ရဲမွန်
နေပြည်တော်တွင် ကျင်းပနေသည့် ၂၁ ရာစုပင်လုံ၊ တတိယအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယ ဥက္ကဋ္ဌ ဦးပေါက်ယူရိသည် အပူရှပ်သည့် ဝေဒနာကြောင့် နေပြည်တော် ကုတင် (၁၀၀၀)ဆံ့ ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံနေရသည်ဟု UWSA၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောသည်။
၎င်းအား ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ၎င်းတည်းခိုရာဟိုတယ်ဖြစ်သည့် Horizon Lakeview မှ နေပြည်တော်ကုတင် (၁၀၀၀)ဆံ့ ဆေးရုံသို့ အရေးပေါ်ပို့ဆာင်ခဲ့ရခြင်း ဖြစ်သည်။
”အပူရှပ်ပြီး ဖြစ်တာပါ။ အခုသက်သာသွားပါပြီ” ဟု ဦးညီရန်းက ပြောသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဥက္ကဋ္ဌ ဦးပေါက်ယူရိသည် အခြားခေါင်းဆောင်များနှင့်အတူ ဇူလိုင် ၁၀ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြသည်။ ထို့နောက် ဇူလိုင် ၁၁ ရက်နေ့တွင် ကျင်းပသည့် ညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး အဆိုပါနေ့တွင်ပင် KIA၊ NDAA (မိုင်းလား)နှင့် SSPP ခေါင်းဆောင်များနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံစဉ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။