ကုလတွင် မြန်မာရှင်းပြရမည့်ရက်မတိုင်မီ သံတမန်များခေါ်၍ အတိုင်ပင်ခံ မိန့်ခွန်းပြောမည်

နေပြည်တော်

ကုလသမဂ္ဂအထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်မတက်ပေမယ့် နိုင်ငံတကာသံတမန်တွေကို ခေါ်ယူပြီး နေပြည်တော်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို စက်တင်ဘာ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ပြောကြားဖို့ စီစဉ်ထားပါတယ်။

ဒါဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ မိန့်ခွန်းမပြောမီ တစ်ရက်အလိုဖြစ်ပြီး မြန်မာနိုင်ငံ မှာ အခြေမစိုက်တဲ့ နိုင်ငံခြားသံတမန်တွေကိုလည်း တက်ဖြစ်အောင်တက်ဖို့ ဖိတ်ထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ဆိုလိုတာက ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ခံတာ၊ ဝန်မခံတာထက် တကယ့်အဖြစ်မှန် ပြောပါမယ်။ ပြောမှာဆိုတာက တစ်ကမ္ဘာလုံးကို ပြောမှာဖြစ်ပါတယ်။ အဲဒါကို သတင်းထောက်တွေကိုလည်း ဝင်ခွင့်ပြုမယ်။ တိုက်ရိုက်လည်း ထုတ်လွှင့်မှာ ဖြစ်ပါတယ်”လို့ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ စက်တင်ဘာ ၁၃ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဦးဇော်ဌေးက ပြောကြားပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်မတက်ဖြစ်တဲ့ အကြောင်းတွေကတော့ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်တွေဖြစ်ပွားနေတာ၊ အစိုးရကို ဆန္ဒပြမှုနဲ့ ဆက်စပ်နေတဲ့ ဘာသာရေး လူမျိုးရေးပဋိပက္ခများ ဖန်တီးနေတာ၊ မြန်မာပြည်တွင်းက မြို့ကြီးတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ သတင်းတွေရရှိထားတာနဲ့ နိုင်ငံတော်သမ္မတရဲ့ ကျမ်းမာရေးအခြေအနေတွေကြောင့်ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

အစဉ်အလာအရဆိုရင်လည်း ကုလညီလာခံကို မြန်မာဖက်က နိုင်ငံခြားရေးဝန်ကြီးတွေသာ အသွားများပြီး ဒီတစ်ကြိမ်မှာတော့ အားလုံးစိတ်ဝင်စားနေတဲ့ ရခိုင်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေကို ဒုတိယသမ္မတအဆင့် သွားရောက်ရှင်းလင်းမှာဖြစ်တဲ့ အကြောင်းလည်း ဦးေဇော်ဌေးက ဆက်ပြောကြားပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်က ပြုလုပ်ခဲ့တဲ့ ၇၁ ကြိမ်မြောက် ကုလအထွေထွေညီလာခံကိုတော့ နိုင်ငံခြားရေးဝန်ကြီး အဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် မိန့်ခွန်းပြောကြားဖူးပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲံ ပြဿနာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအစိုးရကို ပြစ်တင်ဝေဖန်မှုတွေ တိုးပွားလာနေသလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာအစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ပြောကြားဖို့ နိုင်ငံတကာက လိုလားနေပါတယ်။

သြဂုတ် ၂၅ ရက်နေ့က နယ်ခြားစောင့်ရဲစခန်းတွေကို ARSA အဖွဲ့က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စတင်ခဲ့တဲ့ဖြစ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်က လူပေါင်း သုံးသိန်းကျော်ဟာ အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးလာခဲ့ကြတယ်လို့ ကုလသမဂ္ဂရဲ့ ပြောကြားမှုကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ရေးသားထားကြပါတယ်။

ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေဟာ “လူမျိုးစုရှင်းလင်းမှု” ကဲ့သို့ ဖြစ်ပေါ်နေဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲ Zeid Ra’ad Al Hussein က စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပေမယ့် မြန်မာအစိုးရက ဒီလိုပြောကြားမှုကို ပယ်ချလိုက်ပြီး ကန့်ကွက်ထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar