ထွန်းခိုင်
ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေငြာခြင်းမရှိသေးသော်လည်း ရှမ်းပြည်နယ်၊ မိုင်းရှူးနှင့် ကျေးသီးမြို့နယ်များတွင် ကျားခေါင်းပါတီမှ ကိုယ်စားလှယ်များအနိုင်ရနေကြောင်း ကနဦးမဲရေတွက်မှုများကို အခြေခံပြီး ပါတီ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။
အဆိုပါနေရာများတွင် အနိုင်ရမှုအတွက် အောင်ပွဲခံရန် ရွေးကောက်ပွဲကော်မရှင်ဘက်က တရားဝင် အတည်ပြုချက်ကို စောင့်ဆိုင်းနေကြောင်းကျားခေါင်း(သို့) SNLD ဟုလူသိများသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က Frontier ကို ပြောကြားသည်။
ယမန်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားခေါင်းပါတီက အဆိုပါမြို့နယ်နှစ်ခု၌ ပြည်သူ့လွှတ်တော် တစ်နေရာစီနှင့် ပြည်နယ်လွှတ်တော်နှစ်နေရာစီ၊ စုစုပေါင်း ခြောက်နေရာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
“မိုင်းရှူးဆိုရင် မဲရုံ ၄၄ ရုံမှာ ကျနော်တို့ ရှစ်ရုံပဲ ရှုံးတယ်”ဟု ဦးစိုင်းလိတ်က ပြောသည်။
အလားတူကျေးသီးတွင်လည်း ကနဦးမဲရေတွက်မှုအရ ၎င်းတို့ပါတီပင် အသာရနေကြောင်း ဦးစိုင်းလိတ်က ပြောသည်။
အဆိုပါမဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကော်မရှင်က မဲများကို ညနေပိုင်း မဲရုံများ ပိတ်ပြီးချိန်က စတင်ကာ ရေတွက်ခဲ့သော်လည်း ယနေ့နံနက်ပိုင်းအထိ တရားဝင် ကြေငြာနိုင်ခြင်းမရှိသေးပေ။
၂၀၁၀ ရွေးကောက်ပွဲတွင် မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အမှတ်(၂)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်နယ်လွှတ်တော်အမှတ်(၁)တွင် ကျားဖြူဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကျေးသီးမြို့နယ်တွင်မူ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက အနိုင်ရရှိခဲ့သည်။
သတင်း-ထွန်းခိုင်