Deported Japanese journalist Yuki Kitazumi, who was arrested last month in Myanmar and held in Yangon’s Insein Prison for his coverage of the anti-junta uprising, speaks to the media after arriving at Tokyo’s Narita Airport on May 14. (AFP)
စစ်အစိုးရ၏ဖမ်းဆီးမှုကြောင့် ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ပြည်နှင်ဒဏ်ပေးခံရသည့် ဂျပန်သတင်း‌ထောက် ယူကီကီတာဇူမီသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နာရိတာလေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံ။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အကျဉ်းသားများနှိပ်စက်ခံနေရကြောင်း ပြန်လွတ်လာသည့် ဂျပန်သတင်းသမားဆို

စစ်အစိုးရ၏ ဖမ်းဆီးမှုခံရသည့် ဂျပန်သတင်းထောက် ယူကီကီတာဇူမီသည် ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးလိုက်သည်။ ဂျပန်သို့ ပြန်ရောက်နေပီဖြစ်သည့် ယူကီကီတာဇူမီက မြန်မာနိုင်ငံမှနှင်ထုတ်ခံရခြင်းအပေါ် “လွန်စွာစိတ်ပျက်မိကြောင်း” နှင့် အင်းစိန်ထောင်တွင် ၎င်းအကျဉ်းကျခံရစဉ် အတူနေခဲ့သည့် တက်ကြွလှုပ်ရှားသူများထံက နှိပ်စက်ခံရသည့်အကြောင်းများ ကြားသိခဲ့ရကြောင်းဆိုသည်။

အေအက်ဖ်ပီ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုအပေါ် သတင်းလိုက်နေစဉ် ဖမ်းဆီးခံခဲ့ရသည့် ဂျပန်သတင်းထောက်သည် ၎င်းအပေါ်တရားစွဲထားသော ပုဒ်မများကို မြန်မာ-ဂျပန် သံတမန်ရေးရာ ဆက်သွယ်မှုကြောင့် ပြန်လွတ်လာပြီးနောက် မေ၁၄ရက်၊ သောကြာနေ့တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ယူကီကီတာဇူမီသည် ရန်ကုန်မြို့ရှိ ၎င်းနေထိုင်သောတိုက်ခန်းတွင် ဧပြီ၁၉ရက်က ဖမ်းဆီးခံရပြီး အင်းစိန်ထောင်တွင် အမှုရင်ဆိုင်ခဲ့ရသည်။ စစ်ကောင်စီက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖြိုခွင်းမှုအတွင်း သတင်းသမား‌ အနည်းဆုံးအယောက် ၈၀ခန့်ကို ဖမ်းဆီးခဲ့ရာ ယူကီကီတာဇူမီလည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ယနေ့အထိ လူဦးရေ ၇၈၀ဝန်ကျင် သေဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီအဖွဲ့)က ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် နာရိတာလေဆိပ်သို့ ဆိုက်‌ရောက်ပြီးနောက် “ကျနော် စိတ်ရောကိုယ်ပါ ကျန်းမာပါတယ်”ဟု ကီတာဇူမီက ပြောသည်။

မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ် ပေးခံရသည့်အပေါ် “အလွန် စိတ်ပျက်မိကြောင်း” သူက ဆိုသည်။

“ကျနော်က ဂျာနယ်လစ်တစ်ယောက်ပါ။ ရန်ကုန်မှာဖြစ်ပျက်နေတာတွေကိုတင်ပြချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် အင်းစိန်ထောင်တွင်း အကျဉ်းကျစဉ်တွင် အတူနေခဲ့ရသော အကျဉ်းသားများထံမှ စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှုများကို ထိတ်လန့်ဖွယ်ကြားသိခဲ့ရကြောင်း ၎င်းကဆိုသည်။

“တချို့လူတွေကို နှစ်ရက်လုံးလုံး အစာမကျွေးပဲထားတယ်။ တချို့ကိုကျတော့ လက်နက်နဲ့ခြိမ်းခြောက်၊ ဒါမှမဟုတ် (စွပ်စွဲချက်တွေကို) ငြင်းရင် ရိုက်နှက်တယ်”ဟု ၎င်းက ဆက်ပြောသည်။

“ကျနော်က ဂျပန်နိုင်ငံသားဖြစ်နေတဲ့အတွက်ကြောင့် ဒီလိုမျိုးနှိပ်စက်ခံရတာတွေတော့ မကြုံခဲ့ရဘူး။ လက်တွေ့ဖြစ်နေတာကတော့ မြန်မာတွေတော်တော်များများ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်”ဟု ၎င်းက အင်းစိန်ထောင်တွင်း အခြေအနေများကို ပြောပြသည်။

ကီတာဇူမီ ပြန်လည်လွတ်မြောက်ရန် “လမ်းကြောင်းအမျိုးမျိုး”သုံး၍ ကြိုးပမ်းခဲ့ရပြီး “အလွန်ခက်ခဲသော အလုပ်တစ်ခု” ဖြစ်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆူ မိုတယ်ဂီက ယင်းမတိုင်ခင် တိုကျိုတွင် ပြောကြားခဲ့ဖူးသည်။

ယင်းသို့ကြိုးပမ်းမှုများကြောင့်ကီတာဇူမီအပေါ် စွဲဆိုသည့်အမှုကို မြန်မာစစ်တပ်က ပြန်လည်ရုတ်သိမ်းပေးခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။

စားနပ်ရိက္ခာကူညီရေးအစီအစဉ်

ဂျပန်နိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် အမေရိကန်ဒေါ်လာ လေးသန်းနှင့်ညီမျှသော အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ မြန်မာနိုင်ငံကို ပေးအပ်ရန် ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အဆိုပါအစီအစဉ်ဖြင့် လူဦးရေ ခြောက်သိန်းခန့်ကို ကူညီနိုင်မည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းသည်။

“အခုအခြေအနေတွေကြားမှာ ရန်ကုန်မြို့က အခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာ အလျင်အမြန်လျော့နည်းလာပြီး အခြေခံအကျဆုံး နေထိုင်မှုအခြေအနေအတွက်တောင် ရုန်းကန်နေရတယ်”ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ခုတွင် ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်နေသော အကူအညီသစ်များ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဂျပန်အစိုးရက မတ်လနှောင်းပိုင်းတွင် ကြေညာခဲ့သည်။

“အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးခံရသူ (နိုင်ငံရေးအကျဉ်းသား)တွေကို ပြန်လွှတ်ပေးဖို့ နဲ့ ဒီမိုကရေစီနစ်ကို ပြန်သွားဖို့ ကျနော်တို့ ဆက်ပြီးတောင်းဆိုနေပါတယ်”ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတယ်ဂီက ပြောသည်။

ကီတာဇူမီသည် ဆန္ဒပြပွဲများကို “ထောက်ပံ့ခဲ့ကြောင်း” စစ်ဆေးတွေ့ရှိရသဖြင့် ဧပြီ၁၄ရက်တွင် အမှုဖွင့်ခဲ့သော်လည်း “မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ယခုအချိန်အထိ ရင်းနှီးသောဆက်ဆံမှုနှင့် အနာဂတ်ဆက်ဆံရေးကို ရှေးရှု”ခြင်းအားဖြင့် ကီတာဇူမီအပေါ် တရားစွဲဆိုထားသည်ကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း လွန်ခဲ့သည့်ရက်သတ္တပတ်၊ ကြာသပတေးညတွင် နိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့သည်။

ဖမ်းဆီးခံရပြီးနောက် ဂျပန်သတင်းထောက်ကို အာဏာပိုင်များက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခဲ့သည်။ ယင်းပုဒ်မသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းအတုများ ဖြန့်ဝေမှု၊ အာဏာသိမ်းမှုကို ဝေဖန်ခြင်း (သို့မဟုတ်) စစ်သားများနှင့် အစိုးရဝန်ထမ်းများ အာဏာဖီဆန်မှုကို အားပေးခြင်း ပြုလုပ်သူများကို ဖမ်းဆီး၍ တရားစွဲဆိုရန် မူရင်းပုဒ်မသို့ ဖြည့်စွက်ပြဋ္ဌာန်းခဲ့သည်။ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်သည့် ပုဒ်မလည်းဖြစ်သည်။

ဖေဖော်ဝါရီလအတွင်းက ဆန္ဒပြပွဲများကိုသတင်းရယူနေစဉ် ပထမအကြိမ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော်လည်း ကီတာဇူမီကို ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။ ၎င်းသည် စစ်အာဏာသိမ်းမှုအလွန် တရားစွဲဆိုခံရသည့် ပထမဆုံးသော နိုင်ငံခြားသတင်းထောက်ဖြစ်သည်။

မတ်လတွင် ဆန္ဒပြပွဲကို သတင်းရယူနေစဉ် အဖမ်းခံရသည့် ပိုလန်နိုင်ငံသားဓာတ်ပုံဆရာကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နှစ်ပတ်ခန့် ထိန်းသိမ်းပြီးနောက် အမှုရုတ်သိမ်းကာ ပြည်နှင်ဒဏ် ပေးလိုက်သည်။

သတင်းသမားများကို ဖမ်းဆီးရုံမက ဆန္ဒပြပွဲများအား အကြမ်းဖက်ဖြိုခွင်းမှုများနှင့်ပတ်သက်၍ သတင်းစီးဆင်းမှု နှောင့်နှေးစေရန် စစ်ကောင်စီသည် လွတ်လပ်သော သတင်းဌာနများကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည့်အပြင် အင်တာနက်ဆက်သွယ်မှုကိုလည်း ကန့်သတ်ထားသည်။

လွတ်လပ်သောမီဒီယာတစ်ခုဖြစ်သည့် DVB သတင်းဌာနမှ သတင်းထောက် ဦးမင်းညိုကို တရားစွဲဆိုပြီးနောက် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်။

Tomorrow ဂျာနယ်မှ သတင်းထောက်ဟောင်း ကိုအောင်ကျော်ဦးကိုလည်း လွန်ခဲ့သည့် ရက်သတ္တပတ် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ၎င်း၏သားဖြစ်သူက အေအက်ဖ်ပီသို့ အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် သတင်းထောက်နှင့် သတင်းဓာတ်ပုံဆရာ ၄၅‌ယောက် ဖမ်းဆီးခံထားရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ Reporting ASEANက ထုတ်ပြန်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.