YBS စနစ် မအောင်မြင်ကြောင်း ပြောဆိုရန် စောလွန်းသေးဟု ရန်ကုန်အစိုးရအဖွဲ့ တုံ့ပြန်

ရန်ကုန်၊ ဧပြီ ၂၇

YBS (Yangon Bus Service) စနစ် မအောင်မြင်ကြောင်း ပြောဆိုရန် စောလွန်းသေးသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ယနေ့ ပြောကြားလိုက်သည်။

“YBS က မအောင်မြင်ဘူး။ ကျရှှုံးတယ်ဆိုတဲ့ စကားကိုတော့ ကျွန်မတို့ လက်မခံပါဘူး။ ကျွန်မတို့က တစ်နှစ်တာ စီမံကိန်းနဲ့ ဆောင်ရွက်နေတာ ခုမှ သုံးလပဲ ရှိပါသေးတယ်။ အဲဒီလို ဆောင်ရွက်ဆဲကာလတစ်ခုမှာ ဒီလိုမျိုး ဆုံးဖြတ်ချက်စောတဲ့ စကားလုံးမျိုးကို မသုံးစွဲစေချင်ပါဘူး”ဟု လွှတ်တော်အမတ်များ၏ ဝေဖန်မှုကို ဒေါ်နီလာကျော်က ပြန်လည်တုံ့ပြန် ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမို ကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်း ဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဧပြီ ၆ ရက်နေ့၌ တင်သွင်းခဲ့ပြီးနောက် လွှတ်တော် ကိုယ်စား ၂၆ ဦးက ဧပြီ ၂၄ ရက်နေ့တွင် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်နီလာကျော်က ယနေ့ ပြန်လည် ဖြေကြားဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆွေးနွေးခဲ့ပြီးနောက် ဒေါ်နီလာကျော်က ဦးဝေဖြိုးဟန်တင်သွင်းခဲ့သည့် တိုက်တွန်းကြောင်းအဆိုအား လက်ခံသဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အဆိုကို အတည်ပြုခဲ့သည်။

ဒေါ်နီလာကျော်က ပြန်လည်ဖြေကြား ဆွေးနွေးမှုများတွင် ၎င်းတို့အနေဖြင့် လက်ရှိယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်သော ယာဉ်လိုင်းများကို အရေးယူမှုမှာ စုစုပေါင်း ပြစ်မှု ၆,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ယာဉ်လိုင်း အတိုးအလျှော့လုပ်ရသည်မှာ ပြည်သူများ၏ တောင်းဆိုချက်ကြောင့်ပင်ဖြစ်ကြောင်း၊ YBS စနစ်၏ ဝန်ဆောင်မှု၊ အုပ်ချုပ်မှု၊ တာဝန်ယူမှုအဆင့်ဆင့်ကို ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စည်းကမ်းပျက် ယာဉ်လိုင်းများကို ဖြုတ်ကာ ယာဉ်လိုင်းအစားထိုးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းတို့ ပါဝင်သည်။

“ယခုထက် ပိုမို ကောင်းမွန်လာစေရေးသာမက ပြီးပြည့်စုံအောင် ကောင်းမွန်ရေးကို ရှေးရှုဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီး၏ ဖြေကြားချက်များတွင် စနစ်၏ အားနည်းချက်များအား ထည့်သွင်းပြောဆိုသွားခြင်းမရှိဟု အဆိုရှင် ဦးဝေဖြိုးဟန်က Frontier ကို ပြောကြားသည်။

“လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်အားနည်းချက်ကို ပြောဖို့ တော်တော်တော့ တွန့်မှာပေါ့ဗျာ။ အားနည်းချက်ရှိတယ်ဆိုတာတော့ အကုန်လုံးသိတာပဲ။ ဝန်ကြီးအနေနဲ့က အားနည်းချက်တွေ မပြောသွားဘူး ဆိုပေမယ့် ကျွန်တော်တို့အားလုံးကတော့ ဒီအားနည်းချက်တွေအကုန်လုံး သူတို့ ပြန်ပြင်လာပေးဖို့ တိုက်တွန်းထားတယ်။ စောင့်ကြည့်နေမယ်။ အားနည်းချက်တွေ ဆက်ရှိနေသေးဆိုရင် ဆက်ပြောနေရအုံးမှာပဲ” ဟု ၎င်းကပြောကြားသည်။

ရန်ကုန်မြို့တော်အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် YBS စနစ်နှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးသည့် လွှတ်တော်အစည်းအဝေးနှင့် အဆိုကို အတည်ပြုသည့် အစည်းအဝေးတို့သို့ YBS စီမံကိန်းအား ဦးဆောင်အကောင်အထည်ဖော်ခဲ့သူဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းနှင့် စီမံကိန်းအား တိုက်ရိုက်ကိုင်တွယ်သူ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး တက်ရောက်ခဲ့ခြင်းမရှိပဲ ခွင့်တိုင်ကာ ပျက်ကွက်ခဲ့သည်ကို တွေ့ရသည်။

အစိုးရအဖွဲ့ကို တာဝန်ယူမှု တစ်နှစ်ပြည့်မြောက်မှုအတွက် ၎င်း၏ Facebook စာမျက်နှာမှာ မတ် ၁ ရက်နေ့က လွှင့်တင်ခဲ့သည့် ဗီဒီယိုသတင်းစကားတွင် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြစ်သည့် YBS (Yangon Bus Service) ကို သုံးရက်အတွင်း အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်ဟု ပြောကြားခဲ့ဖူးသည်။

“မထသအဖြစ် ပြေးစွဲလာခဲ့တဲ့ အနှစ် ၅၀ ကျော် ဆောင်ရွက်ခဲ့မှုတစ်ရပ်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အပြောင်းအလဲက စနစ်အပြောင်းအလဲ ဖြစ်ပါတယ်။ YBS စနစ်ကို စတင်ခဲ့ပါတယ်။ ပြည်သူ ပူးပေါင်း ပါဝင်မှုကြောင့် စနစ်တရပ်လုံးဟာ သုံးရက်တာကာလအတွင်း စနစ်တကျ ပြောင်းလဲနိုင်ခဲ့တယ်” ဟု ၎င်း၏ ငါးမိနစ်ကြာ သတင်းစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ ဗီဒီယိုကို လွှင့်တင်ပြီး နာရီပိုင်းအတွင်းမှာပင် ၎င်း၏ Facebook ပေါ်မှ ဖယ်ရှား လိုက်သည်ကိုလည်း တွေ့ရသည်။

အဆိုပါ စနစ်ကို ဇန်နဝါရီ ၁၆ ရက်နေ့က စတင် ပြောင်းလဲခဲ့ြခင်းဖြစ်သည်။ စနစ်တကျ ပြောင်းလဲနိုင်ခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ အဆင်မပြေမှုများ ပေါ်ပေါက်နေဆဲဖြစ်ကာ ယာဉ်စီးခပိုမိုကောက်ခံခြင်း၊ ပြိုင်မောင်းခြင်းနှင့် ခရီးသည်များအပေါ် ကိုယ်ထိလက်ရောက် စော်ကားခြင်းများကဲ့သို့ ယာဉ်လုပ်သားများ၏ စည်းကမ်းချိုးဖောက်မှုများကိုလည်း နိုင်နိုင်နင်းနင်း မထိန်းချုပ်နိုင်သေးသည်ကို တွေ့ရသည်။

ယခင် မထသမှ YBS စနစ်သို့ ပြောင်းလဲလိုက်ခြင်းမှာ အပေါ်ယံ အဝတ်အထည်သာ ပြောင်းလဲခြင်းဖြစ်ပြီး ယခုအခါ YBS ကနေ မထသ ပြန်ဖြစ်လာနေသည်ဟု ဦးဝေဖြိုးဟန်က ဧပြီ ၅ ရက်နေ့က အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။

“မထသမှ YBS သို့ ပြောင်းလဲခြင်းသည် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များက မထသအင်္ကျီချွတ်ပြီး YBS အင်္ကျီပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း-ထူးထက်နိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.