အမ်မရယ် ဘရူဝါရီက ရန်ကုန်တွင် ချန်းဘီယာကို စတင်ထုတ်လုပ်ပြီးနောက် လများစွာအကြာ အဆိုပါထိုင်းဘီယာသည် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ကြီးစိုးသော တရားမဝင်လမ်းကြောင်းဖြင့် မြဝတီတွင် နယ်စပ်ကိုဖြတ်လျက် မြန်မာနိုင်ငံတွင်းသို့ ပေါ်ပေါ်တင်တင်ခိုးဝင်နေဆဲဖြစ်သည်။
နော်ဘတ်တီဟန်နှင့် သောမတ်စ်ကင်း(န်) ရေးသားသည်။
အနက်ရောင်နှင့် အစိမ်းရင့်ရောင်ဝတ်စုံခပ်ကျပ်ကျပ်ဝတ်ဆင်ထားသော အမျိုးသမီးငယ်သည် ဘီယာသောက်နေသည့် အမျိုးသားများစားပွဲသို့ ချဉ်းကပ်သွားခဲ့ပြီး အခု ချန်းဘီယာကို မြန်မာပြည်မှာ ထုတ်လုပ်နေတာ ရှင်တို့သိလားဟုမေးလိုက်ပါသည်။ သူ့နောက်တွင် စားသောက်ဆိုင်ထဲက “ကြော်ငြာဆိုင်းဘုတ်လေးတွင် ချန်းဘီယာကို တရားဝင်တည်ခင်းရောင်းချနေပြီ” ဆိုသည့်စာသားနှင့် “အပြောင်းအလဲတစ်ခုအတွက် အချိန်ကျပြီ” ဆိုသည့် စာသားများကိုတွေ့ရသည်။
ယင်းတို့မှာ ဈေးကွက်သစ်သို့ ဝင်လာသော စားသောက်ကုန်ကုမ္ပဏီတစ်ခုအတွက် အတော်အတန် အဆင့်အတန်းရှိသော ရောင်းအားမြှင့်တင်ရေးနည်းပညာများဖြစ်သည်။ သို့သော်လည်း သာဓကများမှာ အမ်မရယ် ဘရူဝါရီ Emerald Brewery အတွက် ဈေးကွက်ဝင်ရောက်ရေးစိန်ခေါ်မှု၏ အနည်းငယ်ထူးခြားသော သဘာဝကိုလည်း ရောင်ပြန်ဟပ်နေသည်။ အမ်မရယ် ဘရူဝါရီ သည် ချန်းဘီယာကို စက်တင်ဘာနှောင်းပိုင်းက ရန်ကုန်မြောက်ပိုင်းရှိစက်ရုံတွင် စတင်ထုတ်လုပ်ခဲ့သည်။ သုံးစွဲသူအများစုက ချန်းဘီယာကို သိရှိပြီးဖြစ်သည်ဟု ယူဆကာ ယခုအခါ ချန်းဘီယာကို မြန်မာနိုင်ငံတွင် တရားဝင်ထုတ်လုပ်နေပြီဆိုသည်ကို ဖောက်သည်များကို သိစေချင်သည်။
အမ်မရယ် ဘရူဝါရီသည် စင်ကာပူမှ ဖရေဇာနှင့်နီးဗ် လီမိတက် Fraser & Neave Limited နှင့် ပြည်တွင်းပါတနာနှစ်ဦးတို့၏အမေရိကန်ဒေါ်လာသန်း ၇၀ တန် ဖက်စပ်လုပ်ငန်းဖြစ်ပြီး သူ၏မဟာဗျူဟာမြောက်ပါတနာ ထိုင်းဘဲဗရိတ်ချ် ပတ်ဗလစ်ကုမ္ပဏီလီမိတက် Thai Beverage Public Company Limited ထံမှလိုင်စင်ဖြင့် ချန်းဘီယာကိုချက်လုပ်သည်။
ဖရေဇာနှင့်နီးဗ် လီမိတက်သည် လေးနှစ်ခန့်အဆက်ပြတ်ပြီးနောက် ဘီယာလုပ်ငန်းဖြင့် မြန်မာသို့ ပြန်လာခြင်းဖြစ်သည်။ ယင်းကုမ္ပဏီသည် ယခင်က မြန်မာဘရူဝါရီလီမိတက် Myanmar Brewery Limited တွင် စစ်တပ်၏ဖက်စပ်ပါတနာဖြစ်ခဲ့သည်။ သို့ရာတွင် ခုံသမာဓိတရားရုံးတစ်ရုံး၏ဖိအားပေးမှုကြောင့် ၎င်း၏ရှယ်ယာများကို ၂၀၁၅ တွင် စစ်တပ်ကို ပြန်လည်ရောင်းချခဲ့ရသည်။
စစ်တပ်ပိုင် မြန်မာဘရူဝါရီလီမိတက်က ဈေးကွက်ဝေစု ၅၅ ရာခိုင်နှုန်းဖြင့် ကြီးစိုးနေဆဲဖြစ်သော၊ ထိုသို့ပြည့်ကျပ်နေသည့်တိုင် လျင်မြန်စွာကြီးထွားနေသော ဘီယာဈေးကွက်ထဲသို့ ချန်းက ဝင်ရောက်လာခြင်းဖြစ်သည်။ သို့သော်လည်း အခြားတံဆိပ်များနှင့်မတူသည်မှာ ချန်းက ယှဉ်ပြိုင်မှုကို ကာကွယ်ထားနိုင်ဟန်ရှိသည်။
ပြိုင်ဘက်ပြည်တွင်းဘီယာများထက် ဈေးလျော့ခြင်း
ဘီယာတင်သွင်းမှုကို မြန်မာကခွင့်မပြုသော်လည်း ဆင်းဂါး Singha နှင့် လီယို Leo တို့ကဲ့သို့ လူကြိုက်များသည့် အခြားထိုင်းဘီယာများနည်းတူ ချန်းသည် ထိုင်း- မြန်မာနယ်စပ်မှတဆင့်ခိုးသွင်းကာ နိုင်ငံတဝန်း ပေါ်ပေါ်တင်တင် ရောင်းချနေသည်မှာ ကြာလှပြီဖြစ်သည်။
ခိုးသွင်းခြင်းက တရားမဝင်လုပ်ဆောင်ချက်ဟု ပြောရန်ပင်ခဲယဉ်းနေသည်။ ကရင်ပြည်နယ် မြဝတီမြို့တွင်းနှင့် ယင်းဒေသတဝိုက်၌ သောင်းရင်းမြစ်ကိုဖြတ်လျက် စက်လှေများဖြင့်ထိုင်းဘက်မှ ဘီယာဖာများတင်ကာ မြန်မာဘက်သို့ ပုံမှန်ဝင်ရောက်လျက်ရှိသည်။
ယင်းဘီယာများကို ကုန်လှောင်ရုံများတွင်ထားပြီးနောက် ထရပ်ကားများပေါ်တင်ကာ နိုင်ငံတဝန်းသို့ တင်ပို့သည်။ မြဝတီမြို့ရှိ ကုန်လှောင်ရုံများမှာ မည်သည့်အခါမျှ စီးနင်းမခံရပေ။ ယင်းထရပ်ကားများက အဝေးပြေးလမ်းမကြီးတလျှောက် မောင်းနှင်သော်လည်း ကြားဖြတ်ဖမ်းဆီးခံရခြင်းလည်း မရှိသလောက်ဖြစ်သည်။
လက်လီဆိုင်များနှင့် စားသောက်ဆိုင်များသို့ မှောင်ခိုချန်းဘီယာကိုဖြန့်ချိရန် မြန်မာကုမ္ပဏီများကို အသုံးပြုပြီး ယင်းဘီယာရောင်းအားမြှင့်တင်မှုကို ဈေးကွက်ယှဉ်ပြိုင်ခြင်းနည်းတူ ဈေးဝယ်ရမှတ်ပေးခြင်း၊ လူမှုမီဒီယာများမှ ကြော်ငြာခြင်းတို့ဖြင့် ကျယ်ပြန့်စွာလုပ်ဆောင်သည်။
ချန်းဘီယာကို အရှေ့တောင်အာရှ၏ အကြီးမားဆုံးယမကာကုမ္ပဏီကြီးဖြစ်သော ထိုင်းဘဲ့ဗ် ThaiBev က ထုတ်လုပ်ပြီး စင်ကာပူစာရင်းဝင် ဖရေဇာနှင့်နီးဗ်ကုမ္ပဏီလီမိတက်တွင် ရှယ်ယာအများစုပါဝင်သည်။ ယင်းဘီယာအများစုမှာ မြဝတီမှ ကီလိုမီတာ ၂၀၀ ခန့်ဝေးသော ကမ်ဖိန်းဖက် Kamphaeng Phet ရှိစက်ရုံမှလာသည်။
မှောင်ခိုဘီယာ၏တဝက်တပျက် တရားဝင်သဘောဆောင်နေမှုကို ကုန်သွယ်ရေးကိန်းဂဏန်းများက ထင်ဟပ်လျက်ရှိသည်။ မြန်မာဘက်တွင် ဘီယာတင်သွင်းမှုမှတ်တမ်းများမရှိသော်လည်း ထိုင်းဘက်ကမူ မြန်မာနိုင်ငံသို့ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ဘီယာတင်ပို့ကြောင်း ထိုင်းအကောက်ခွန်ဌာန၏ အချက်အလက်များက ဖော်ပြသည်။ ၂၀၁၄ ခုနှစ်က တင်ပို့မှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ဘတ်ငွေ ၃ ဒသမ ၉၇၈ ဘီလျံဖိုး(လက်ရှိငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၉ သန်းဖိုး) တင်ပို့ခဲ့ကြောင်းတွေ့ရသည်။
မြန်မာနိုင်ငံတွင်ရောင်းချသော ဘီယာအားလုံး၏ပမာဏအားဖြင့် ၃၀ ရာခိုင်နှုန်းခန့်မှာ ခိုးသွင်းခြင်းဖြစ်ပြီး ဟက်တိုလီတာ တစ်သန်း(1 million hectolitres) ခန့်ရှိကြောင်း၂၀၁၇ နိုဝင်ဘာလက သုတေသနကုမ္ပဏီ ယူရိုမော်နီတာ အင်တာနေရှင်နယ် Euromonitor International ကခန့်မှန်းသည်။ ယင်းခိုးသွင်းဘီယာ ၈၀ ရာခိုင်နှုန်းခန့်မှာ ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်ခြင်းဖြစ်ပြီး ၂၄ ဘူးပါ ဘီယာဖာ ၁၀ သန်းခန့်နှင့်ညီမျှသည်။
“ကြီးမားသည့် (တရားဝင်ရော တရားမဝင်ပါ) ဖြန့်ဖြူးသူများသည် ထိုင်းနှင့် တရုတ်တို့မှဘီယာများကို နယ်စပ်မှဖြတ်၍ သယ်ယူပို့ဆောင်ကြပြီး တဆင့်ခံဖြန့်ဖြူးသူများက နိုင်ငံတဝန်း ပြန်ဖြန့်ကြခြင်းအတွက် တာဝန်ရှိကြသည်” ဟု ယင်းကုမ္ပဏီကဆိုသည်။
မြန်မာနိုင်ငံတွင်း ခိုးသွင်းခြင်းဖြစ်သဖြင့် ထိုင်းနိုင်ငံထုတ်ဘီယာများသည် ပြည်တွင်းအခွန်များကို ရှောင်တိမ်းနိုင်ရာ မြန်မာဘီယာ၊ ဟိုင်နီကင်နှင့် ကားလ်စ်ဘတ်ဘီယာများကဲ့သို့ ပြည်တွင်းဖြစ်ဘီယာများထက် ၃၅ ရာခိုင်နှုန်း ဈေးပိုချိုသည်။ နယ်စပ်ဒေသများတွင် ခိုးသွင်းကုန်များမှာ ဈေးအချိုဆုံးဖြစ်သည်။
“ဝင်ငွေနည်းတဲ့ စားသုံးသူတွေက ဈေးနှုန်းနဲ့ပတ်သက်ရင် ပိုပြီးအကဲဆတ်တယ်။ သူတို့က ဈေးပိုချိုတဲ့ ကုန်တွေပဲ ရှာသုံးတယ်။ ခိုးသွင်းတဲ့ဘီယာတွေက အခွန်မပေးရလို့ စားသုံးသူတွေကို ပိုပြီးဆွဲဆောင်နိုင်တယ်” ဟုလည်း ယူရိုမော်နီတာကဖော်ပြသည်။
အရောင်းမြှင့်တင်ရေးလုပ်ဆောင်ချက်များနှင့်အတူ ချန်းနှင့်အခြားခိုးသွင်းဘီယာများသည် မြန်မာနိုင်ငံတွင် ကြီးမားသည့် ဈေးကွက်ဝေစုရအောင်ဖန်တီးနိုင်ခဲ့ကြသည်။ ၂၀၁၉ ဇန်နဝါရီလက Fraser & Neave ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး အစီရင်ခံစာတွင် Fifth Person ဆိုသည့် ရင်းနှီးမြှုပ်နှံမှုဝက်ဘ်ဆိုက်က ချန်းဘီယာသည် မြန်မာနိုင်ငံ၌ ဒုတိယရောင်းအားအကောင်းဆုံးဖြစ်သည်ဟု ကုမ္ပဏီအရာရှိများကပြောကြောင်း ဖော်ပြသည်။
ယင်းအခြေအနေက နိုင်ငံတွင်းတရားဝင်လည်ပတ်နေသော ဘီယာချက်စက်ရုံကုမ္ပဏီများကို စိတ်ပျက်စေခဲ့ပြီး ခိုးသွင်းဘီယာများကို အရေးယူနှိမ်နင်းရန် ၎င်းတို့ဆော်သြနေသည်မှာ နှစ်အတန်ကြာနေပြီဖြစ်သော်လည်း ထိရောက်မှုမရှိသေးပေ။
သို့သော်လည်း တရားမဝင်ကုန်သွယ်မှုသည် ပြည်တွင်းဘီယာလုပ်ငန်းနှင့် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်စေသည့် ပြဿနာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီးမေးလ်ဖြင့် Frontier ကိုပြောသည်။
“တရားမဝင်ကုန်သွယ်မှုကို ကိုင်တွယ်ရာမှာ အစိုးရဌာနပေါင်းစုံ၊ ပြည်တွင်းထုတ်လုပ်သူတွေနဲ့ ပြည်သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါတယ်။ ဘရူဝါရီအသင်း Brewers Association အနေနဲ့ ဒီအကြောင်းကို လူတွေပိုသိလာဖို့နဲ့ ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ဆောင်ဖို့ကိစ္စတွေမှာ အစိုးရကို အားပေးကူညီဖို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်”
Fraser & Neave မှပြောရေးဆိုခွင့်ရှိသူက ဘီယာမှောင်ခိုတင်သွင်းမှုကိစ္စနှင့် ချန်းသည် မြန်မာနိုင်ငံ၌ ဒုတိယအကြီးဆုံးဈေးကွက်ဝေစုကို ရရှိထားသည့်အကြောင်း နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ရှယ်ယာရှင်များအားပြောခဲ့ခြင်းရှိမရှိကို အတည်ပြုပြောကြားရန်ငြင်းဆိုခဲ့သည်။ သို့သော်လည်း ချန်းဘီယာသည် အင်္ဂလိပ် ပရီမီယာလိဂ်အသင်းများကို စပွန်ဆာပေးနေသည်ကိုမူ မြန်မာစားသုံးသူများက သိရှိနေပြီဟုဆိုသည်။
“မြန်မာနိုင်ငံမှာ ချန်းဘီယာကို သိရှိတာတချို့ရှိနေတာ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေကို အခြေခံပြီး ကျွန်တော်တို့ သိရှိထားတာက ချန်းဘီယာဟာ အဲဗာတန်နဲ့ လိုက်ဆက်စတာစီးတီး တို့လို ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ကာလရှည် မိတ်ဖက်စီးပွားရေး လုပ်ဆောင်ချက်တွေကြောင့် စားသုံးသူတွေကြား ထင်ရှားတဲ့ အဆင့်မြင့်အမှတ်တံဆိပ်ဖြစ်ပါတယ်” ဟုကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာအက်ဒ်မန်နီယိုက ပြောသည်။
သို့သော်လည်း လိုင်စင်ရ ဘီယာထုတ်လုပ်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကမူ ခိုးသွင်းမှုကြောင့် အမ်မရယ်ဘရူဝါရီသည် ပြိုင်ဘက် ဟိုင်နီကင်၊ ကားလ်စ်ဘတ်တို့ထက် သိသာထင်ရှားစွာ အသာစီးရနေသည်ဟု ဆိုသည်။ ယင်းဘီယာတို့က လွန်ခဲ့သည့်နှစ်အတန်ကြာက နိုင်ငံတွင်းဝင်ရောက်စဉ် အခွင့်အရေးများမရခဲ့ပေ။
“လူတိုင်းက မျှတတဲ့ယဉ်ပြိုင်မှု၊ မျှတတဲ့ပြိုင်ကွင်းကိုသာ လိုလားပါတယ်” ဟု၎င်းအရာရှိက ပြောကြားသည်။
ခိုးသွင်းသူရဲ့ သုခဘုံ
အမ်မရယ်ဘရူဝါရီကိုဖွင့်လိုက်ခြင်းက ဘီယာခိုးသွင်းမှု အဆုံးသတ်ရေးအတွက် ပထမဆုံးအချက်ပေးမှုဖြစ် လိမ့်မည်။ သို့သော်လည်း နယ်စပ်ကမြဝတီမြို့တွင် ဘီယာချက်စက်ရုံအသစ်က ဂယက်ထရုံသာဖြစ်စေသည်။ ချန်းဘီယာ၏ သစ်လွင်သော တရားဝင်တည်ရှိမှုအတွက် တစ်ခုတည်းသော အထောက်အထားက “ယခု တရားဝင်တည်ခင်းနေပါပြီ” ဆိုသည့် လမ်းမကြီးပေါ်က ဘေလ်ဘုတ်သာဖြစ်သည်။ စားသောက်ဆိုင်များနှင့် ဒေသခံဖြန့်ဖြူးသူများ၏သိုလှောင်ခန်းများတွင်မူ ထိုင်းလုပ်ချန်းဘီယာတစ်ခုတည်းကသာ မင်းမူနေသေးသည်။ တင်သွင်းမှုများက အရှိန်မကျသေးသည့်အပြင် ဝယ်လိုအားက ခါတိုင်းလိုပင် အားကောင်းနေဆဲဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ဈေးပိုချိုသည့် ထိုင်းကုန်ပစ္စည်းကြောင့် သက်သက်မဟုတ်ဘဲ ထိုင်းနိုင်ငံထုတ်ပစ္စည်းများက မြန်မာနိုင်ငံထုတ် မည်သည့်ပစ္စည်းထက်မဆို အရည်အသွေးပိုကောင်းသည်ဆိုကာ နယ်စပ်ဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် ယုံကြည်ချက်ကြောင့်လည်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ထိုင်းမှ ကုန်ပစ္စည်း လက်လီလက္ကားတင်သွင်းသူအားလုံးနှင့် Frontier က စကားပြောကြည့်ရာ ချန်းဘီယာကို ရန်ကုန်တွင် ထုတ်လုပ်နေမှန်းမသိကြောင်း ၎င်းတို့ကပြောသည်။ တရားမဝင်ဘီယာတင်သွင်းမှုလုပ်ငန်းနှင့် ပတ်သက်သည့် မေးခွန်းများကိုမူ မည်သူမျှ မဖြေချင်ကြပါ။
“မြဝတီလို မြန်မာနိုင်ငံနယ်စပ်မြို့တွေက ဈေးကွက်အခြေအနေတွေကြောင့် ပြည်တွင်းဖြစ်ချန်းဘီယာဟာ တရားမဝင်ဈေးကွက်က ချန်းဘီယာနဲ့ယှဉ်ပြိုင်ဖို့ လွယ်မှာမဟုတ်ဘူး” ဟု မြဝတီနယ်စပ်ကုန်သွယ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်သင်းသင်းမြတ်က ပြောသည်။
ဈေးကွက်အခြေအနေများတွင် အဓိကကျသည့်အချက်မှာ တရားမဝင် နယ်စပ်ကုန်သွယ်ရေးအချက်အချာ နေရာများဖြစ်သည်။ မြဝတီမြို့နယ်တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက နယ်စပ်ဂိတ် ၃၄ ဂိတ်ကို ထိန်းချုပ်ထားသည်ဟု ဒေါ်သင်းသင်းမြတ်ကပြောသည်။
ယင်းဂိတ်များအနက် ၂၇ ဂိတ်ကို တပ်မတော်၏လက်အောက် နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်ဟု ၎င်းကပြောသည်။ “ဒီဂိတ်တွေက နယ်စပ်ကုန်သွယ်ရေးအတွက် လုပ်ဆောင်နေပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိပါတယ်” ဟုလည်း ၎င်းကဆိုသည်။
ဂိတ်အားလုံးမှာ မြဝတီမြို့လယ်မှ ၁၅ မိနစ် မိနစ် ၂၀ သွားရသည့်ခရီးအကွာအဝေးအတွင်းရှိနေပြီး အချို့ဂိတ်များမှာ မြို့လယ်တွင်ရှိကာ တရားဝင်ဖြတ်ကျော်နေရာနှစ်ခုကို မြင်နိုင်သည်။ အနည်းဆုံး အမှတ် ၁၊ ၁၀၊ ၁၂ နှင့် ၁၆ ဂိတ်များကို ဘီယာအတွက်သာ သီးသန့်အသုံးပြုသည်။ ဂိတ်အားလုံးကို နယ်ခြားစောင့်တပ်ဖွဲ့က ထိန်းချုပ်ထားသည်။
ဒီဇင်ဘာလနှောင်းပိုင်းက မြဝတီသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တစ်ခုအတွင်း ဂိတ်-၁ ၏မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်းသို့ ရောက်နေသော ကွန်တိန်နာထရပ်ကားတစ်စီးကို Frontier ကတွေ့ရှိခဲ့သည်။ အလုပ်သမားများက ဘီယာများကို လှေငယ်တစ်စင်းပေါ်သို့ သယ်သွားခဲ့ပြီး မြစ်ကိုဖြတ်ကာ ကုန်လှောင်ရုံတစ်ခုဆီသို့ ပို့ပေးသည်။
ကြီးမားသည့် ကုန်လှောင်ရုံကြီးမှာ ဆင်းဂါးနှင့် လီယိုဘီယာသေတ္တာ ထောင်ပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး ယင်းဘီယာနှစ်မျိုးစလုံးကို ထိုင်းနိုင်ငံ၏ Boon Rawd ဘီယာကုမ္ပဏီက ထုတ်လုပ်သည်။ ဆင်းဂါနှင့် လီယိုဘီယာများဖြန့်ဖြူးပြီး ကုန်ရုံတွင်နောက်ထပ်ဘီယာထားရန် နေရာရှိသည်နှင့် နယ်စပ်ကိုဖြတ်ကျော်ရန် ချန်းဘီယာ၏အလှည့်သို့ ရောက်မည်ဖြစ်ကြောင်း အလုပ်သမားများက Frontier ကိုပြောသည်။
ယင်းဂိတ်၏ နယ်ခြားစောင့်တပ်ဖွဲ့တာဝန်ခံအရာရှိ ဗိုလ်မှူးစောစံလင်းက အင်တာဗျူးခွင့်ပြုရန် ငြင်းပယ်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့တပ်ရင်း ၁၀၂၂ ၏ အကြီးအကဲ ဗိုလ်မှူးစောမုတ်သုံကိုမေးရန် လမ်းညွှန်ခဲ့သည်။ သုံးသပ်ချက်ရရန် စောမုတ်သုံကို ဆက်သွယ်၍မရခဲ့ပါ။ ၎င်းက နယ်ခြားစောင့်တပ်ဖွဲ့ထိန်းချုပ်သော ဂိတ်များနှင့်ပတ်သက်၍ သုံးသပ်ချက်မပေးနိုင်ကြောင်း၊ အကြောင်းမှာ ၎င်းဂိတ်များအားလုံးကို စောမုတ်သုံက စီမံခန့်ခွဲသောကြောင့်ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများထိန်းချုပ်သော တရားဝင်မဟုတ်သည့်ဂိတ်များမှတဆင့် ပြုလုပ်သော တရားမဝင်ကုန်သွယ်မှုကို အကောက်ခွန်အရာရှိများက မထိန်းချုပ်နိုင်ကြောင်း အကောက်ခွန်ဌာန၏ မြဝတီနယ်စပ်ဒေသ သွင်းကုန်ပို့ကုန်ကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးနိုင်စိုးကပြောသည်။
“သောင်ရင်းမြစ်တလျှောက်က နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ကုန်သွယ်ရေးဂိတ်လှေဆိပ်တွေကို ကျွန်တော်တို့ စစ်ဆေးလို့မရပါဘူး။ သူတို့ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး” ဟု၎င်းကပြောသည်။
“သူတို့တရားမဝင်ကုန်သွယ်မှုလုပ်နေတာ နှစ် ၂၀ ကျော်နေပါပြီ။ ချန်းဘီယာတင်မဟုတ်ပါဘူး။ ထိုင်းက တခြားကုန်တွေလည်းပါပါတယ်။ ကားတွေတောင်ပါတယ်” ဟု၎င်းကဆိုသည်။
လွန်ခဲ့သည့်လေးနှစ်က ရန်ကုန်မှ မြဝတီသို့ ပထမဆုံးတာဝန်ကျစဉ် နယ်ခြားစောင့်တပ်ဖွဲ့ဂိတ်များကို စစ်ဆေးရန် ကြိုးစားခဲ့ဖူးကြောင်း ဦးနိုင်စိုးကပြောသည်။
“ညဘက် ကျွန်တော်ကားနောက်ကြည့်မှန်တွေ အခွဲခံရတယ်။ နောက်ပြီး တရားမဝင်ကုန်သွယ်ရေးဂိတ်တွေကို စစ်ဆေးမှုမလုပ်ဖို့ သတိပေးတဲ့ စာတစ်စောင်လည်း သူတို့ထားခဲ့တယ်။ ဘယ်သူလုပ်မှန်း ကျွန်တော်မသိဘူး။ ဒါပေမဲ့ စစ်ဆေးတာကို မြန်မြန်ဆန်ဆန်ပဲ ရပ်ပစ်လိုက်ရတယ်” ဟု၎င်းကပြောသည်။
၎င်းတို့သည် နယ်ခြားစောင့်တပ်ဖွဲ့ကုန်လှောင်ရုံများကို ငှားရမ်းကာ ယင်းမှတဆင့် နိုင်ငံတဝန်းသို့ ဘီယာတင်ပို့သည်ဟု ဖြန့်ဖြူးသူများက Frontier ကို ပြောသည်။ ဝယ်လိုအားမှာ မွန်၊ ကရင်ပြည်နယ်များနှင့် တနသာရီတိုင်းဒေသကြီးတို့ဖြစ်သည်ဟုဆိုသည်။
ချန်းဘီယာကို ၎င်းတင်သွင်းနေသည်မှာ ငါးနှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး တစ်လလျှင် ကျပ်သန်း ၅၀ ဖိုး ဝယ်ယူတင်သွင်းကာ ဘီယာသေတ္တာ ၄,၀၀၀ ခန့်ရှိသည်ဟု ၎င်း၏အမည်အား ဦးကျော်ဟုသာ သုံးစွဲရန် တောင်းဆိုသော ချန်းဘီယာဖြန့်ဖြူးသူတစ်ဦးကပြောသည်။
မြဝတီတွင် ၎င်းကဲ့သို့ ချန်းဘီယာဖြန့်ချိသူ အနည်းဆုံး ၁၂ ဦးရှိသည်ဟု ဦးကျော်ကဆိုသည်။
“ကျွန်တော် ကုန်တွေကို အများအားဖြင့်တော့ ဘီဂျီအက်ဖ်ဂိတ်-၁ နဲ့ ဂိတ် ၁၂ က ကုန်လှောင်ရုံမှာ ထားပါတယ်။ ဒါပေမဲ့ အကြာကြီးတော့မထားပါဘူး။ တစ်ပတ်လောက်ပေါ့။ ပြီးတော့ မွန်နဲ့ကရင်က ဈေးကွက်တွေကို ကုန်ကားကြီးတွေနဲ့ပို့ပါတယ်”
ယင်းဘီယာများသည် နောက်ပိုင်းတွင် မြဝတီ၏ဘုရင့်နောင်လက္ကားဈေးကွက်ကဲ့သို့နေရာများသို့ ရောက်ရှိပြီး ယင်းနေရာများတွင် မြဝတီမြို့လယ်ရှိ ၎င်း၏အိမ်မှ ဆိုင်သေးလေးဖွင့်ထားသော ဦးအောင်စိုးကဲ့သို့ လက်လီရောင်းချသူများက ဘီယာများလာဝယ်ကြသည်။
ချန်းဘီယာကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နေသည်ကိုမသိရှိခဲ့ဟု ၎င်းကပြောသည်။ ပြည်တွင်းဖြစ်ချန်းဘီယာက မကြာမီအချိန်အတွင်း မြဝတီတွင် ထိုင်းထုတ်ချန်းဘီယာကို အစားထိုးမည်ဆိုသည်ကို သံသယရှိသည်ဟုလည်း ၎င်းကထုတ်ဖော်ပြောကြားသည်။
“စားသုံးသူတွေရဲ့တောင်းဆိုမှုအပေါ်အခြေခံပြီး ချန်းဘီယာကို ဆက်လက်ရောင်းဝယ်သွားမှာပါ” ဟု ၎င်းကပြောသည်။ ထို့အပြင် ၎င်းက “ဒါနဲ့ပတ်သက်ပြီး စဉ်းစားကြည့်ပါ။ တကယ်လို့ ခင်ဗျားသာ စားသုံးသူတစ်ယောက်ဆိုရင် ဘာလိုချင်မလဲ။ အရည်အသွေးကောင်းကောင်းနဲ့ ဈေးနှုန်းမြင့်တာလား။ အကောင်းဆုံးအရည်အသွေးနဲ့ ဈေးနှုန်းအသက်သာဆုံးလား” ဟု ၎င်းကမေးခွန်းထုတ်သည်။
ထိုင်းဘဲ့ဗ်၏မှောင်ခိုဈေးကွက်
မြန်မာအကောက်ခွန်က ဘီယာခိုးသွင်းမှုကို မရပ်တန့်နိုင်သော်လည်း ထိုင်းဘဲ့ဗ်နှင့် ထိုင်းအာဏာပိုင်များကမူ ၎င်းတို့ဆန္ဒရှိလျှင် ဘီယာခိုးထုတ်မှုကို ရပ်တန့်နိုင်ဟန်ရှိသည်။
၎င်းတို့သည် ထိုင်းနိုင်ငံရှိ ချန်းဘီယာစက်ရုံမှ တိုက်ရိုက်မှာယူသော မြဝတီနှင့်မဲဆောက်ရှိ အေးဂျင့်များမှတဆင့် ချန်းဘီယာကို ဝယ်ယူရသည်ဟု မြဝတီရှိ ဖြန့်ချိသူများက Frontier ကိုပြောသည်။ ပြည်ပသို့တင်ပို့ရန် စက်ရုံမှ တိုက်ရိုက်ဝယ်ယူခြင်းမှာ အရေးကြီးဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရ၏အခွန်များနှင့် ထိုင်းနိုင်ငံတွင်ပြုလုပ်သော ဘီယာအပေါ် ပုံမှန်အားဖြင့်စည်းကြပ်သော အခြားအခွန်များကိုရှောင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သောကြောင့်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဘီယာသည် အခွန်အချို့စည်းကြပ်ခံရပြီး လက်လီဈေးနှုန်းအပေါ် အခွန် ၆၀ ရာခိုင်နှုန်း၊ ပမာဏအပေါ်အခြေခံသည့် နောက်ထပ်အခွန်နှင့် အရောင်းခွန် ခုနစ်ရာခိုင်နှုန်းပါဝင်သည်။ ယင်းအခွန်များ စည်းကြပ်ခံရပါက ထိုင်းဘီယာများကို ခိုးသွင်းခြင်းမှာ အရေးမပါတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်၌ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်ဘီယာထက် ဈေး ပိုကြီးသွားပြီဖြစ်သောကြောင့်ဖြစ်သည်။
အခွန်လွတ်ဘီယာများ ပြည်တွင်းဈေးကွက်၌သာ ရောင်းချခြင်းဖြင့် အဆုံးသတ်မသွားစေရန် တင်ပို့မှုလုပ်ငန်းစဉ်ကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသည်။ ဘီယာကို ကန့်သတ်ကုန်တစ်ခုအဖြစ် ထိုင်းအကောက်ခွန်၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဆိုလိုသည်မှာ တင်ပို့သူများသည် အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ပြီးစီးအောင်ဆောင်ရွက်ချိန်တွင် အကောက်ဌာနမှပါမစ်ကို တင်ပြရမည်ဖြစ်သည်။
တရားမဝင်ဂိတ်များမှတဆင့် မြန်မာနိုင်ငံတွင်းသို့ ဘီယာများ ဝင်ရောက်လာသော်လည်း ထိုင်းအကောက်ခွန် လုပ်ထုံးလုပ်နည်းများကိုတော့ ဆောင်ရွက်ခဲ့ဟန်ရှိသည်။ တရားမဝင်ဂိတ်များ၏ မျက်နှာချင်းဆိုင် သောင်ရင်းမြစ်၏ ထိုင်းဘက်ကမ်းခြေတွင် ထိုင်းအကောက်ခွန်ရုံးနှင့် အရာရှိများကို Frontier က တွေ့ရှိခဲ့သည်။ ဘီယာဂိတ်လေးခုစလုံးတွင် ထိုင်းအကောက်ခွန်အရာရှိများရှိနေပြီး ၎င်းတို့က မြစ်ကိုဖြတ်၍ ကုန်များမတင်ပို့မီ ကုန်တင်ကားများကို စစ်ဆေးကြောင်း မြဝတီရှိ ဘီယာဖြန့်ဖြူးသူများကပြောသည်။
အကယ်၍ ထိုင်းဘဲ့ဗ်သည် ၎င်း၏ဘီယာကို မြန်မာနိုင်ငံတွင်း တင်သွင်းသောအေးဂျင့်များကို ရောင်းချရန် ငြင်းပယ်ခဲ့လျှင်၊ သို့မဟုတ် ထိုင်းအကောက်ခွန်ဌာနများက တင်ပို့မှုများကို တရားဝင်ပြုလုပ်ရန် ငြင်းဆန်ခဲ့လျှင် ချန်းနှင့်အခြားထိုင်းဘီယာများ တရားမဝင်ခိုးသွင်းခြင်းမှာ ချက်ချင်းပျောက်ကွယ်သွားနိုင်သည်။
ထိုင်းဘဲ့ဗ်နှင့် ထိုင်းအကောက်ဌာနများအားလုံးက သုံးသပ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ အမ်မရယ်ဘရူဝါရီက ထိုင်းလုပ်ချန်းဘီယာများ မြန်မာနိုင်ငံတွင်းတင်ပို့မှုများ ရပ်တန့်ရန် ထိုင်းဘဲ့ဗ်ကို တောင်းဆိုမှုရှိခဲ့သလား ဆိုသည်နှင့်ပတ်သက်၍ သုံးသပ်ချက်မပေးခဲ့ပါ။ သို့သော်လည်း တင်ပို့မှုများရပ်တန့်ခြင်းက ထိုင်းဘဲ့ဗ်၏ စီးပွားရေးအတွက် မကောင်းနိုင်ပေ။ ထိုင်းဘဲ့ဗ်က စည်းမျဉ်းများကိုလိုက်နာပြီး ဆင်းဂါးနှင့် လီယိုတို့က မြန်မာနိုင်ငံတွင်းသို့ ဆက်လက်ခိုးဝင်နေလျှင် စားသုံးသူများက ပြည်တွင်းဖြစ်ချန်းကိုမဝယ်တော့ဘဲ အခြားတံဆိပ်များကို ပြောင်းသွားနိုင်သည်။
ယခုအချိန်ထိ တရားမဝင်ဘီယာများက ဆက်လက်စီးဝင်နေဆဲဖြစ်သည်။ နယ်ခြားစောင့်တပ်ဖွဲ့ဂိတ်များမှတဆင့် ဘီယာတင်သွင်းသော အေးဂျင့်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ အာဏာပိုင်များတွင်မရှိဟု မြန်မာအကောက်ဌာနမှ ဦးနိုင်စိုးကပြောသည်။
“ချန်းဘီယာအေးဂျင့်ကဘယ်သူ၊ ဆင်းဂါးနဲ့ လီယိုအေးဂျင့်ကဘယ်သူဆိုတာ ကျွန်တော်တို့ သိတောင်မသိပါဘူး” ဟု ၎င်းကပြောသည်။ သူတို့(အေးဂျင့်) တွေက ဘီယာကို တရားမဝင်တင်သွင်းဖို့ နယ်ခြားစောင့်တပ်ဖွဲ့ဂိတ်ကို ထိန်းချုပ်ထားတဲ့သူတွေနဲ့ သဘောတူညီမှုယူထားတယ်။ ဘီဂျီအက်ဖ်နဲ့ သဘောတူညီမှုရှိမထားရင် ဘီယာကို နယ်စပ်ကျော်ပြီး ယူလာလို့မရဘူး” ဟုလည်း၎င်းကပြောသည်။
ချန်းဘီယာကို မစီစီသင်းအမည်ရှိ အေးဂျင့်တစ်ဦးထံမှ ၎င်းကမှာယူခဲ့ပြီး သူ့ထံမှဝယ်ယူနေသည်မှာ ငါးနှစ်ကြာမြင့်သည့်တိုင် ကိုဟိန်းဆိုသူ မန်နေဂျာနှင့်သာ ဆက်ဆံနေရသည်ဟု မြဝတီအခြေစိုက် ဖြန့်ဖြူးသူ ဦးကျော်ကပြောသည်။ ကိုဆန်နီအမည်ရှိ ထိုင်းအခြေစိုက် အမျိုးသားတစ်ဦးမှာ ဘီယာမှာယူရေးအတွက် မစီစီသင်း၏ ကိုယ်စားလှယ်ဖြစ်သည်ဟု ၎င်းကပြောသည်။ ကိုဆန်နီနှင့် မစီစီသင်းတို့ကို ဖေ့စ်ဘွတ်တွင် Frontier က သိရှိခဲ့ပြီး သုံးသပ်ချက်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း မည်သူကမျှ မတုံ့ပြန်ခဲ့ပေ။
အေးဂျင့်များသည် ထိုင်းဘဲ့ဗ်၊ နယ်ခြားစောင့်တပ်ဖွဲ့တို့နှင့် ၎င်းတို့၏ဆက်ဆံရေးကို အသည်းအသန် ကာကွယ်ကြသည်ဟု ဦးကျော်ကပြောသည်။
“ကျွန်တော် ကိုဆန်နီနဲ့ဆက်သွယ်ပြီး မစီစီသင်းလိုပဲ ချန်းဘီယာကို တိုက်ရိုက်တင်သွင်းဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ သူတို့က မြန်မာမှာရှိတဲ့ ချန်းဈေးကွက်ကို ကာကွယ်ဖို့ လုပ်ငန်းပါတနာတွေအဖြစ် ညိနှိုင်းထားကြတယ်” ဟု ၎င်းကပြောသည်။
ဘီယာတစ်မျိုး ဈေးနှစ်မျိုး
မြဝတီ ဘုရင့်နောင်ဈေးရှိ လက္ကားရောင်းဝယ်သူများတင်သွင်းသည့် အေးဂျင့်များထံမှ ချန်းဘီယာဘူး ၂၄ ဘူးပါ တစ်သေတ္တာကို ကျပ် ၁၃,၈၀၀ မှ ၁၄,၀၀၀ ဖြင့်ဝယ်ယူပြီး ကျပ် ၁၅,၅၀၀ မှ ၁၅,၈၀၀ အထိဈေးဖြင့် ပြန်လည်ရောင်းချကြသည်။ တနည်းအားဖြင့် တစ်ဘူး ၆၅၀ ကျပ်ဖြင့် ရောင်းသည်။ လက်လီဆိုင်များနှင့် စားသောက်ဆိုင်များက နောက်ထပ်ဈေးတင်ရောင်းသည်။
“လက္ကားဈေးနှုန်းက ကာစတန်မာတွေရဲ့ ဝယ်လိုအားအပေါ်မူတည်တယ်။ တကယ်လို့ ဝယ်လိုအားမြင့်မားတယ်။ သာဓကအနေနဲ့ သင်္ကြန်လို ပွဲတော်တစ်ခုနီးပြီဆိုရင် ဈေးကတက်တယ်” ဟု ဦးအောင်စိုးကပြောသည်။ လက်လီအေးဂျင့်က ချန်းစက်ရုံကနေ ဘီယာတစ်သေတ္တာကို ကျပ် ၁၂,၅၀၀ လောက်နဲ့ရနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု၎င်းကပြောသည်။
အချုပ်အားဖြင့် နယ်စပ်ဒေသက 7-Eleven ကွန်ဗင်းနီးယင့်စတိုးဆိုင်တစ်ခုတွင် ယင်းဘီယာမျိုးကိုပင် ၃၈ ဘတ် (၁၈၆၀ ကျပ်) ကျသည်။ လက္ကားဈေးနှုန်းများမှာ အနည်းငယ်ဈေးသက်သာသည်။ ၂၄ ဘူးပါ ချန်းဘီယာ တစ်သေတ္တာကို ၈၈၀ ဘတ် (၄၃,၁၄၅ ကျပ်- တစ်ဘူးလျင် ၁၇၉၇ ကျပ်) ပေးဝယ်ရသည်ဟု မဲဆောက်က စားသောက်ဆိုင်ပိုင်ရှင် မနန်းနွယ်နွယ်အေးကပြောသည်။
“ဒီမှာ ယမကာခွန်က အရမ်းမြင့်လွန်းတော့ ဈေးနှုန်းက မြန်မာပြည်မှာပေးရတာထက် သုံးဆနီးပါးရှိတယ်” ဟု သူကပြောသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။