Yangon Water Bus ကို ဗိုလ်တထောင်မှ အင်းစိန်အထိ စတင်ပြေးဆွဲတော့မည်

ရန်ကုန်၊ အောက်တိုဘာ ၆

ရန်ကုန်မြစ်ကြောင်းအသုံးပြုကာ ခရီးသည်ပို့ဆောင်ပေးမည့် Yangon Water Bus ၏ ပထမဆုံးအဆင့် ခရီးစဉ်ဖြစ်သည့် ဗိုလ်တထောင်ကမ်းနားမှ အင်းစိန် အောင်ဇေယျတံတားဆိပ်ကမ်းအထိကို ကျပ် ၃၀၀ ဖြင့် စတင်ပြေးဆွဲတော့မည်ဖြစ်သည်။

“Yangon Water Bus က ယာဉ်ကြောကျပ်တည်းမှု ပြဿနာအချို့ကို ဖြေလျော့ပေးနိုင်မယ့် တစ်ခုလည်းဖြစ်သလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှုနဲ့ အစိုးရသစ်ရဲ့ ရန်ကုန်သယ်ယူပို့ဆောင်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းထဲက အရာတစ်ခုလည်း ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

Yangon Water Bus ကို စက်တင်ဘာ ၇ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကျင်းပခဲ့ရာ ဦးဖြိုးမင်းသိန်းအပါအဝင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်ဇင်မောင်နှင့် ပြေးဆွဲမည့် တင့်တင့်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဗိုလ်တထောင်ဆိပ်ကမ်းနှင့် အင်းစိန်အကြားပြေးဆွဲမည့် ခရီးလမ်းကြောင်းတွင် စုစုပေါင်း ဆိပ်ကမ်းခုနစ်ခု၌ ရပ်နားမည် ဖြစ်သည်။

အဆိုပါဆိပ်ကမ်းများမှာ ဗိုလ်တထောင်မှ နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းလှိုင်နှင့် အင်းစိန်တို့ဖြစ်သည်။ လမ်းကြောင်းအရ ဆိပ်ကမ်းတိုင်းတွင် ရပ်နားမည့်ခရီးစဉ်နှင့် ဗိုလ်တထောင်မှ အင်းစိန်သို့ တိုက်ရိုက်မောင်းနှင်ကာ လမ်းခုလတ်ဆိပ်ကမ်းများတွင် မရပ်နားမည့်ခရီးစဉ်ဟု နှစ်ခုခွဲခြားကာ ပြေးဆွဲပေးရန် ပြင်ဆင်ထားသည်။

ဗိုလ်တထောင်မှ အင်းစိန်သို့ တိုက်ရိုက်ခရီးစဉ်သည် ၄၅ မိနစ်ခန့်ကြာမြင့်နိုင်ပြီး၊ ဆိပ်ကမ်းတိုင်းတွင်ရပ်နားသည့် ခရီးစဉ်သည် တစ်နာရီကျော်ကြာမြင့်မည်ဟု Yangon Water Bus ပြေးဆွဲသည့် ကုမ္ပဏီက သတ်မှတ်ဖော်ပြထားသည်။

ဒုတိယအဆင့် ခရီးစဉ်များအဖြစ် ညောင်တန်းမှ မြောက်ဒဂုံနှင့် တတိယအဆင့် ခရီးစဉ်အဖြစ် ဗိုလ်တထောင်မှ စတားစီးတီး တို့ကိုလည်း ထပ်မံ တိုးချဲ့ပြေးဆွဲသွားမည်ဟု တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

ထိုခရီးစဉ်များအတွက် ရေယာဉ်စီးခနှုန်းထားကို ၂၀၀ ကျပ်သတ်မှတ်ထားပြီး အင်းစိန်မှ စတားစီးတီးနှင့် မြောက်ဒဂုံသို့ တိုက်ရိုက်စီးနင်းပါက ၅၀၀ ကျပ်သတ်မှတ်ထားသည်။

tzhygn_water_bus54.jpg

Yangon Water Bus ပြေးဆွဲမည့် ရေယာဉ်တစ်စီးကို အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြစ်တွင်း တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

Yangon Water Bus စီးနင်းသူမျာအနေဖြင့် ငွေပေးချေမှုကို Any Pay ကဒ်စနစ်သုံးကာ ပေးချေရမည်ဖြစ်သည်။ ယင်းငွေပေးချေရေးစနစ် အသုံးပြုနိုင်ရန်အတွက်လည်း Yangon Water Bus ဆိပ်ကမ်းတိုင်းတွင် ကဒ်မှတ်ပုံတင်ခြင်း စနစ်များကို ထားရှိပေးထားသည်။ ကဒ်အသုံးပြုခအဖြစ် ပေးဆောင်ရန်မလိုပဲ ကျပ် ၅၀၀ မှစတင်ကာ ထည့်သွင်း အသုံးပြုနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြုလုပ်နေသည့် သယ်ယူပို့ဆောင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွင်ပါဝင်သည့် Yangon Water Bus စနစ်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကုန်ပိုင်းတွင် တင်ဒါခေါ်ယူကာ အကောင်အထည်ဖော်ဆောင်နိုင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

တင်ဒါခေါ်ယူရာတွင် တင့်တင့်မြန်မာနှင့် တရုတ်နိုင်ငံမှ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတို့ ယှဉ်ပြိုင်ခဲ့ရာ ပြည်တွင်းမှ တင့်တင့်မြန်မာက တင်ဒါအနိုင်ရရှိပြီး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မတ်လတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တင့်တင့်မြန်မာတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

တင့်တင့်မြန်မာကုမ္ပဏီသည် ဧရာဝတီမြစ်အတွင်း ပုဂံနှင့် မန္တလေးပြေးဆွဲနေသည့် Irrawaddy Princess အပျော်စီးသင်္ဘောအပါအဝင် အပျော်စီးသင်္ဘောများပြေးဆွဲခြင်းနှင့် အပန်းဖြေဟိုတယ်များ ဖွင့်လှစ်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

သတင်း-ဟိန်းကိုစိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.