Reuben EASEY/အေအက်ဖ်ပီ ရေးသားသည်။
ရှင်ဘုရင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်သူတို့ရဲ့ အမြတ်တနိုး ထားခံရတဲ့ မြန်မာ့ဒေါင်းတွေဟာ ကာလရှည်ကြာကတည်းက ဇာတိပုညဂုဏ်မာနနဲ့ မတရားမှုကို တွန်းလှန်တော်လှန်ခြင်းတို့ရဲ့ အမျိုးသားရေး လက္ခဏာတစ်ခု ဖြစ်နေခဲ့တာပါ။ အခုတော့ ဒီငှက်တွေကို တောနက်ထဲမှာ တွေ့မြင်ရဖို့ ပိုပိုခက်လာနေပါပြီ။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျေးငှက်ဗေဒပညာရှင် ကိုသက်ဇော်နိုင်က စိုးရိမ်နေပါတယ်။ တစ်နှစ်ထက်တစ်နှစ် မြန်မာ့အမျိုးသားငှက်ကို တွေ့ရတာ နည်းသထက်နည်းလာခဲ့ပါပြီ။
“သူတို့က မြေပြင်ပေါ်လမ်းလျှောက်တယ်။ ညဆို သစ်ပင်ပေါ်မှာ အိပ်တယ်” လို့ အေအက်ဖ်ပီကို သူက ပြောပါတယ်။
“ပြီးတော့ သူတို့က မအိပ်ခင်မှာ အမြဲတမ်းပဲ အိုးဝေ၊ အိုးဝေလို့ အော်ကြတယ်။ ဒါ့ကြောင့် သူတို့ဘယ်မှာ ရှိတယ်ဆိုတာ လူတွေက အလွယ်တကူသိပြီး အလွယ်ဖမ်းလို့ရတာပေါ့” လို့သူက ဆိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတော့ တောက်ပတဲ့ အစိမ်းရောင်အမွှေးအတောင်နဲ့ ကျော်ကြားလှတဲ့ ထည်ဝါဝင့်ကြွားနေတဲ့ ဟန်ရှိတဲ့ ဒီလိုငှက်တွေကို နေရာတကာ တွေ့ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး သစ်ပင်နဲ့ တိရစ္ဆာန်အများအပြားလိုပဲ တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ တာဝန်ခံမှုမရှိတဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကာလ ဆယ်စုနှစ်များစွာအတွင်း ကျက်စားရာနေရာ ပျောက်ဆုံးမှုတွေက သဘာဝသစ်တောတွေထဲက ဒေါင်းတွေရဲ့ အရေအတွက်ကို ဆိုးဆိုးဝါးဝါး လျော့ကျသွားစေပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ဒေါင်းကောင်ရေ ကျဆင်းသွားတာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအဖြစ်ဆိုးတစ်ခုထက် ပိုပါတယ်။ ဒါဟာ အမျိုးသားရေးဝိညာဉ်အပေါ် ထိုးနှက်ချက်ပါ။
မြန်မာ့ယဉ်ကျေးမှုမှာ ဒေါင်းဟာ မြင့်မြတ်တဲ့နေရာတစ်ခုကို ရယူထားပါတယ်။ ဒေါင်းဟာ မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းတွေရဲ့ တရားဝင် အမှတ်သင်္ကေတအဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါတယ်။ အဲဒီဘုရင်တွေဟာ ဒေါင်းပုံပါတဲ့ ဘွဲ့တံဆိပ် အဆောင်အရောင်ဝတ်စုံတွေကို ဝတ်ဆင်အသုံးပြုခဲ့ကြသလို ဒေါင်းပလ္လင်ပေါ်မှာလည်း ထိုင်ခဲ့ကြပါတယ်။ သူတို့ ဒီလိုလုပ်ခဲ့ကြတာ နယ်ချဲ့ဗြိတိသျှတွေက နိုင်ငံကို သိမ်းပိုက်လိုက်တဲ့ အချိန်အထိပါပဲ။
၁၉ ရာရာစုအစောပိုင်းက နယ်ချဲ့ဗြိတိသျှကို ဆန့်ကျင်တိုက်ခိုက်စဉ်အတွင်း လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းဟာ Fighting Peacock (ခွပ်ဒေါင်း) လို့အမည်ပေးထားတဲ့ မဂ္ဂဇင်းတစ်စောင် ထုတ်ခဲ့ဖူးပါတယ်။
နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ နှစ်ပေါင်းများစွာအတွင်း သူတို့ပါတီရဲ့ အမှတ်သင်္ကေတအဖြစ် ခွပ်ဒေါင်းပုံကို အသုံးပြုခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားတိုင်း လူအုပ်တွေရဲ့အပေါ်မှာ တလူလူလွင့်နေတဲ့ ဒေါင်းအလံတွေကို တွေ့မြင်နိုင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရာထူး ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါင်းရုပ်ပုံဖော်ထားတဲ့ ရွှေခြည်ထိုး ပန်းချီကားကြီးကို ချိတ်ထားတဲ့ နံရံရှေ့မှာ သတင်းစာရှင်းလင်းပွဲတွေ လုပ်လေ့ရှိပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
စိုးရိမ်ဖွယ် အရေအတွက် လျော့ကျမှု
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲတွေမှာ သူမရဲ့ ပါတီအပြတ်အသတ် အနိုင်ရတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရာထူး ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါင်းရုပ်ပုံဖော်ထားတဲ့ ရွှေခြည်ထိုး ပန်းချီကားကြီးကို ချိတ်ထားတဲ့ နံရံရှေ့မှာ သတင်းစာရှင်းလင်းပွဲတွေ လုပ်လေ့ရှိပါတယ်။
ဒါပေမဲ့ အရေးယူ ဆောင်ရွက်မှုတွေ မလုပ်လို့ကတော့ ဒေါင်းတွေကို သမိုင်းစာအုပ်တွေနဲ့ နိုင်ငံရေး စုဝေးပွဲတွေမှာသာ တွေ့နိုင်တော့မယ်ဆိုပြီး အချို့က စိုးရိမ်နေပါတယ်။ တစ်ချိန်က အိန္ဒိယကနေ အင်ဒိုနီးရှားအထိ ကျက်စားခဲ့တဲ့ ဒေါင်းတွေအရေအတွက်ဟာ အခုဆိုရင် ဆိုးဆိုးဝါးဝါး လျော့ကျနေပြီဖြစ်ပါတယ်။
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမဂ္ဂ (International Union for Conservation of Nature) ကတော့ ဒေါင်းတွေကို မျိုးသုန်းပျောက်ကွယ်နိုင်တဲ့ မျိုးစိတ်တွေအဖြစ် အနီရောင်အဆင့် စာရင်းထဲမှာ ထည့်ထားပါတယ်။
“ဒေါင်းကောင်ရေက ဆိုးဆိုးဝါးဝါးကို လျော့နည်းလာပါတယ်။ ဒေါင်းတွေကို ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဗီယက်နမ်အနောက်အလယ်ပိုင်းက ခြောက်သွေ့သစ်တောတွေမှာသာ အတော်အသင့် တွေ့ပါနိုင်တော့တယ်” လို့ ICUN က ပြောပါတယ်။ ဒါ့အပြင် ထိုင်း၊ လာအိုတောင်ပိုင်းနဲ့ တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်နဲ့ အင်ဒိုနီးရှားက ဂျာဗားကျွန်းတို့မှာ ဒေါင်းတွေနေနိုင်တဲ့ နေရာတွေ ရှိနေသေးတယ်လို့တော့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်းကျွန်းဆွယ်နဲ့ အိန္ဒိယတို့မှာတော့ ပျောက်ကွယ်သွားပြီလို့ ယုံကြည်ရပါတယ်။ ချွင်းချက်အနေနဲ့ ရံဖန်ရံခါမှာတော့ မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ဖျားက မဏိပူရပြည်နယ်မှာတော့ အနည်းငယ် တွေ့ရပါတယ်။
ဒေါင်းတွေကို မြန်မာနိုင်ငံရဲ့ တောရိုင်းတိရိစ္ဆာန်အက်ဥပဒေအရ အကာအကွယ်ပေးထားတယ်လို့ နေပြည်တော်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက ပြောပါတယ်။ ဥပဒေမှာ ဒေါင်းတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းကို တားမြစ်ထားပါတယ်။
ဒါပေမဲ့ ဥပဒေက သင့်တင့်လုံလောက်တဲ့အထိ အားမရှိဘဲ ကျေးလက်နေ လူအများဟာ ဒေါင်းကို ဥပဒေနဲ့ အကာအကွယ်ပေးထားတာကို မသိဘဲ ဒေါင်းဥ၊ ဒေါင်းသားနဲ့ တောက်ပတဲ့ မွှေးအတောင်တွေရဖို့ ဒေါင်းတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒေါင်းတွေ ကြုံနေရတဲ့ဒုက္ခအခြေအနေကို လူတွေပိုသိလာဖို့၊ အထူးသဖြင့် ကျေးလက်ကလူတွေ ပိုသိလာဖို့ဟာ မြန်မာရဲ့ တရားဝင်မဟုတ်သေးတဲ့ အမျိုးသားသင်္ကေတတိရစ္ဆာန်ကို မျိုးတုံးမယ့် နှုတ်ခမ်းဝကနေ ဆွဲတင်ရမှာဖြစ်တယ်လို့ ဦးသက်ဇော်နိုင်က ပြောပါတယ်။
အရေးကြီးဆုံးကတော့ ဒေါင်းဟာ မြန်မာပြည်သူတွေအတွက် ဘယ်လို တန်ဖိုးရှိတယ် ဆိုတာနဲ့ ဒေါင်းတွေရှိနေတာဟာ မြန်မာတွေအတွက် ဂုဏ်ယူသင့်တယ်ဆိုတာမျိုး ပြည်သူတွေကို ပညာပေးဖို့ပဲ လို့ သူကပြောပါတယ်။
အောင်ကျော်ဦး ဘာသာပြန်သည်။
ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့မှ ၃၅ ကီလိုမီတာခန့်ကွာဝေးသော လှော်ကား သဘာဝဥယျာဉ်တွင် ကျက်စားသည့် ဒေါင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ/ရဲအောင်သူ