ပြင်းအား၇ဒသမ၇ရစ်ချ်တာစကေးလ်ရှိ ငလျင်လှုပ်ခတ်မှုအပြီး လေးရက်အကြာ မန္တလေးမြို့အတွင်း ပျက်စီးနေသော အဆောက်အဦတစ်ခုအနီး ဖြတ်သန်းသွားလာနေသော သံဃာတော်တစ်ပါးကို ဧပြီ၁ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

“ချိန်ကိုက်ဗုံး”လိုဖြစ်နေတဲ့ ငလျင်အလွန်ပြန်လည်တည်ဆောက်ရေး

အင်အားပြင်းငလျင်လှုပ်ပြီး လေးလခန့်ကြာလာသည်အထိ ကြိုးနီစနစ် အကျိုးဆက်အဖြစ် ပြင်ဆင်ဖြိုဖျက်ရန် လိုအပ်သော နေအိမ်များစွာ ရှိနေဆဲ ဖြစ်သည်။ အရည်အသွေးမြင့် ကုန်ကြမ်းပြတ်လပ်မှုနှင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုတို့အပြင်  အကျင့်ပျက်ခြစားမှုများကလည်း ငလျင်ဒဏ်ခံခဲ့ရသော မြို့များ၊ အိမ်များကို ပြန်လည်တည်ဆောက်ရေးကို ပိုမိုကြန့်ကြာစေသော အကြောင်းအရင်းခံများ ဖြစ်သည်။​

ဖရွန်တီးယား

မတ်၂၈ရက် ပြင်းအား ရစ်ချ်တာစကေး ၇ဒသမ၇ ရှိ ငလျင်လှုပ်ခတ်စဥ်က ကိုနိုင်လွင်သည် အိမ်နီးချင်းများထက် ပို၍ကံကောင်းခဲ့သည်။ တစ်မြို့လုံး အပျက်အစီးများစွာရှိသည့်တိုင် မန္တလေးမြို့လယ်ခေါင် အောင်မြေသာဇံမြို့နယ်ရှိ ၎င်း၏ သုံးထပ်တိုက်အိမ်မှာ မပြိုမလဲဘဲ ကျန်ရစ်နေခဲ့သည်။

သို့သော် အိမ်တိုင်များ၊ လှေကားများနှင့် နံရံများတွင် အက်ကြောင်းကြီးများ ပေါ်လာသည်။ စေတနာ့ဝန်ထမ်း အင်ဂျင်နီယာတစ်ဖွဲ့က ဧပြီ တတိယပတ်တွင် လာရောက်စစ်ဆေးခဲ့ပြီး အကြီးစားပြင်ဆင်မှုလုပ်ပြီးမှ ပြန်လည်နေထိုင်ရန် အကြံပြုခဲ့သည်။ ကိုနိုင်လွင်က နေအိမ်ကို ပြုပြင်ရန် စီစဉ်နေစဉ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက စည်းမျဉ်းအချို့ ထုတ်ပြန်ခဲ့သည်။

“အိမ်ပြင်ဖို့အတွက် ကန်ထရိုက် ငှားပြီးလို့ စရန်တောင်ချပြီးပြီ။ အဲဒီအချိန်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဘယ်လိုပြင်ဆင်မှုမဆို မလုပ်ခင် သူတို့ရဲ့ ခွင့်ပြုချက် လိုတယ်ဆိုပြီး ကြေညာချက်ထွက်လာတယ်”ဟု အသက်၄၃နှစ်အရွယ် ကိုနိုင်လွင်(အမည်လွှဲ)က ပြောသည်။

မေ၁၀ရက်က ထုတ်ပြန်ခဲ့သည့် မန်းစည်ပင် ကြေညာချက်ကို သူက ရည်ညွှန်းခြင်းဖြစ်သည်။ အကြီးစားပြင်ဆင်မှု ပြုလုပ်လိုသည့် အိမ်ပိုင်ရှင်များသည် အဆောက်အအုံနှင့် ကုန်ရုံဌာန၏ ခွင့်ပြုချက် ဦးစွာလျှောက်ထားရမည်ဟု ကြေညာချက်က ဆိုသည်။ လျှောက်ထားရာတွင် အပျက်အစီး ဓာတ်ပုံများ၊ ပြင်ဆင်မည့်နည်းလမ်း အသေးစိတ်နှင့် လိုင်စင်ရဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦး၏ ထောက်ခံချက်တို့ ပါဝင်ရန်လိုအပ်သည်။

“ကျနော်ငှားထားတဲ့ ကန်ထရိုက်တာက ဒီအတွက်တာဝန်ယူပြီး လျှောက်လွှာတင်ပေးခဲ့ပေမဲ့ တစ်လကျော်ကြာလာတဲ့အထိ ဘာခွင့်ပြုချက်မှ ကျမလာဘူး။ သူတို့ကို လာဘ်မထိုးလို့ ထင်ပါတယ်။ အဲဒါနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကန်ထရိုက်တာကို စည်ပင်ကို လာဘ်ထိုးဖို့နဲ့ အဲဒီအတွက် ကျနော်ပေးပါ့မယ်လို့ ပြောလိုက်တော့ သူကြည့်လုပ်လိုက်မယ် လို့ပြောတယ်”ဟု ကိုနိုင်လွင်က ဇွန်၂၅ရက်တွင် ဖရွန်တီးယားကို ပြောသည်။

ထိုသို့စောင့်ဆိုင်းနေစဉ် ကိုနိုင်လွင်နှင့် သူ့မိသားစုသည် မြို့ထဲတွင် အိမ်ငှား၍ နေထိုင်သည်။ အခြားမြို့ခံလူထု အများအပြားက ယာယီတဲများတွင် နေထိုင်ရချိန်၌ ၎င်းက အိမ်ငှားရန် တတ်နိုင်သေးသော်လည်း အိမ်ပြင်ရန် စုဆောင်းထားသည့် ငွေများကို တစ်တိတစ်တိ ထုတ်သုံးနေရသည်။ ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့လည်း လစဉ် ဧည့်စာရင်းတိုင်ရသဖြင့် ခေါင်းကိုက်ရသည်။

“အိမ်ကို မြန်နိုင်သမျှ မြန်မြန်ပြင်ပြီး ပြန်ပြောင်းနေချင်တာပဲ”ဟု ၎င်းကပြောသည်။

ငလျင်ကြောင့် လူနေအိမ်ပေါင်း ၆၀,၀၀၀ကျော်၊ စာသင်ကျောင်းပေါင်း ၇,၀၀၀ ကျော်နှင့် ဆေးရုံ၊ ဆေးခန်းပေါင်း ၅၇၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး အများစုက မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းမြို့များတွင် ဖြစ်ပွားခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။ ထို့ပြင် ကိုနိုင်လွင့်အိမ်ကဲ့သို့ နေအိမ်သောင်းနှင့်ချီ၍ လူနေထိုင်ရန် မသင့်လျော်တော့သည်အထိ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး အကြီးစားပြင်ဆင်မှုများ လိုအပ်လျက်ရှိသည်။

မန်းစည်ပင်၏ တင်းကျပ်သောစည်းမျဉ်းများကြောင့် ပျက်စီးအဆောက်အဦများကို အကြီးစားပြင်ဆင်ရန် ကြန့်ကြာနေသည်။ ပို၍ကြီးမားသော ပြဿနာတစ်ခုက ပြိုကျလု အဆောက်အဦများကို ဖြိုချ၊ ဖျက်ဆီးနိုင်ခြင်း မရှိသေးသဖြင့် အနီးဝန်းကျင်ရှိ နေထိုင်သူများအတွက် နေ့စဉ်နှင့်အမျှ အန္တရာယ်ဖြစ်နေသည်။

“မြို့အနှံ့မှာ ဖြိုချရမယ့် အန္တရာယ်ရှိ အဆောက်အအုံတွေ အများကြီးကျန်နေသေးတယ်။ တချို့ဆို လမ်းပေါ်ကိုတောင် ယိုင်ကျနေတာ”ဟု အမရပူရမြို့နယ်တွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီအန္တရာယ်ရှိအဆောက်အအုံတွေကို သစ်သားတိုင်တွေနဲ့ ကျားကန်ထားကြတယ်။ ဖျက်ဖို့အတွက် စည်ပင်ကပဲ ခွင့်ပြုမိန့်မချပေးလို့လား ဒါမှမဟုတ် အလုပ်သမားမရှိလို့လား မသိပေမဲ့ ပိုင်ရှင်တွေက မတတ်နိုင်ဘူးဆိုရင်တောင် အာဏာပိုင်တွေက လူထုရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဖြိုချပေးသင့်တာပေါ့”ဟု ၎င်းက ပြောသည်။

ငလျင်ကြောင့် ပြိုကျသွားသည့် မန္တလေးမြို့အတွင်းရှိ အဆောက်အဦတစ်ခုအနီး ရပ်ထားသော ကားတစ်စီးကို ဧပြီ၂ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

အကျင့်ပျက်ခြစားမှုများ

လုပ်သက်နှစ်၂၀ကျော်ရှိ မန္တလေးအခြေစိုက် မြို့ပြအင်ဂျင်နီယာ ကိုသားညီ(အမည်လွှဲ)ကမူ အဆောက်အဦများ
ပြင်ဆင်ရာတွင် အခြေခံစံနှုန်းများအား လိုက်နာမှုရှိ၊ မရှိနှင့် တည်ဆောက်ဖွဲ့စည်းပုံ ခိုင်မာမှုရှိစေရန် ကြီးကြပ်ရာတွင် မန်းမြို့တော်စည်ပင်က ထုတ်ပြန်ထားသော စည်းမျဉ်းများက လိုအပ်သည်ဟု ဆိုသည်။

“လိုင်စင်ရအင်ဂျင်နီယာရဲ့ ရှင်းလင်းချက်တင်ဖို့ လိုအပ်တယ်ဆိုတာက နောက်ကို ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ပြိုကျခဲ့ရင် သူက တာဝန်ခံရမယ်လို့ ဆိုလိုတာပါ။ တာဝန်ရှိသူတွေ အနေနဲ့ကလည်း ခွင့်ပြုချက်မချပေးခင် လျှောက်လွှာနဲ့ အဆောက်အအုံကို လေ့လာစစ်ဆေးဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

သို့သော် အုပ်ချုပ်ရေးစနစ်အတွင်း အကျင့်ပျက်ခြစားမှုများကလည်း ထိုစည်းမျဥ်းစည်းကမ်းများကို ပြက်ရယ်ပြုနေသည်။ အထူးသဖြင့် လျှောက်လွှာတစ်ပုံတစ်ပင်ရှိနေသည့် ယခုကာလမျိုးတွင် လာဘ်ထိုးပါက လုပ်ထုံး၊ လုပ်နည်းများကို လိုက်နာရန် မလိုအပ်တော့ဘဲ ဌာနဆိုင်ရာက ခွင့်ပြုမိန့်များ ရရှိနိုင်သည်ဟု ကိုသားညီက ဆိုသည်။

“တော်တော်များများက လာဘ်ပေးပြီး ဖြတ်လမ်းက လုပ်နေတာပဲ”ဟု ကိုသားညီက ပြောသည်။

“ဥပမာ အိမ်ပိုင်ရှင်က လိုင်စင်ရအင်ဂျင်နီယာတစ်ယောက်ရဲ့ လက်မှတ်ကို ငွေပေးပြီး ဝယ်လိုက်တယ်။ ဒီလက်မှတ်နဲ့ စည်ပင်ကိုတင်ပြပြီး စည်ပင်ကိုလည်း ခွင့်ပြုမိန့်ချပေးဖို့ ငွေထပ်ပေးတယ်။ ခွင့်ပြုမိန့်ကျလာတဲ့အခါမှာ အိမ်ပိုင်ရှင်က တကယ်အရည်အချင်းပြည့်မီတဲ့ အင်ဂျင်နီယာတွေအစား လက်သမားအဖွဲ့တွေငှားပြီး အိမ်ပြန်ဆောက်တယ်။ ဒီလိုလုပ်တာ အတော်အန္တရာယ်များတယ်”ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ပါမောက္ခဦးမျိုးသန့် အပါအဝင်  မြေငလျင်ကျွမ်းကျင်ပညာရှင်များကမူ ထိုအကျင့်ပျက်ခြစားမှုများနောက်မှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက် စိတ်ပူပင်သောက ရောက်နေကြသည်။  

“ငလျင်က လူကိုသေစေတာမဟုတ်ဘူး။ အဆောက်အဦတွေကသာ လူကိုသေစေတာ”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။

ပြင်ဆင်မှု သို့မဟုတ် အသစ်တည်ဆောက်မှုအတွင်း လိုက်နာရမည့်စံနှုန်းနှင့် စည်းမျဉ်းများကို မလိုက်နာဘဲ ရေသာခို၍ ဆောက်လုပ်ပါက ထိုအဆောက်အဦများသည် နောင်တွင် ဖျက်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်လျှင် အလွယ်တကူပြိုကျ၊ ပျက်စီးဖွယ်ရှိသည်။ မြန်မာပြည်အလယ်ပိုင်းကို မြောက်မှတောင်သို့ ကန့်လန့်ဖြတ်၍ တည်ရှိနေသော စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးမြို့အတွက် ထိုအန္တရာယ်က အမြဲရှိနေသည်။

“ကျနော်တို့က အဆောက်အဦတွေ ဆောက်တဲ့အခါ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် earthquake resistant design ရှိဖို့ လိုအပ်တယ်။ ငလျင်ပြတ်ရွေ့တွေနဲ့နီးတဲ့နေရာတွေမှာ အဆောက်အဦတွေ ဆောက်ကြမယ်ဆိုရင် ဘယ်လိုတွေ ဆောက်ကြမလဲ ဆိုတာကို နိုင်ငံတကာနည်းတွေကို လေ့လာဖို့ တိုက်တွန်းလိုတယ်”ဟု ပါမောက္ခဦးမျိုးသန့်က ပြောသည်။

သို့သော် အမြစ်တွယ်နေသည့် အကျင့်ပျက်ခြစားမှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် အရည်အသွေးပြည့် ဆောက်လုပ်ရေးပစ္စည်းများ ရှားပါးမှုတို့ကြောင့် ဦးမျိုးသန့်ပြောသည့် အခြေအနေမျိုးက ဖြစ်နိုင်ခြေနည်းပါးကြောင်း အင်ဂျင်နီယာများက ဖရွန်တီးယားသို့ ပြောသည်။ စစ်ကောင်စီ၏ နိုင်ငံခြားအရန်ငွေ စုဆောင်းရန် ရည်ရွယ်ကာ သွင်းကုန်များကို ကန့်သတ်ထားမှုကြောင့် အရည်အသွေးမီဆောက်လုပ်ရေးပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်နေသည်။

မြန်မာနိုင်ငံတွင် ၁၅နှစ်ကြာ အလုပ်လုပ်ခဲ့သော်လည်း ယခုအခါ ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဒီဇိုင်းအင်ဂျင်နီယာ ကိုအောင်မြတ်သူက အာဏာသိမ်းမှုအလွန် စီးပွားရေးကျပ်တည်းမှုနှင့် စစ်ကောင်စီ၏ ဖိနှိပ်ချုပ်ချယ်မှုတို့ကြောင့် ၎င်း၏မိတ်ဆွေ အင်ဂျင်နီယာအများအပြားသည် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချခဲ့ကြောင်း ဆိုသည်။ 

ပို၍ငယ်ရွယ်သော အင်ဂျင်နီယာအများစုကလည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲဝင်ရမည်ကို စိုးရိမ်သဖြင့် ပြည်တွင်းမှ ထွက်ခွာရန် ကြိုးပမ်းနေကြသည်။ ထိုဥပဒေအရ အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ မည်သည့် အမျိုးသားမဆို စစ်မှုထမ်းရမည်ဖြစ်သည်။

“အရင်ခေတ်ကဆိုရင်တော့ လုပ်နိုင်ကိုင်နိုင်စွမ်းက များပါတယ်။ ပြည်တွင်းမှာ ပြည့်အင်အားက များခဲ့တယ်လေ”ဟု ကိုအောင်မြတ်သူက ဖရွန်တီးယားသို့ ပြောသည်။

“ကျနော်တို့က နည်းပညာတွေကို အဝေးကနေ ပေးနိုင်ပေမဲ့ မြေပြင်မှာ အကောင်အထည်ဖော်ဖို့တော့ ကျွမ်းကျင်လုပ်သားတွေ မရှိတာနဲ့တင် တော်တော်လေးကို ခက်ခဲမယ့်အနေအထားပါ”

ကိုသားညီကလည်း အားတက်ဖွယ်မရှိသော ထိုဆန်းစစ်ချက်ကို သဘောတူသည်။

“ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့အဆောက်အအုံတွေကို ပြင်ဆင်တာ အသစ်ဆောက်တာထက် ပိုခက်တယ်ဗျ။ အင်ဂျင်နီယာဆိုတာနဲ့ ဒီလိုပြင်တတ်တဲ့ပညာရှိနေတာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

“ငလျင်အင်ဂျင်နီယာဘာသာရပ်ကို လေ့လာဖူးတဲ့ အရည်အချင်းရှိအင်ဂျင်နီယာတွေလောက်ပဲ လုပ်နိုင်တာ။ ဒီဘာသာရပ်ကလည်း ဘွဲ့လွန်အဆင့်မှာပဲ သင်ယူလို့ရတာ။ အခုကျတော့ အတွေ့အကြုံ နည်းနည်းပဲရှိပြီး ဘာမှမသိတဲ့ အင်ဂျင်နီယာတွေက ပြင်ဆင်မှုတွေကို ဝင်လုပ်နေကြတယ်”ဟု ကိုသားညီက ဆက်ပြောသည်။

အကျင့်ပျက်ခြစားမှုများနှင့် ကြီးကြပ်အုပ်ချုပ်မှုအပိုင်းတွင် တတ်ကျွမ်းနားလည်မှု နည်းပါးခြင်းတို့ကြောင့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များအတိုင်း ဆောက်လုပ်ရေးလုပ်ငန်းများကို ကွပ်ကဲမှု အားနည်းနေသည်။ မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်သည့် ထိုဆောက်လုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ၂၀၂၀တွင် တရားဝင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုလမ်းညွှန်ချက်များတွင် ဒီဇိုင်းတည်ဆောက်ပုံ ခိုင်ခံ့မှု၊ ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုနှင့် အခြားသဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်မှု စသည်တို့နှင့်ပတ်သက်သည့် လိုက်နာရန်လိုအပ်သော စံချိန်၊ စံညွှန်းများ ပါဝင်သည်။

သို့သော် ထိုအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ(၂၀၂၀)တွင် စာမျက်နှာပေါင်း ၁,၀၀၀ ကျော်ပါဝင်ပြီး စည်ပင်သာယာရေးကော်မတီကဲ့သို့ အာဏာပိုင်အဖွဲ့အစည်းများအတွက် နားလည်ရန် မလွယ်ကူသော  ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများ ပြည့်နှက်နေသည်။ ထိုလမ်းညွှန်ချက်များ ရေးဆွဲရာတွင် ကူညီပေးခဲ့သည့် ကုလသမဂ္ဂအဖွဲ့များနှင့် အခြားပြည်ပမိတ်ဖက်အဖွဲ့အစည်းများက လိုအပ်သည့် ပညာရပ်ဆိုင်ရာ အထောက်အပံ့နှင့် သင်တန်းများပေးရန် အစီအစဉ်ရှိခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ထိုကိစ္စအားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရသည်။​

မန်းမြို့တော်စည်ပင်သာယာရေးကော်မတီက အထပ်မြင့်အဆောက်အဦများ တည်ဆောက်ရာတွင် လမ်းညွှန်ချက်များအား လိုက်နာမှုရှိ၊ မရှိ စစ်ဆေးခဲ့သော်လည်း အထပ်နိမ့်အဆောက်အဦအများစုကိုမူ စစ်ဆေးခြင်းမရှိဟု ကိုသားညီက ဆိုသည်။

မန္တလေးမြို့ရှိ ပြိုကျပျက်စီးသွားသော အဆောက်အဦများအနီး စက်ဘီးစီး၍ဖြတ်သန်းသွားလာနေသော လူတစ်ဦးကို ဧပြီ၂ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

စျေးပေါလေလေ ပိုသတိထားရလေလေ

မြန်မာလူမျိုးများသည် အိမ်ဆောက်ရာတွင် အများအားဖြင့် ပန်းရန်နှင့် လက်သမားများကိုသာ ငှားရမ်းကြလေ့ရှိသည်။ ၎င်းတို့သည် ဆောက်လုပ်ရေးအတတ်ပညာကို လုပ်ငန်းခွင်များတွင် အလုပ်သင်များအဖြစ် ဝင်ရောက်လုပ်ကိုင်၍သာ လေ့လာသင်ယူကြသည်။ အလယ်အလတ်နှင့် အထပ်မြင့်များမှအပ ကျန်အဆောက်အဦများကို တာဝန်ယူ တည်ဆောက်သည့် ဆောက်လုပ်ရေးအဖွဲ့များတွင် များသောအားဖြင့် လိုင်စင်ရ အင်ဂျင်နီယာ သို့မဟုတ် ဗိသုကာပညာရှင်များ မပါဝင်ကြပေ။

အစဉ်အလာအားဖြင့် ဆောက်လုပ်ရေးသမားများအဖြစ် အများကအားထားသည့် ထိုပန်းရန်နှင့် လက်သမားများကို အာဏာပိုင်များက စတင်၍ ကြပ်မတ်သင့်ကြောင်း ဒီဇိုင်းအင်ဂျင်နီယာ ကိုအောင်မြတ်သူက သူ၏အမြင်ကိုဆိုသည်။  ၎င်းတို့၏ ဆောက်လုပ်ရေးဆိုင်ရာ တတ်ကျွမ်းနားလည်မှုနှင့် အရည်အချင်းကို အကဲဖြတ်ပြီး အသိအမှတ်ပြုလိုင်စင်များ ထုတ်ပေးသင့်သည်ဟု ၎င်းက ဆိုသည်။

သာမန်ဆောက်လုပ်ရေးလုပ်ငန်းများသည် မြို့ပြနေ အခြေခံလူတန်းစားအတွက် စားဝတ်နေရေး ဖူလုံရန် အလုပ်အကိုင်တစ်ခု ဖြစ်သော်လည်း ၎င်းတို့ကို ကြီးကြပ်မှုမရှိခြင်းက မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးကဏ္ဍကို ယခင်နှစ်ပေါင်းများစွာ ကတည်းက ထိခိုက်စေခဲ့သည် ဟု ၎င်းက ပြောသည်။ မတ်၂၈ရက် ငလျင်အတွင်း ပြိုကျခဲ့သည့် အဆောက်အဦ အများစုသည် ပန်းရန်နှင့် လက်သမားဆရာများ ဆောက်လုပ်သည့် အထပ်နိမ့်အိမ်များဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

သို့သော် လိုင်စင်ရဆောက်လုပ်ရေးကုမ္ပဏီဟု ဆိုတိုင်းလည်း ယုံကြည်၍မရသည့် အခြေအနေတွင် ရှိနေသည်။ မတ်၂၈ရက် ငလျင်နောက်ပိုင်း ဆောက်လုပ်ရေးကုမ္ပဏီသစ်များ သံသယဖြစ်ဖွယ် အရှိန်အဟုန်ဖြင့် မန္တလေးမြို့အတွင်း မှိုလိုပေါက် ပေါ်ထွက်လာကြပြီး ဝန်ဆောင်မှုများကိုလည်း စျေးပေါပေါဖြင့် အပြိုင်အဆိုင် ကမ်းလှမ်းနေကြောင်း မြို့ခံများက ဆိုသည်။

မန္တလေးမြို့၊ အချက်အချာကျသည့်နေရာတွင်ရှိသော ချမ်းအေးသာဇံမြို့နယ်ရှိ ဒေသခံတစ်ဦးကမူ ၎င်း၏ အိမ်ကိုပြန်လည် တည်ဆောက်ရန် ရွေးချယ်ရာတွင် စိတ်ရှုပ်ဖွယ်ကောင်းသော ကမ်းလှမ်းမှုများ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

“ကုမ္ပဏီလေးခုကို စုံစမ်းကြည့်တာ စျေးတွေက အမျိုးမျိုးဖြစ်နေတယ်”ဟု အဆိုပါ အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။ “ကျမလိုချင်တဲ့ အသေးစိတ်ကို တပုံစံထဲပဲ သူတို့ကို ပြောပြတာပဲ။ ဒါပေမဲ့ သူတို့တွက်ချက်ပေးတဲ့ ဈေးက ကျပ် သိန်း၁,၁၀၀ ကနေ သိန်း ၁,၇၀၀အထိ ကွာဟနေတယ်”ဟု ၎င်းက ပြောသည်။

“စီးပွားရေး ကျပ်တည်းတဲ့အချိန်မျိုးမှာ အိမ်ပိုင်ရှင်တွေကတော့ များသောအားဖြင့် စျေးပိုသက်သာတဲ့ ကန်ထရိုက်တွေကို ပိုစိတ်ဝင်စားကြတယ်”ဟု ကိုသားညီက ပြောသည်။ သို့သော် ဆောက်လုပ်ရေးကုန်ကြမ်း ပစ္စည်းဈေးနှုန်းနှင့် အလုပ်သမားများကို ပေးရသည့် လက်ခဈေးနှုန်း မြင့်တက်နေစဉ်တွင် စျေးသက်သက်သာသာဖြင့် ချဉ်းကပ်လာသည့် ကမ်းလှမ်းမှုမျိုးကို သတိကြီးကြီးထားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

“ကျနော်တွေ့ဖူးတာဆိုရင် အဆိုးဆုံးအနေနဲ့ ကွန်ကရစ်နံရံတွေထဲမှာ သံချောင်းတွေ့ထည့်ရမယ့်အစား ဝါးလုံးတွေ ထည့်ဆောက်ခဲ့တာတွေ တွေ့တယ်။ အဆောက်အအုံတွေ ပြိုမှပဲ ဒါတွေကိုတွေ့ရတတ်တော့ အိမ်ပိုင်ရှင်က အစပိုင်းမှာ ဘယ်သိမလဲလေနော်”ဟု ၎င်းက ဆက်ပြောသည်။

မည်သည့်အဖွဲ့ကို ငှားရမ်းသည်ဖြစ်စေ အိမ်ပိုင်ရှင်များအနေဖြင့် ထိုအဖွဲ့များနှင့် ပတ်သက်မှုမရှိသည့် အင်ဂျင်နီယာတစ်ဦးကို သီးသန့်ငှားရမ်း၍ ၎င်းတို့၏ တည်ဆောက်မှုများသည် ဆောက်လုပ်ရေး အခြေခံစံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိနှင့် စာချုပ်တွင် ဖော်ပြသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပြင်ပတွင် အမှန်တကယ် အသုံးပြုခြင်းရှိ၊ မရှိတို့ကို အကဲဖြတ် စစ်ဆေးစေသင့်ကြောင်း ကိုသားညီက အကြံပြုသည်။

“အရည်အသွေးနိမ့် အဆောက်အဦတွေက ချိန်ကိုက်ဗုံးတွေလိုပဲ ပြီးခဲ့တဲ့ငလျင်မှာ ကျနော်တို့ ကြုံလိုက်ရပြီးပြီ။ ဒါကြောင့် လူတွေကို ထပ်တူညီတဲ့အမှားမျိုး ထပ်မလုပ်စေချင်ပါဘူး”ဟု ၎င်းက ပြောသည်။

“အစိုးရက ကျနော်တို့ကို မကာကွယ်နိုင်တဲ့ကာလမှာ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်စောင့်ရှောက်ရမှာ”

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.