နေပြည်တော်၊ ဧပြီ ၅
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အား ပြည်ထောင်စုလွှတ်တော်က ယနေ့ ခန့်အပ်လိုက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဆိုပါ ကော်မရှင်၏ အဖွဲ့ဝင်လေးဦးမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ဖြစ်သွားကြသဖြင့် ကော်မရှင်မှ နှုတ်ထွက်သွားရပြီ ဖြစ်သည်။ ထို့ကြောင့် လစ်လပ်သွားသော နေရာများအတွက် အစားထိုး ခန့်အပ်ရာတွင် ဦးဝင်းထိန် ပါဝင်လာခြင်း ဖြစ်သည်။
ကော်မရှင်မှ နှုတ်ထွက်သွားသူ လေးဦးမှာ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာမြင့်အေး၊ ဦးစိုးရယ်နှင့် ဦးအောင်မြင့်တို့ ဖြစ်ကြသည်။ ၎င်းတို့ နေရာအတွက် အစားထိုး ခန့်အပ်လိုက်သူလေးဦးမှာ ယခင်ပြည်သူ့လွှတ်တော်၏ မိတ္ထီလာ ကိုယ်စားလှယ်ဟောင်း ဦးဝင်းထိန်အပြင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့ဝင်ဟောင်း ဦးညီထွန်းနှင့် ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဟောင်း ဦးဘိုဝင်းတို့ ဖြစ်ကြသည်။
သတင်း – စိုးသန်းလင်း