VOICES FOR WILDLIFE အခမဲ့ ဂီတပွဲတော် ကျင်းပမည်

တောဆင်ရိုင်းများ ကာကွယ်ရေးအတွက် ငါးလကြာ လူထုလှုပ်ရှားမှု၏ နောက်ဆုံးအစီအစဉ်အဖြစ် မည်သူမဆို တက်ရောက်နိုင်သည့် VOICES FOR WILDLIFE အခမဲ့ ဂီတပွဲတော်ကို ရန်ကုန်မြို့တွင် ဧပြီ ၇ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်သည်။

မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးနှင့် ပူးပေါင်း၍ မဟာဗန္ဓုလပန်းခြံတွင် ညနေ ၅ နာရီမှ ည ၉ နာရီခွဲအထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ဂီတပွဲတော်တွင် ဘန်နီဖြိုး၊ ခြူးစစ်ဟန်၊ ကျော်သီဟ၊ အိုင်ရင်းဇင်မာမြင့်၊ ပန်းရောင်ခြယ်၊ ဝိုင်းလေး၊ ဇွဲပြည့်နှင့် အခြားသော အနုပညာရှင်များက ၎င်းတို့ တတ်ကျွမ်းသော အနုပညာကို အသုံးပြုပြီး လူထု အသိပညာပေးမှုကို အားဖြည့် ကူညီမည်ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားနေမှုကို ရပ်တန့်ရေးအတွက် ယခုပင်ကြိုးပမ်းကြရန် တိုင်းနှင့် ပြည်နယ်အစိုးရအဆင့်အထိ တိုက်တွန်းရန်လည်း အဆိုပါဂီတပွဲတော်က အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။

“ဒီဂီတပွဲတော်ကနေ မြန်မာနိုင်ငံသာမက နိုင်ငံအများအပြားမှာပါ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားနေကြတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကို မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး HE Mr. Peter Lysholt Hansen က ပြောကြားသည်။

“တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်း တရားမဝင်ကုန်သွယ်မှုတွေ ပပျောက်အောင် လုပ်ဆောင်ဖို့ဆိုတာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒီလိုတောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ဒီနိုင်ငံက တောရိုင်းတိရစ္ဆာန်တွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာပါပဲ။ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် မြန်မာအစိုးရက ကြိုးပမ်းနေတာနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရကို ကျွန်တော်ဂုဏ်ပြုချင်ပါတယ်။ ပြီးတော့ ဒီလိုတောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ တရားမဝင်ကုန်ကူးနေတာတွေကို အပြီးသတ်နှိမ်နင်းနိုင်အောင် ခိုင်မာတဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းပေးဖို့ကိုလည်း တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့ရိုးရာတေးဂီတနှင့် အနောက်တိုင်းတေးဂီတတို့ကိုရောစပ်၍ သီချင်းများဖန်တီးရာ၌ လူသိများသော လင်းထက်က ဂီတပွဲ၏ တေးဂီတဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ပွဲတော်ကျင်းပမှုအား လူမှုမီဒီယာမိတ်ဖက်ပါတနာများက Live ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး အခြားလုပ်ငန်း နယ်ပယ်များမှ လူသိများထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များမှလည်း မိုမိုတို့အတွက် ရင်တွင်းစကားသံ(VOICES FOR MOMOS) ကို ပါဝင်အားဖြည့်ရန်အတွက် တက်ရောက်ကြမည် ဖြစ်သည်။ “ဒီလူထုလှုပ်ရှားမှုကြီးကို မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့အတွက် ကဏ္ဍအသီးသီး၊ အလွှာအသီးသီးကနေ ထောက်ခံအားပေးနေတဲ့ ရင်တွင်းစကားသံတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ VOICES FOR MOMOS ကို ကူညီပံ့ပိုးပေးခဲ့ကြတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအားလုံးရော၊ သူတို့ရဲ့အချိန်တွေပေးပြီး သူတို့တတ်ကျွမ်းတဲ့အနုပညာတွေနဲ့ စေတနာ့ဝန်ထမ်း လာရောက် ဖြေဖျော်ပေးကြတဲ့ အနုပညာရှင်အားလုံးကိုရော အထူးပဲကျေးဇူးတင်မိပါတယ်” ဟု WWF-Myanmar ၏ ဌာနေညွှန်ကြားရေးမှူး Christy Williams က ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.