ရှင်းလင်းပြတ်သားမှုမရှိသည့် အထက်အမိန့်၊ ဝန်ထမ်းအင်အားနှင့် ဘတ်ဂျတ်မလုံလောက်ခြင်း စသည့်အကြောင်းတရားများကြောင့် နိုဝင်ဘာ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အောက်ခြေအဆင့် ကော်မရှင်အဖွဲ့ခွဲများသည် မဲဆန္ဒရှင်များ ဘေးကင်းစွာ မဲပေးနိုင်ရေး ဆောင်ရွက်ရာတွင် ရုန်းကန်ကြရသည်။
ရဲမွှန်နှင့် ကောင်းဆက်နိုင် ရေးသားသည်။
မင်းကွန်းကျောင်းတိုက်သည် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်အတွင်း တည်ရှိပြီး ကြီးမားကျယ်ဝန်း၍ သစ်ရိပ်ကောင်းကောင်းဖြင့် အေးချမ်းလှသည်။ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်ထားရာ အင်းစိန်ရှိ ဗုဒ္ဓဘာသာဝင်များအတွက် အရေးပါသော ကျောင်းတိုက်ကြီးဖြစ်သည်။
ကိုဗစ်ကာလနှင့် ကြုံကြိုက်လာချိန်တွင် ဧရိယာကျယ်ဝန်းလှသည့် မင်းကွန်းကျောင်းတိုက်မှာ မနက်ဖြန်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးအတွင်း အင်းစိန်မြို့နယ်တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများကို သင်တန်ပေးရာနေရာ ဖြစ်လာခဲ့သည်။
ကျောင်းဝန်းထဲရှိ သင်တန်းခန်းမအတွင်းသို့ ဝင်လိုက်လျှင် အင်းစိန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်လင်း သည် နှာခေါင်းစည်းနှင့် မျက်နှာအကာ (Faceshield)များ တပ်ဆင်ထားသည့် အဖြူ၊ အစိမ်း ယူနီဖောင်းဝတ် ဆရာ၊ ဆရာမ သုံးဆယ်ခန့်ရှေ့တွင် မတ်တပ်ရပ်၍ ပယ်မဲ၊ ခိုင်လုံမဲ သတ်မှတ်ပုံများကို ရှင်းပြနေသည်။
တစ်ချိန်တည်းတွင် ဦးကျော်လင်းနံဘေးရှိ တီဗွီတွင် မဲထည့်ခြင်းအတွက် လမ်းညွှန်မှုကို ပြသထားသော ဗွီဒီယိုဇာတ်လမ်းတစ်ခုကို ပြသနေသည်။ ရှင်းလင်းမှုများကို အာရုံစိုက်နားထောင်နေသော ဆရာ၊ ဆရာမများသည် ရာသီဥတုပူအိုက်လှသည့်အပြင် နှာခေါင်းစည်းများ တပ်ဆင်ထားရသည်ဖြစ်ရာ ချွေးများရွှဲစိုလျက်ရှိသည်။
လေးရက်တာဖွင့်လှစ်ခဲ့သည့် အဆိုပါ သင်တန်းတွင် ဦးကျော်လင်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် ရွေးကောက်ပွဲနေ့တွင် အင်းစိန်ရှိ မဲရုံပေါင်း ၁၉၀ ကျော်တွင် ကြီးကြပ်မည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများကို သင်တန်းပေးခဲ့သည်။ သင်တန်းခန်းမ နှစ်ခုတွင် နံနက်နှင့်မွန်းလွဲနှစ်ကြိမ်ခွဲ၍ တစ်ရက်လျှင် လူဦးရေ ၁၂၀ အထိ ကော်မရှင်က ရွေးကောက်ပွဲကြီးကြပ်မှုဆိုင်ရာ သင်တန်ပေးခဲ့သည်။
မြန်မာနိုင်ငံအတွင်း သြဂုတ်လလယ်မှစ၍ ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ဒုတိယလှိုင်းကျရောက်စဉ်အတွင်း ကျင်းပရမည့် ယခုနှစ်ရွေးကောက်ပွဲအတွက် ကြီးကြပ်သူများကို သင်တန်းပေးရာတွင် ယခင်ကနှင့်မတူဘဲ လေ့လာရသည့် ကဏ္ဍအသစ်တစ်ခု တိုးလာသည်။
“တစ်ခုပဲ ပိုသွားတယ်။ အဲဒါက ကိုဗစ်ကာကွယ်ရေးပဲ။ ကျန်တဲ့ရွေးကောက်ပွဲ ဆိုင်ရာတွေကတော့ အရင်တုန်းကနဲ့ အတူတူပဲ”ဟု အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်လင်းက ပြောသည်။
မနက်ဖြန်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ နေ့စဉ်ရောဂါကူးစက်ခံရသူ လူနာသစ် ရာနှင့်ချီ တွေ့ရှိနေရသည့် ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်ဖြစ်သည်။ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများကမူ ကိုဗစ်ကာလအတွင်း ကျင်းပသည့် ပြည်ပနိုင်ငံများက ရွေးကောက်ပွဲများကို နမူနာယူ၍ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပသွားမည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲ စီစဉ်ထားသည့်အတိုင်း ကျင်းပမည့်အပြင် ကော်မရှင်သည် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေအန္တရာယ်ကို လျှော့ချသည့်အနေဖြင့် အသက် ၆၀နှင့်အထက် သက်ကြီးရွယ်အိုများကို ကြိုတင်မဲပေးစေခြင်း၊ မဲရုံသို့ လာရောက်လိုခြင်းမရှိသည့် ဘိုးဘွားများအတွက် အိမ်တိုင်ရာအရောက် ဆန္ဒမဲလက်မှတ်လိုက်လံကောက်ယူခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မိမိတို့ရောက်ရှိရာအရပ်တွင် ပုံစံ-၁၅ဖြင့် ကြိုတင်မဲပေးနိုင်ရန်လည်း ကော်မရှင်က စီစဉ်ပေးခဲ့သည်။
ကိုဗစ်ကာလတွင် မဲဆန္ဒရှင်များ မဲပေးရာတွင် ဘေးကင်းလုံခြုံမှုရှိ၊ မရှိမှာ မသေချာသော်လည်း အောက်ခြေအဆင့် ကော်မရှင်အဖွဲ့ခွဲများမှာမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံက ရောက်လာသည့် အရေးပေါ် စနစ်သစ်နှင့် အမိန့်များကို လိုက်နာနိုင်ရန် ခက်ခဲစွာ ကြိုးပမ်းလျက်ရှိသည်။
“အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက မြို့နယ်တိုင်းမှာရှိတယ်။ သူ့ပုံစံနဲ့သူရှိနေတယ်”ဟု ရန်ကုန်အနောက်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။
“မြို့ထဲလိုနေရာမှာလည်း သူ့အခက်အခဲနဲ့သူ၊ မြို့ပြင်ဧရိယာတွေမှာလည်း သူ့အခက်အခဲနဲ့သူပဲ”ဟု ၎င်းက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
မရှင်းလင်းတဲ့ အမိန့်များ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွန်ခဲ့သည့်လများအတွင်း အမိန့်၊ ညွှန်ကြားချက်များကို မကြာခဏ ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အောက်ခြေအဆင့် ရပ်/ကျေးနှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှာမူ ယင်းထုတ်ပြန်ချက်များကို အချိန်နှင့် တစ်ပြေးညီ မသိရှိရသည့် ပြဿနာနှင့် ကြုံတွေ့ခဲ့ရသည်။
ဖရွန်းတီးယားမြန်မာသည် ပြီးခဲ့သည့် ဒုတိယအကြိမ် မဲစာရင်းများ ကြေညာချိန်၊ အောက်တိုဘာ လဆန်းပိုင်းတွင် မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများထံသို့ သွားရောက်ခဲ့သည်။ ယင်းအချိန်သည် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အချို့တွင် နေရပ်မပြန်နိုင်သည့် မဲဆန္ဒရှင်များက ပုံစံ-၃ (က) နှင့် မဲစာရင်းတွင် အမည်လျှောက်ထားသည့် ကာလအတွင်းလည်းဖြစ်သည်။
“တီဗွီမှာ အမေစု(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်)က နေရပ်မပြန်နိုင်တဲ့သူတွေ ပုံစံ-၃တွေနဲ့လျှောက်နိုင်တယ်လို့ပြောသွားတယ်။ နောက်ရက်ကျတော့ ဒီမှာ ပုံစံ- ၃(က) တွေနဲ့ လာလျှောက်ကြတယ်”ဟု မရမ်းကုန်းမြို့နယ် အမှတ် (၈)ရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနေ့ တစ်ရက်ထဲကို လာလျှောက်တာ ၁၀၀ လောက်ရှိတယ်”ဟု ပြောရင်း ၎င်းက အထပ်လိုက်ရှိသည့် ပုံစံ-၃(က)လျှောက်လွှာများကို လက်ညိုးထိုးပြသည်။
နေရပ်မပြန်နိုင်သူများ ရောက်ရှိသည့်နေရပ်တွင် မဲပေးနိုင်ရန် ပုံစံ-၃ဖြင့် အောက်တိုဘာလ ၁၀ ရက် မတိုင်ခင်အထိ လျှောက်ထားနိုင်ကြောင်း အောက်တိုဘာ၅ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ပုံစံ ၃-က သည် ရွေးကောက်ပွဲဥပဒေများအရ နေရာတစ်ခုတွင် ရက်ပေါင်း ၉၀နှင့် အထက် နေထိုင်သူများ လက်ရှိရောက်ရာအရပ်တွင် မဲဆန္ဒနယ်ပြောင်း၍ မဲပေးနိုင်ရန် လျှောက်ရာတွင် အသုံးပြုသည့် လျှောက်လွှာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားပြီး သုံးရက်အကြာ အောက်တိုဘာ၈ရက်တွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေရပ်မပြန်နိုင်သည့် မဲဆန္ဒရှင်များ ပုံစံ-၁၅ နှင့် မဲပေးနိုင်ရန် လျှောက်ထားနိုင်သည်ဟု ထပ်မံကြေညာခဲ့သည်။
ပုံစံ-၁၅ သည် မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများ မိမိတို့ မဲဆန္ဒနယ်အတွက် ကြိုတင်မဲများပေးနိုင်ရန် လျှောက်ထားရသော လျှောက်လွှာများဖြစသည်။ ပြည်ပရောက် မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများ၊ အကျဉ်းကျခံနေသူများနှင့် ဆေးရုံတက်နေသူများမှာ မိမိတို့မဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးရန် ပုံစံ-၁၅ဖြင့် လျှောက်ထားနိုင်သည်။
အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမိန့်၊ ညွှန်ကြားစာများရောက်သည့် အချိန်မှာ မဲဆန္ဒရှင်ပြည်သူများသိရှိသည့်အချိန်ထက် နောက်ကျခဲ့သဖြင့် ပုံစံလျှောက်လွှာလုပ်ငန်းစဉ်များကို စီမံခန့်ခွဲရာတွင် အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်။ ပထမအကြိမ် မဲစာရင်းများ ကြေညာစဉ်ကပင် အမိန့်၊ ညွှန်ကြားချက်များ နောက်ကျမှရောက်သည့် ပြဿနာကို ရင်ဆိုင်ခဲ့ရသည်။
ဥပမာအားဖြင့် ပထမအကြိမ်မဲစာရင်းကပ်ထားသည့် ကာလကို မူလက ဇူလိုင် ၂၅ရက်မှ သြဂုတ် ၇ ရက်အထိသာ သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် သြဂုတ်၁၄ရက် အထိ သက်တမ်းတိုးမြှင့် ခဲ့သည်။ သို့သော် ၎င်းတို့သည် ယင်းသို့ သက်တမ်းတိုးမြှင့်ထားကြောင်း တရားဝင်ရုံးစာ၊ အမိန့်ညွှန်ကြားလွှာကို ရက်အနည်းငယ်နောက်ကျပြီးမှ လက်ခံရရှိခဲ့သည်ဟု အင်းစိန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးကျော်လင်းက ဆိုသည်။
“မနက်ဖြန်လိုနေ့ဆို နှစ်ပတ်ကပြည့်ပြီ။ အဲဒီအချိန် ရပ်/ကျေးက မေးလာတယ်။ ကပ်တဲ့ရက်တိုးတယ်ဆိုပြီး ကြေညာတယ်။ အဲဒီတော့ ဆက်ကပ်ရမှာလား။ ဖြုတ်ရမှာလာ။ စာရင်းတွေပို့ရမှာလား။ ဆိုတာတွေဖြစ်ခဲ့တယ်”ဟု ၎င်းကပြောသည်။
“တရားဝင် ညွှန်ကြားချက်မရတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာပေါ့”ဟု သူကပြောသည်။
ထိုသို့ ရုံးတွင်း ညွှန်ကြားချက်များနောက်ကျသည့်ပြဿနာ မရမ်းကုန်းမြို့နယ်တွင်လည်း ကြုံတွေ့ခဲ့ရသည်။
“မနက်ပိုင်းကြေညာတယ်ဆိုရင် ညွှန်ကြားချက်က ညလောက်မှရောက်တယ်။ အဲဒီလောက်တော့ နောက်ကျတယ်”ဟု မရမ်းကုန်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောသည်။
နောက်ကျမှရောက်လေ့ရှိသော ပြည်ထောင်စုအဆင့် ကော်မရှင်၏ အရေးပေါ်ညွှန်ကြားချက်များအနက် အချို့မှာ ဆိုလိုရင်း ရှင်းလင်းပြတ်သားမှုမရှိခြင်းကြောင့်လည်း အောက်ခြေအဆင့် ကော်မရှင်အဖွဲ့ခွဲများ ညွှန်ကြားချက်ကို လိုက်နာရာတွင် အကြပ်ရိုက်ခဲ့သည်။
“ဘာလုပ်ဆိုတာပဲ ပါတယ်။ ဘယ်လိုလုပ်ပါဆိုတိတိကျကျ မပြောထားတော့ လုပ်ရတာ ခက်ခဲတာပေါ့။ ကိုယ့်ဟာကိုယ် အဆင်ပြေသလို ကြည့်ကြပ်လုပ်ဆိုတဲ့သဘောပဲ”ဟု ဦးကျော်လင်းက စိတ်ပျက်လက်ပျက် ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသစ်ဖန်တီးလိုက်သည့် သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးနှင့် အသွားအလာကန့်သတ်နေထိုင်မှုတွင် အကျုံးဝင်နေသည့် မဲဆန္ဒရှင်များကြိုတင်မဲပေးရေးတွင်လည်း အမိန့်စာများနောက်ကျမှ ရောက်ရှိလာသည့်အပြင် အချို့အမိန့်စာများတွင် မရှင်းလင်း၊ မပြတ်သားသည့် ညွှန်ကြားချက်များလည်း ပါဝင်ခဲ့ပြန်သည်။
အောက်တိုဘာ ၂၉ရက်က အသက်၆၀နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးရာတွင် အချို့နေရာများတွင် မဲလက်မှတ်ထည့်သည့် စာအိတ်များ ပေါက်ပြဲခြင်းတို့အပြင် ဆန္ဒပြုရာတွင် ကော်မရှင်က ထုတ်ပေးထားသည့် တံဆိပ်တုံးနှင့် ထုရမည့်အစား ဘောပင်ဖြင့် အမှန်ခြစ်စေခြင်း စသည့် ပြဿနာများ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။
ယင်းပြဿနာများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် အောက်တိုဘာ၃၀ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဘောပင်ဖြင့် အမှန်ခြစ်၍ ပေးထားသည့် မဲပြားများ၊ စာအိတ်လုံခြုံစွာ မပိတ်သည့် ကြိုတင်မဲများကို ခိုင်လုံမဲအဖြစ်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
အထူးသဖြင့် “ကိုယ့်ဟာကိုယ် အဆင်ပြေအောင် ကြည့်ကြပ်လုပ်နေရတယ်” ဆိုသောစကားမှာ ဖရွန်းတီးယားမြန်မာက မြို့နယ်နှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများသို့ သွားရောက်၍ တွေ့ဆုံမေးမြန်းခဲ့စဉ်က အများဆုံးကြားရလေ့ရှိသည့် စကားတစ်ခွန်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲရုံများတွင် အသုံးပြုရန် လက်သန့်ဆေးများ၊ ကာကွယ်ရေးပစ္စည်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို ဖြန့်ဝေပေးသည်။ သို့သော် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင် ယင်းပစ္စည်းများကို သိုလှောင်ရမည့်နေရာ မရှိပေ။
ထိုအခြေအနေတွင် အင်းစိန်မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်လင်းက ၎င်းနှင့် ရင်းနှီးသည့် တောင်သူကုန်းရပ်ကွက်က မင်းကွန်းကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်ထံ လျှောက်ထား၍ အကူအညီတောင်းခံခဲ့သည်။
“နေရာရှာမရတော့ ဘုန်းဘုန်းဘုရား တပည့်တော်ကို ကူညီပါဦးဆိုပြီး လာထားထားရတယ်”ဟု ဦးကျော်လင်းက ပြောပြသည်။
လက်ရှိတွင် အင်းစိန်အတွင်း မဲရုံများကို မူလနေရာမှ ရွှေ့ဆိုင်း၍ အခြားတစ်နေရာသို့ ပြန်လည်နေရာချထားရမည့် ကိစ္စကို မည်သူဆောင်ရွက်မည်ကို မသိဖြစ်နေသည်ဟု ၎င်းကဆိုသည်။

အင်းစိန်မြို့နယ်တွင် မဲရုံ၁၉၆ခုရှိပြီး မဲရုံကိုးခုခန့်မှာ ကိုဗစ်-၁၉သံသယလူနာများနှင့် အသွားအလာ ကန့်သတ်နေထိုင်မှုတွင် အကျုံးဝင်သူများအား ထာရှိရန် အစိုးရက အသုံးပြုပြီးဖြစ်ရာ ၎င်းတို့ကို ရွှေ့ဆိုင်းရမည်ဖြစ်သည်။ ယင်းတို့အနက် မသန်စွမ်းမဲဆန္ဒရှင်များအတွက်လည်း သီးခြားစီစဉ်ရမည့် မဲရုံလည်း ပါဝင်သည်။
ထိုသို့ ရွှေ့ပြောင်းခြင်း သို့မဟုတ် မဲရုံအသစ်ဆောက်လုပ်ခြင်းတာဝန်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ မည်သူက တာဝန်ယူရမည်ဆိုသည်မှာ မရှင်းမလင်း ဖြစ်နေသည်ဟု ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူအချို့က ဆိုသည်။
သို့သော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ လွန်ခဲ့သည့်လက သတင်းစာရှင်းလင်းပွဲ တစ်ခုအတွင်း အစိုးရသည် ရွေးကောက်ပွဲကော်မရှင်ကို မဲရုံများ စီမံခန့်ခွဲသည့် ကိစ္စများတွင်လည်း ကူညီနေသည်ဟု ပြောဆိုထားသည်။
သို့သော် မဲရုံရွှေ့ပြောင်းရေးကုန်ကျစရိတ်များမှာ ယခုဆောင်းပါးအတွက် မေးမြန်းမှုပြုလုပ်သည့် အောက်တိုဘာ၂၃ရက်အထိ အထက်သို့ တင်ပြထားဆဲအဆင့်တွင်သာရှိနေသည်။ ယင်းကြောင့် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တိုင်ပင်၍ အဆင်ပြေသလိုကူညီပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကူအညီတောင်းထားကြောင်း ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူအချို့ကဆိုသည်။
ပုံမှန်အစည်းအဝေးများနှင့် အခြားကိစ္စရပ်များအတွက် ကော်မရှင်အဖွဲ့ခွဲများ၏ အသုံးစရိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပုံမှန်ကျခံလေ့ရှိသည်။ သို့တိုင် အချို့ရွေးကောက်ပွဲ လုပ်ငန်းများဆောင်ရွက်ရာတွင် ကော်မရှင်အဖွဲ့ခွဲများသည် မိမိအိတ်မှ စိုက်ထုတ်ရလေ့ရှိသည်။
“မဲပြားတွေ သွားထုတ်တယ်။ အပြင်က အိတ်တွေယူသွားတာ အစိုးရပုံနှိပ်တိုက်က မရဘူးဆိုပြီး လုပ်တယ်ဗျာ။ အဲဒီတော့ သူတို့ဆီက ဆာလာအိတ်တွေဝယ်ရတယ်။ နောက်သယ်ဖို့ ကားနဲ့ အလုပ်သမား ငှားရတယ်။ အဲဒါတွေ စိုက်ရတာပေါ့”ဟု ဦးကျော်လင်းကပြောသည်။
ဖရွန်းတီးယားမြန်မာက အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မလုံလောက်တဲ့ ဝန်ထမ်းအင်အား
အောက်ခြေအဆင့် ကော်မရှင်များတွင် နောက်ထပ်ရင်ဆိုင်နေရသည့် ပြဿနာမှာ ဝန်ထမ်အင်အား မလုံလောက်ခြင်းဖြစ်သည်။
မရမ်းကုန်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ကြိုတင်မဲပေးမည့် သက်ကြီးရွယ်အို မဲစာရင်းများ စိစစ်ဆောင်ရွက်ရာတွင် လူအင်အားမနိုင်တော့သည့်အတွက် ကွန်ပြူတာ အချက်အလက်များထည့်သွင်းရန် ပြင်ပမှ လူနှစ်ဦးငှားရမ်းခဲ့ရကြောင်း အောက်တိုဘာ ၂၆ရက်တွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။
“သိတဲ့အတိုင်းပဲ ကော်မရှင်ဆိုတာက ဝန်ထမ်းက သုံးလေးယောက်ပဲရှိတယ်”ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းခဲ့သည့် ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၏ အဆိုအရ ကော်မရှင်ဝန်ထမ်းများသည် ညပိုင်းအထိ အလုပ်လုပ်ကြရပြီး ပိတ်ရက်များတွင်ပါ အလုပ်ဆင်းရသည်မှာ လအနည်းငယ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
“အပြင်ကငှားတဲ့လူတွေအတွက် စရိတ်က ကျွန်တော်တို့ စိုက်ရမှာ။ ဒါတွေကို အပေါ်က လူကြီးတွေကို သိစေချင်တယ်”ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ငါးဦးရှိပြီး အစိုးရက ခန့်အပ်သော ဝန်ထမ်းများလည်း ရှိသည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတစ်ဦးသည် တစ်လလျှင် ထောက်ပံ့ကြေး ၃၀၀,၀၀၀ကျပ် ရရှိသည်။ ကျန်ကော်မရှင်အဖွဲ့ဝင်လေးဦးသည် တစ်လလျှင် နှစ်ဦး၊ တစ်ယောက်လျှင် ၂၇၅,၀၀၀ ကျပ်စီဖြင့် တစ်လစီ အလှည့်ကျရရှိသည်။
“ဒီလ ဒီအဖွဲ့ဝင်နှစ်ယောက်က ၂၇၅,၀၀၀ရရင် နောက်လမှာ ကျန်တဲ့နှစ်ယောက်က ၂၇၅,၀၀၀ ကျပ်ယူ၊ အဲဒီလိုမျိုးသွားတယ်။ အဲဒါတွေက ဒီဇန်နဝါရီက စရတာ။ အရင်တုန်းက မရှိဘူး”ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများတွင် စေတနာ့ဝန်ထမ်းများ၏ အကူအညီ ရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ကိုဗစ်-၁၉ရောဂါကြောင့် အချို့မြို့နယ်များတွင် မဲရုံများအတွက် လုပ်အားပေးမည့် စေတနာ့ဝန်ထမ်း ရှာဖွေရခက်ခဲနေသည်။
“ပုံမှန်ဆိုရင်တော့ မဲရုံမှာ မဲရုံမှူး၊ ဒုမဲရုံမှူးအပါအဝင် မဲရုံဝန်ထမ်းက ၁၄ယောက်ရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ UEC ကနေ အဖျားတိုင်းဖို့နဲ့ Mask (နှာခေါင်းစည်း) တွေဖြန့်ဝေဖို့ မဲရုံပြင်ပမှာသုံးဦး ထပ်တိုးတယ်”ဟု ရန်ကုန်၊ အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးခင်မောင်ဝင်းက ပြောသည်။
၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ငွေကျပ် ဘီလီယံ၄၀ခန့် သုံးစွဲခဲ့ပြီး ယခုနှစ်ရွေးကောက်ပွဲအတွက်မူ ၅၂ဘီလျံကျပ် သုံးစွဲရန် လျာထားကြောင်း ၂၀၂၀-၂၀၂၁ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ၊အသုံးဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။ သို့သော်လည်း မဲရုံများ ရွှေ့ပြောင်းရခြင်းနှင့် ကိုဗစ်ကာလနှင့် ရင်ဆိုင်ရသောကြောင့် အမှန်တကယ်သုံးစွဲသည့် ကုန်ကျစရိတ်သည် လျာထားချက်ထက် ကျော်လွန်ဖွယ်ရှိနေသည်။
ရွေးကောက်ပွဲနေ့တွင် မဲရုံစောင့်ရန် လူအင်အားလိုအပ်သောကြောင့် ပညာရေးဝန်ထမ်းများ တိုးမြှင့်တာဝန်ပေးရန် ပညာရေးဝန်ကြီးဌာနထံ တောင်းခံထားပြီး တက္ကသိုလ်ကျောင်းသားများကိုလည်း လုပ်အားပေးအဖြစ် တာဝန်ပေးနိုင်ပါက တာဝန်ပေးရန် မေးမြန်းထားကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးထင်ကျော်က ပြောသည်။
“ဆရာ၊ ဆရာမတွေ ထပ်ရရင်တော့ အဆင်ပြေပါပြီလို့ ထင်တယ်”ဟု ဦးထင်ကျော်က အောက်တိုဘာ၂၄ရက်တွင် ပြောသည်။
ပညာရေးဝန်ထမ်းများဖြစ်သော ဆရာ၊ ဆရာမများသည် စည်ပင်ရွေးကောက်ပွဲ အပါအဝင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးများအဖြစ် တာဝန်ထမ်းဆောင်ရသည်။ သို့သော်လည်း ယခုနှစ်တွင်မူ ဆရာ၊ ဆရာမ အများအပြားမှာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင် လိုသော်လည်း ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရမည်ကို စိုးရိမ်ပူပန်ကြသည်။
ယခုနှစ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးအပြင် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆရာ၊ ဆရာမ အင်အားပိုမို တောင်းခံလာသဖြင့် ပညာရေးဝန်ထမ်းဦးရေ တိုးမြှင့်၍ ခွင့်ပြုပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အောက်တိုဘာ ၃၀ တွင် ပြောသည်။ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ခွင့်ပြုခဲ့သော ဆရာ၊ ဆရာမဦးရေမှာ အနည်းဆုံး တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်အထိရှိနိုင်ကြောင်း ၎င်းကဆိုသည်။
“အတိအကျ ကိုတော့ ရေတွက်နေတုန်းပဲရှိသေးတယ်”ဟု ၎င်းကပြောသည်။
အင်းစိန်မြို့နယ်၊ အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်းအုပ် ဦးမျိုးကျော်ဆန်းသည် ၂၀၁၀မှစ၍ ရွေးကောက်ပွဲတိုင်းတွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာ၊ ဆရာမများသည် နိုင်ငံ့တာဝန်တစ်ရပ်အဖြစ် ရွေးကောက်ပွဲအတွက် တာဝန်ထမ်းဆောင် လိုသော်လည်း အသွားအလာကန့်သတ်ရန် မညွှန်ကြားသည့်အပြင် ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ မစစ်ဆေးသည့်အပေါ် စိုးရိမ်နေကြသည်ဟု အောက်တိုဘာ၂၃ရက်က မင်းကွန်းကျောင်းတိုက်တွင် ဖရွန်းတီးယားမြန်မာနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က တာဝန်ထမ်းဆောင်မှာ။ မငြင်းဘူး။ ဒါပေမဲ့ မဲရုံမှာ တာဝန်ထမ်းဆောင်ပြီး အိမ်မပြန်ခင် ကွာရန်တင်းဝင်တာတို့၊ Swab (နှာခေါင်း၊ အာခေါင်တို့ဖက်) ယူတာတို့ လုပ်ပြီးမှ ပြန်လုပ်ပေးစေချင်တယ်။ အိမ်က မိသားစုတွေကို ကူးမှာဆိုးလို့ပါ”ဟု ဦးမျိူးကျော်ဆန်းက ပြောသည်။
မဲရုံတွင် တာဝန်ထမ်းဆောင်စဉ် မတော်တဆ ကိုဗစ်-၁၉ကူးစက်၍ ၎င်းမှတစ်ဆင့် တစ်လသားအရွယ်သာ ရှိသေးသည့် သားဖြစ်သူနှင့် မိသားစုဝင်သုံးဦး ပိုးကူးစက်ခံရမည်ကို အလွန်အမင်းစိုးရိမ်ကြောင်း ၎င်းကဆိုသည်။
“ဒီရောဂါက ကိုယ်ဖြစ်ကိုယ်ခံ မဟုတ်ဘူး။ အိမ်မှာ မိသားစုတွေရှိတယ်။ မိသားစုတွေကူးမှာကိုတော့ စိုးရိမ်တယ်”ဟု သူကပြောသည်။

အထူးသဖြင့် ယခုနှစ်တွင် ရွေ့လျားမဲရုံစနစ်ဖြင့် ကြိုတင်မဲများကို လိုက်လံကောက်ယူရာတွင် ဆရာ၊ ဆရာမများနှင့် မဲရုံဝန်ထမ်းများသည် ကိုဗစ်-၁၉ သံသယလူနာအဖြစ် အသွားအလာ ကန့်သတ်ထားသည့် နေရာများ၊ နေအိမ်များသို့ပါ မဲပြားကောက်ခံရသည်ဖြစ်ရာ ၎င်းတို့သည် အခြားသူများထက် ပိုးကူးစက်ခံရနိုင်ခြေ မြင့်မားနေသည်။
“အမှန်အတိုင်းပြောရရင် အဲဒါတွေစတည်းက ကျွန်တော်တို့ကို အိမ်မပြန်ခိုင်းဘဲ ခေါ်ထားလိုက် ရင်ပိုကောင်းတာပေါ့။ ပြီးတဲ့အထိ ကွာရန်တင်းသဘောမျိုး ခေါ်ထားလိုက်ရင် အဆင်ပြေတာပဲလေ”ဟု အင်းစိန်မြို့နယ်တွင် မဲရုံစောင့်တာဝန်ကျသည့် မူလတန်းပြကျောင်းဆရာ ဦးလှိုင်မိုးအောင်က ပြောသည်။
ဦးလှိုင်မိုးအောင်သည် အသက် ၆၀ အရွယ်ယောက္ခမနှင့် လေးလသားအရွယ်သမီးလေး အပါအဝင် မိသားစုလေးဦးနှင့်အတူ နေထိုင်လျက်ရှိသည်။
ဆရာ၊ ဆရာမ အချို့သည် ကိုဗစ်-၁၉ရောဂါကြောင့် တာဝန်မထမ်းဆောင်လိုသော်လည်း ငြင်းဆန်ပါက တာဝန်မှရပ်ဆိုင်းခံရမည်ကို စိုးရိမ်သောကြောင့် မငြင်းဆန်ခဲ့ကြကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ မူလတန်းကျောင်းအုပ်ဦးလင်းလင်းထိုက်ကဆိုသည်။
အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကမူ ရောဂါအခံရှိသူများနှင့် အိမ်တွင် ကလေးငယ်ရှိသည့် ဆရာ၊ ဆရာမများသည် မဲရုံစောင့်သည့်တာဝန်ပေးအပ်ခံရခြင်းမှ ကင်းလွှတ်ခွင့် လျှောက်ထားနိုင်ကြောင်းနှင့် မလုပ်မနေရပုံစံဖြင့် တာဝန်ပေးအပ်ခြင်းမဟုတ်ကြောင်း ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
အောက်တိုဘာလကုန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြို့တော်ပုသိမ်တွင် မဲရုံသင်တန်းတက်သည့် ဆရာမတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ သင်တန်းတက်သည့် အခြားဆရာ၊ ဆရာမများမှာလည်း စိုးရိမ်ပူပန်ဖြစ်ခဲ့ကြသည်။
အဆိုပါ ဆရာမသည် မိသားစုထံဝင်များထံမှ ရောဂါကူးစက်ခြင်းဖြစ်ပြီး အခြား ဆရာ၊ ဆရာများကို ကူးစက်ခြင်းမရှိကြောင်း ပုသိမ်မြို့နယ်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က အောက်တိုဘာ၂၉ရက်က ပြောသည်။
“ကျန်တဲ့ သင်တန်းက ဆရာမတွေ အားလုံးက Negative (စစ်ဆေးရာတွင် ပိုးမတွေ့) ပါပဲ”ဟု ၎င်းက ပြောသည်။
“ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်မဲ့ ဆရာ၊ ဆရာမတွေကို Swab (နှာခေါင်း၊ အာခေါင်တို့ဖက်) ယူဖို့နဲ့ ကွာရန်တင်းဝင် (အသွားအလာကန့်သတ်ခြင်း) ဖို့တော့ မလိုဘူးထင်တယ်။ ကျန်းမာရေးဝန်ထမ်းတွေကရော အဲဒီလိုမျိုးတင်ပြလာရင် ဘယ်လိုလုပ်မလဲ။ ကျန်းမာရေးဝန်ထမ်းတွေအကုန် ကွာရန်တင်းဝင်ရမှာလား”ဟု ၎င်းက မေးခွန်းထုတ်သည်။
သို့သော် ပုသိမ်မြို့တွင် ကြိုတင်မဲသွားရောက်ကောက်ခံခဲ့သည့် မဲရုံမှူးအဖြစ်တာဝန်ထမ်းဆောင်သော ဆရာမသုံးဦးအပါအဝင် မဲရုံဝန်ထမ်းခုနှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း နိုဝင်ဘာ၅ ရက်တွင် ဒေါက်တာသန်းမင်းထွဋ်က အတည်ပြုသည်။
အောက်တိုဘာ၃၀ရက်က အသက်၈၄နှစ်အရွယ် အဘိုးအိုတစ်ဦးကို နေအိမ်တွင် ကြိုတင်မဲ သွားရောက်ကောက်ခံခဲ့ပြီး နောက်တစ်နေ့တွင် အဆိုပါအဘိုးအိုတွင် ကိုဗစ်-၁၉ပိုးတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းနောက် အဆိုပါမဲရုံဝန်ထမ်းများကို အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့တွင်လည်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်လည်း အသက်၅၆နှစ်ရှိပြီဖြစ်သည့် မူလတန်းပြ ဆရာမတစ်ဦးသည် ဒုမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က နိုဝင်ဘာ၆ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကမူ ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများသည် ဇီဝလုံခြုံမှုအဆင့်(၂)ရှိသည့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ရမည်ဟု ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
“အဓိကက ကာကွယ်ရေးနည်းလမ်းတွေကို စနစ်တကျလိုက်နာမယ်။ PPE ဝတ်စုံတွေ ဝတ်ထားမယ်။ အဲဒါဆို မကူးစက်နိုင်ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေဆိုလည်း Swab စစ်တာတွေထက် ကာကွယ်မှုကိုပဲ ဦးစားပေးကျင့်သုံးနေတယ်”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
“ဒီကိစ္စတွေက မိုးပြိုမှာကို တွေးပူသလို သိပ်ပြီး အရမ်းကြီးပူပန်နေစရာမရှိပါဘူး”ဟု ၎င်းက ပြောသည်။