ အံ့သြစရာမဟုတ်ပါဘူး” ဟု TNI က ပြောကြားထားသည်။

“အချုပ်ပြောရရင် ဒီအစီရင်ခံစာအရ ယနေ့မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုရဲ့ နောက်ကွယ်က အဓိကတရားခံဟာ အစိုးရ၏ အတိုက်အခံ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေပဲလို့ ယူဆစရာဖြစ်နေတယ်” ဟု TNI က ပြောကြားသည်။

အစီရင်ခံစာပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် UNODC က ထုတ်ပြန်လိုက်သည့် တုံ့ပြန်ရှင်းလင်းချက်ကလည်း ကျေနပ်စရာမရှိသလို အစီရင်ခံစာထဲမှ အဓိကချို့ယွင်းချက်တွေကိုလည်း ဖြေရှင်းမထားဟု TNI က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့်အစီရင်ခံစာတွင် အမှားများကို ပြင်ဆင်မထားသောကြောင့်လည်း နောက်ထပ်အာရုံစိုက်မှုများကို ရရှိစေခဲ့သည်ဟု ဆက်လက်ပြောကြားထားသည်။

“UNODC က ၎င်း၏ အစီရင်ခံစာသည် တစ်စုံတစ်ခုသော ဒေသအား မည်သူက အတိအကျထိန်းချုပ်ထားသည်ကို ဖော်ပြရန် မရည်ရွယ်ပါလို့ ဆိုထားပါတယ်။ ဒီလိုဆိုရင် ဒီအစီရင်ခံစာက မမှန်ကန်တဲ့ စွပ်စွဲပြောဆိုမှုတွေကို ဘာကြောင့်အတိအကျ ဖော်ပြခဲ့ရတာပါလဲ” ဟု TNI က မေးခွန်းထုတ်လိုက်သည်။

မမှန်မကန်ရေးသားမှုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများအတွက် အနှုတ်သဘော ဆောင်နိုင်သဖြင့် အလွန်အန္တရာယ်ကြီးမားကြောင်းကို UNODC ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုအနေနှင့် သိရှိနားလည်သင့်သည်ဟုလည်း TNI က ပြောကြားသည်။

ငြိမ်းချမ်းရေးကိုရှေးရှု၍ နိုင်ငံရေးကို ညှိနှိုင်းဆွေးနွေးနေကြချိန်တွင် ပဋိပက္ခနှင့် မူးယစ်ဆေးဝါးဆက်နွယ်နေမှုသည် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ ပြောဆိုဆွေးနွေးရန် အလွန်အရေးကြီးသော ပြဿနာတစ်ခုဖြစ်ပြီး မြန်မာလူထုအားလုံး ပူပန်သောကရောက်နေကြရသော ကိစ္စလည်းဖြစ်ပါသည်ဟု ဆက်လက်ပြောကြားသည်။

UNODC ၏ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ Mr. Troels Vester ကမူ ၎င်းတို့အနေဖြင့် ၎င်းတို့၏ တွေ့ရှိချက်များဘက်ကသာ ရပ်တည်သည်ဟု မတ် ၅ ရက်နေ့က Frontier ကို ပြောကြားသည်။ ၎င်းတို့အနေဖြင့် နည်းပညာနှင့် ‘မြေပြင်အမှန်တရား ရှာဖွေရေး’ ‘ground truthing’ ကို ပူးတွဲအသုံးပြု၍ လပေါင်းများစွာ သုတသနပြုလုပ် တွေ့ရှိချက်များဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ဒေသအားလုံးမှာ ပထမတွေ့ရှိချက်တွေကို စစ်ဆေးတယ်၊ အချက်အလက်တွေ သုံးသပ်တယ်။ ဌာနချုပ်မှာရှိတဲ့ သုတေသနဌာနက လုပ်ဖော်ကိုင်ဖက်တွေက ထပ်ပြီးသုံးသပ်တယ်။ ဒီလိုအချက်အလက်ဆိုတာမျိုးက စောဒကတက်စရာတွေ သေချာပေါက်ရှိနိုင်ပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါးနှင့် ပဋိပက္ခတွေအကြောင်း ဆွေးနွေးကြရာမှာ အချက်အလက်တွေဟာ ဟိုတုန်းကထက်ပိုပြီး လိုအပ်လာပါတယ်။ အချက်အလက်တွေကို တင်ပြရာမှာလည်း စကားလုံး ဘာသာစကား အသုံးအနှုန်း၊ အရေးအသားကအစ တိကျအောင် ကျွန်တော်တို့ ဂရုစိုက်ပါတယ်။ ကျွန်တော်တို့ တိကျတဲ့ စစ်ဆေးပြီးတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ဘိန်းစိုက်ပျိုးမှုဟာ အမျိုးမျိုးသော အုပ်စုအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောင်က ဒေသတွေမှာ အဆင့်အတော်မြင့်မားအောင် လုပ်ကိုင်နေကြတယ်ဆိုတာကို အဓိကထားတင်ပြထားတာပါ” ဟု Vester က ပြောသည်။

UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Mr. Jeremy Douglas ကလည်း လေ့လာတွေ့ရှိချက် ရလဒ်များက ခိုင်မာသည်ဟု ပြောကြားသည်။

“နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ နေရာဒေသ ပိုများများ ရောက်ရှိနိုင်ဖို့လိုတယ်။ နောက်ထပ် အချက်အလက်တွေ၊ နောက်ထပ်စစ်ဆေးသုံးသပ်မှုတွေ လုပ်ဖို့ လိုပါတယ်။ ဒါတွေ ထပ်ခါ ထပ်ခါလုပ်ပြီး နောက်ဆုံးမှ ပြဿနာတွေကို ဆုံးဖြတ်နိုင်မှာပါ။ ဒီလိုမလုပ်နိုင်ကြရင်တော့ တစ်ဖွဲ့ကို တစ်ဖွဲ့၊ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လက်ညှိုးထိုးနေတာတွေ၊ တခြားသူတွေကို လက်ညှိုးထိုးနေတာတွေ ဖြစ်နေဦးမှာပါပဲ” ဟု ၎င်းကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar